အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပိုးမွှားမကင်းရှင်းဟုဆိုကာ မြန်မာ့ဆန်တန်ချိန် ၂၅၀ ကို ပိုလန်တွင် ရောင်းချမှုတားမြစ်

မြန်မာ့ဆန်တန်ချိန် ၂၅၀ တွင် ပိုမွှားအကြွင်းအကျန်များစွာ တွေ့ရပြီးနောက် ရောင်းချမှုတားမြစ်ကြောင်း ပိုလန်၏ အစားအသောက်အရည်အသွေးစစ်အဖွဲ့က ကြေညာသည်။

မြန်မာနိုင်ငံမှ တင်သွင်းထားသော ဆန်တန်ချိန် ၂၅၀ တွင် ပိုးမွှားအကြွင်းအကျန်ပါရှိသည်ဟုဆိုကာ နိုင်ငံအတွင်း ရောင်းချမှုပိတ်ပင်လိုက်သည်ဟု ဥရောပသမဂ္ဂ (အီးယူ) အဖွဲ့ဝင် ပိုလန်နိုင်ငံ၏ စိုက်ပျိုးရေးနှင့် အစားအသောက် အရည်အသွေးစစ်ဆေးရေးအဖွဲ့ (IJHARS) က ယခုလ ၉ ရက် (ဗုဒ္ဓဟူး) နေ့တွင် ထုတ်ပြန်ကြေညာသည်။

နိုင်ငံမြောက်ပိုင်း ဘောလ်တစ်ပင်လယ်ကမ်းခြေရှိ သမိုင်းဝင် ဆိပ်ကမ်းမြို့ကြီးတစ်ခုဖြစ်သော ဂဒါးညက်စ်ခ်မြို့သို့ရောက်ရှိလာသော အဆိုပါ မြန်မာ့ဆန်တန်ချိန် ၂၅၀ တွင် ပိုးမွှားအကြွင်းအကျန်များစွာ တွေ့ရပြီးနောက် ရောင်းချမှုတားမြစ်ကြောင်းကို ယင်းအဖွဲ့၏ X လူမှုကွန်ရက်စာမျက်နှာတွင် ပိုလစ်ဘာသာဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

“ပိုးမွှားအသေများစွာနှင့် ၎င်းတို့အကြွင်းအကျန်များ ရှိနေခြင်းကြောင့် မြန်မာနိုင်ငံမှ တင်သွင်းထားသော ဆန်တန်ချိန်စုစုပေါင်း ကီလိုဂရမ် ၂၅၀,၀၀၀ ကို ဈေးကွက်အတွင်း ရောင်းချခြင်းကို တားမြစ်” သည်ဟု အဆိုပါ ကြေညာချက်တွင် ပါရှိသည်။

ထိုသို့ထုတ်ပြန်ပြီးပြီးချင်း တားမြစ်မိန့်အသက်ဝင်မည်ဖြစ်သည်။ ဆန်တန်ချိန် ၂၅၀ နှင့်ပတ်သက်၍ ဆိပ်ကမ်းများသို့ ရောက်ရှိလာသော အချိန်၊ နေ့ရက်နှင့် အခြေအနေအသေးစိတ်မပါရှိသလို နောက်လာမည့် မြန်မာဆန်များအပေါ်ကို မည်ကဲ့သို့သက်ရောက်မည်ကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ယခုလို ပိတ်ပင်ခံရသည့် သတင်းကို သိရှိထားပြီး အခြေအနေအသေးစိတ်ကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ အမည်မဖော်လိုသည့် ထိပ်တန်းတာဝန်ရှိသူ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

ကနဦးသတင်းများအရ ပိုးမွှားမကင်းရှင်းဟုဆိုသည့် ထိုဆန်များသည် ဂဒါးညက်စ်ခ်မြို့ ဆိပ်ကမ်းတွင် ဆန်သင်္ဘောဆိုက်ကပ်လျှင် ဆိုက်ကပ်ချင်း တွေ့ရှိခြင်းမဟုတ်ဘဲ ဈေးကွက်ထဲတွင်တွေ့ရှိခြင်းဖြစ်သည်ဟု သိရကြောင်း၊ ရန်ကုန်ဆိပ်ကမ်းမှထွက်ခွာချိန်၊ သင်္ဘောခရီးကြာမြင့်ချိန်နှင့် ဈေးကွက်အတွင်း ရောက်ရှိချိန်များကို ပြန်လည်စုံစမ်းနေကြောင်း၎င်းက ပြောသည်။

“ဓာတ်ခွဲခန်းတွေရဲ့ စစ်ဆေးတဲ့ဟာနဲ့ သွား(တင်ပို့) ရတာပေါ့နော်။ ဒါကြောင့်မို့လို့ အစ်ကိုတို့ မြန်မာပြည်က ရောင်းတဲ့သူတွေရဲ့တာဝန်ကလည်း မြန်မာဆိပ်ကမ်းမှာတင် တာဝန်ကပြီးသွားပြီ။ နောက်ပြီး ရန်ကုန်ကနေ ဥရောပဆီရောက်ဖို့ဆိုတာက တခါတလေကျရင် ပင်လယ်ရေကြောင်းအခြေအနေတွေအရ နှစ်လ၊ သုံးလကြာတယ်” ဟု သူက ပြောသည်။

“တခါ သူ့ဆိပ်ကမ်းကနေ သူ့ရဲ့ Distribution System (ဖြန့်ဖြူးရောင်းချမှုစနစ်) ထဲမှာ အခုနက သူပြောတဲ့ ဂဒါးညက်စ်ခ်ဆိုတဲ့မြို့ကိုရောက်ဖို့က ဘယ်လောက်ကြာလဲမသိဘူးပေါ့နော်။ နောက်ပြီးတော့ သူတို့ဂိုဒေါင်ထဲမှာ ဘယ်လောက်ကြာလဲဆိုတာလည်း မသိဘူး” ဟု သူက ဆက်ပြောသည်။ ဖြန့်ဖြူရေးစနစ်အတွင်းကြာချိန်ကို ပြန်လေ့လာရမည်ဟု ဖြည့်စွက်ပြောသည်။ 

ပိုလန်နိုင်ငံသည် မြန်မာနိုင်ငံက ဆန်အများဆုံးတင်ပို့သည့် နိုင်ငံ ၁၅ နိုင်ငံထဲတွင်ပါဝင်ပြီး ၂၀၂၅-၂၆ ဘဏ္ဍာနှစ်တွင် ပိုလန်နိုင်ငံသို့ မြန်မာ့ဆန်တန်ချိန် ၅၇,၈၉၉ တင်ပို့ခဲ့ကြောင်း၊ ထိုနှစ်အတွင်း တရုတ်၊ မာဒါဂတ်စကာ၊ ဖိလစ်ပိုင်နှင့် စပိန်နိုင်ငံပြီးလျှင် ပဥ္စမမြောက်အကြီးဆုံး ဆန်ဝယ်လက်နိုင်ငံဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ စာရင်းများအရသိရသည်။ 

ထိုဘဏ္ဍာနှစ်တွင် မြန်မာဆန်နှင့် ဆန်ကွဲ ပြည်ပတင်ပို့မှုစုစုပေါင်းတန်ချိန် ၂ ဒသမ ၇ သန်းကျော်ရှိပြီး အမေရိကန်ဒေါ်လာ ၈၆၁ သန်းရရှိခဲ့ကြောင်း ထိုစာရင်းများတွင် တွေ့ရသည်။ 

ပိုလန်သည် ထိုင်း အော်ဂင်းနစ် ဂျက်စမင်ဆန် တန်ချိန် ၄၀ ကို ယာယီရပ်ဆိုင်းထားရန် ဩဂုတ်လအတွင်းက ညွှန်ကြားခဲ့ဖူးသည်။ သို့သော် ယခု မြန်မာဆန် တန် ၂၅၀ ကိစ္စမှာလို ပိုးမွှားတွေ့ရှိမှုကြောင့် မဟုတ်ဘဲ အီးယူ၏ အော်ဂင်းနစ် အသိအမှတ်ပြုစံချိန်စံညွှန်း (EU Organic Certification Standard) ပိုင်းတွင် လိုက်နာရမည့် စာရွက်စာတမ်းမပြည့်စုံမှုကြောင့် ဖြစ်သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles