အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

RCSS ဖမ်းဆီးထားသည့် PNLO တပ်ဖွဲ့ဝင်များ PNO နှင့် စစ်တပ်ထံ လွှဲပေးခြင်း မဖြစ်သင့်ဟုဆို

RCSS က PNLO တပ်ဖွဲ့ဝင်များကို စစ်တပ်နှင့် PNO ပြည်သူ့စစ်ထံ လွှဲပြောင်းပေးလိုက်ခြင်းသည် တော်လှန်ရေးအဖွဲ့အချင်းချင်းကြား မဖြစ်သင့်သည့် ကိစ္စဖြစ်ကြောင်း PNLO သတင်းရင်းမြစ်အချို့က Myanmar Now ကိုပြောသည်။

RCSS က ယာယီထိန်းသိမ်းထားသည့် PNLO တပ်ဖွဲ့ဝင်များကိုစစ်တပ်နှင့် PNO ပြည်သူ့စစ်ထံ လွှဲပြောင်းပေးလိုက်ခြင်းသည် တော်လှန်ရေးအဖွဲ့အချင်းချင်းကြား မဖြစ်သင့်သည့် ကိစ္စဖြစ်ကြောင်း PNLO သတင်းရင်းမြစ်အချို့က Myanmar Now ကိုပြောသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) သည် ၎င်းတို့ ယာယီထိန်းသိမ်းထားသည့် PNLO တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် စုစုပေါင်း ၇၈ ဦးထဲမှ ၆၄ ဦးကို ဩဂုတ်လ ၃၁ ရက်တွင် လွှဲပြောင်းပေးလိုက်ကြောင်း PNLO အရာရှိအချို့က ပြောသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များသည် မည်သည့် တပ်ဖွဲ့ထံမှ ဝင်ရောက်လိုခြင်းမရှိဘဲ အရပ်သားဘဝဖြင့် နေထိုင်လုပ်ကိုင်စားသောက်လိုသည်ဟု ပြောသဖြင့် ၎င်းတို့ ဆန္ဒအရ လွှဲပြောင်းပေးရသည်ဟု RCSS ဘက်က PNLO ထံ အကြောင်းပြန်လာကြောင်း PNLO အရာရှိအချို့က ဆိုသည်။

ဖြစ်စဉ်မှာ PNLO ၏ တပ်ရင်းအမှတ် P-2124 မှ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် ၇၈ ဦးသည် ရှမ်း-ကယားနယ်စပ်မှ တဆင့် မောက်မယ်မြို့နယ် ကဒူးကြီးဒေသဘက်သို့ လက်နက်ခဲယမ်းများဖြင့်လာစဉ် RCSS တပ်မဟာ (၇၅၉) လက်အောက်ခံတပ်ဖွဲ့ဝင်များနှင့် ဩဂုတ်လ ၂၄ ရက်တွင် တွေ့ဆုံကာ ယာယီထိန်းသိမ်းခံလိုက်ရခြင်းဖြစ်ကြောင်း PNLO ဘက်ကပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၇၈ ဦးပါ PNLO အဖွဲ့ကို တပ်ရင်း၏ တပ်ရင်းမှူး ဗိုလ်မှူးကာမို့နှင့် ဗိုလ်ကြီးကွာတို့က ဦးဆောင်လာခြင်းဖြစ်သည်။

ဗိုလ်မှူးကာမို့၏ အထက်အရာရှိမှာအသက် ၄၀ ကျော်အရွယ် ယာယီဒုစစ်ဦးစီးမှူး ဗိုလ်မှူးဘန်ကြူဖြစ်သည်။

ဗိုလ်မှူးဘန်ကြူအပါအဝင် တပ်ဖွဲ့ဝင်ခြောက်ဦးသည် ဩဂုတ်လ ၂၃ ရက်တွင် အရင်ဦးစွာ ကဒူးကြီးမြို့နယ် ဘန်းမက်ရွာသို့ ထွက်ခွာလာပြီး PNO ထံလက်နက်ချလိုက်ကြောင်း PNLO ဘက်ကဆိုသည်။

PNLO ဘက်က RCSS ဥက္ကဋ္ဌထံ ပို့သည့် စာ ၁။
PNLO ဘက်က RCSS ဥက္ကဋ္ဌထံ ပို့သည့် စာ ၂။

ထို့နောက်ကျန်ရှိသည့် PNLO ၏ တပ်ရင်းအမှတ် P-2124 မှ ဗိုလ်မှူးကာမို့ ဦးဆောင်သည့် တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၇၈ ဦးတို့ကလည်း ဗိုလ်မှူးဘန်ကြူနောက်သို့လိုက်စဉ် RCSS တပ်မဟာ (၇၅၉) လက်အောက်ခံတပ်ဖွဲ့ဝင်များနှင့် တိုးကာ ယာယီထိန်းသိမ်းခံလိုက်ရကြောင်း PNLO အရာရှိအချို့က ပြောသည်။

ဗိုလ်မှူးကာမို့ဦးဆောင်သည့် လူ ၇၈ ဦးအဖွဲ့သည် ဗိုလ်မှူးဘန်ကြူတို့အဖွဲ့လက်နက်ချသည်ကို မသိဘဲ ဗိုလ်မှူးဘန်ကြူက ဆင့်ခေါ်သဖြင့် လိုက်ပါသွားခြင်းဖြစ်သည်ဟု PNLO အရာရှိများက ယုံကြည်ကြသည်။

ဗိုလ်မှူးကာမို့ဦးဆောင်သည့် ၇၈ ဦးအဖွဲ့ ထိန်းသိမ်းခံရစဉ် RCSS တပ်မဟာ (၇၅၉) မှ အဆင့်မြင့်အရာရှိတစ်ဦးက PNLO ရဲဘော် နှင့် မိသားစုဝင်အများအပြား လက်နက်များဖြင့် ခရီးသွားနေကြောင်း ၊ စစ်တပ်ထံလက်နက်ချမည်ကို စိုးရိမ်သောကြောင့် လက်နက်ဖြုတ်က၍ ယာယီထိန်းသိမ်းထားရကြောင်း ကယား (ကရင်နီ) ပြည်နယ်အခြေစိုက် ကရင်နီတပ်မ‌တော် (KA) ၏ အရာရှိတစ်ဦးမှတဆင့် PNLO ထံဆက်သွယ်လာကြောင်း PNLO ထံကသိရသည်။

KA သည် ကရင်နီတွင်အစဉ်အလာကြီးသည့် ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ (KNPP) ၏ လက်နက်ကိုင်တပ်ဖြစ်ပြီး ကရင်နီတွင် စစ်တပ်ကို တိုက်ခိုက်နေသည့် လက်နက်ကိုင်တပ်ဖြစ်သည်။ PNLO နှင့်လည်း စစ်ရေးအရ ပူးပေါင်းနေသည့် လက်နက်ကိုင်တပ်ဖြစ်သည်။

PNLO ဘက်ကလည်း ကရင်နီတပ်မတော် (KA) မှတဆင့် RCSS ထိန်းသိမ်းထားသူများကို ပြန်လာခေါ်မည်ဟု ဩဂုတ်လ ၂၆ ရက်တွင် RCSS တပ်မဟာ (၇၅၉) ထံအကြောင်းပြန်ခဲ့ကြောင်း ၊ ကြားကာလတွင် RCSS ဘက်က ထိန်းသိမ်းထားသော PNLO တပ်ဖွဲ့ဝင်များနှင့် PNLO ဗဟိုမှ အရာရှိများထံ အဆက်အသွယ်လုပ်ခွင့်မပေးခဲ့ကြောင်း PNLO ဘက်ကဆိုသည်။

ဗိုလ်မှူးကာမို့ ဦးဆောင်သည့် PNLO တပ်ရင်းအမှတ် P-2124 တွင် Type -81 ရိုင်ဖယ် ၄၇ လက်၊ စနိုက်ပါ တစ်လက် ၊ ပခုံးထမ်း ဗုံးပစ်လောင်ချာ RPG  တစ်လက်နှင့် ၇၅ မီလီမီတာ ဗုံးပစ်လောင်ချာ နှစ်လက်ပါဝင်ပြီး အဆိုပါလက်နက်များကို RCSS ဘက်က သိမ်းယူလိုက်ကြောင်း PNLO က ပြောသည်။

ထို့နောက် ဩဂုတ်လ ၂၇  ရက်တွင် RCSS ၏ Tai Freedom သတင်းဌာနမှတဆင့် RCSS ထံ လက်နက်ချအလင်းဝင်လာသူ ၇၈ ဦးအား တစ်ဦးလျှင် ကျပ်ငွေ ငါးသိန်းဆီပေးခဲ့သည်ဟု သတင်းထုတ်ပြန်လာသည်။

ယင်းနောက် လေးရက်အကြာ ဩဂုတ် ၃၁ ရက်တွင် PNO နှင့် စစ်တပ်ထံ တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၆၄ ဦး၊ လက်နက် ၃၇ လက်တို့အား RCSS ဘက်က လက်လွှဲပေးလိုက်ကြောင်း PNLO ဘက်က ပြောသည်။

PNO နှင့် စစ်တပ်ဘက်က ငွေကျပ် သိန်း ၃၀၀၀ ပေးသောကြောင့် RCSS ဘက်က ထိန်းသိမ်းထားသည့် PNLO တပ်ဖွဲ့ဝင်များ လွှဲပေးခြင်းဖြစ်နိုင်သည်ဟု ရှမ်းမြောက်အခြေစိုက် ရွှေဖီမြေသတင်းဌာနက ရေးသားသော်လည်း Myanmar Now က သီးခြားအတည်မပြုနိုင်ပေ။

ဖြစ်စဉ်ကို ပိုမို၍ တိတိပပသိနိုင်ရန် RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးခမ်းစံ ထံ Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ယခုသတင်းရေးသားချိန်အထိ ပြန်မဖြေပေ။

စစ်တပ်လက်အောက်ခံ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပြည်သူ့စစ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခွန်ဆန်းအောင်ကမူ PNLO တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များကို RCSS တပ်မဟာ ၇၅၉ ဘက်က လွှဲပြောင်းပေးလာသဖြင့် လက်ခံခဲ့ကြောင်း Myanmar Now ကို ပြောသည်။

သို့သော် PNO လက်ခံသည့် လူအရေအတွက်မှာ PNLO ဘက်ကပြောသလို လူ စုစုပေါင်း ၆၄ ဦးမဟုတ်ဘဲ ၇၈ ဦးဟု ဆိုသဖြင့် လူအရေအတွက် ကွဲလွဲနေသည်။

PNLO တပ်ဖွဲ့ဝင်များရနိုင်ရန် RCSS ထံ သိန်းပေါင်း ကျပ် ၃၀၀၀ ပေးရသည်ဆိုသည့် အချက်မှာ မမှန်ကန်ကြောင်း ဗိုလ်မှူးခွန်ဆန်းအောင်က ငြင်းဆိုသည်။

“အဲဒါကတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ဘက်က တပြားတချပ်မှလည်းမပေးရဘူး” ဟု ဗိုလ်မှူးခွန်ဆန်းအောင်က ပြောသည်။

လက်နက်ချလာသည့် လူများထဲမှ တပ်ဖွဲ့ဝင်များကိုမူ နောက်တစ်ကြိမ် လက်နက်ကိုင်တော်လှန်ခြင်းမပြုပါဆိုသည့် ခံဝန်ကတိထိုးခိုင်းခဲ့ပြီး မိသားစုဝင်များမှာမူ ခံဝန်ထိုးစရာမလိုကြောင်း PNO ဘက်ကဆိုသည်။

“ပြန်လာတုန်းက သူတို့မှာ ကိုယ်ပေါ်က အဝတ်အစားပဲရှိတယ်။ အဲဒါတွေကို ကျွန်တော်တို့ဘက်က ဖြည့်ဆည်းပေးတယ်။ ဖိနပ်တွေဝယ်ပေးတယ်။ အနေအထိုင်ကလည်း အေးအေးဆေးဆေးပဲ။ မနေ့က ၁၀ ရက်နေ့မှာတော့ သူတို့ဇာတိရွာတွေဆီအကုန်ပြန်သွားကြပါပြီ။ ပြင်တော်တို့ ဟော်နန်း စတဲ့ ရွာတွေဆီပြန်သွားကြပါပြီ” ဟု ဗိုလ်မှူးခွန်ဆန်းအောင်က ပြောသည်။

စစ်တပ်ဘက်ကမူ PNLO တပ်ဖွဲ့ဝင် ၃၇ ဦးသည် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ) ထံ လက်နက်ချလာကြောင်း စက်တင်ဘာ ၁၀ ရက်တွင် သတင်းထုတ်ပြန်သည်။

လက်နက်ချသူများထဲတွင် PNLO အပြင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ် (DPLA) တပ်ဖွဲ့ဝင် ခြောက်ဦး ၊ အင်းလေး PDF တပ်ဖွဲ့ဝင် ၁၀ ဦး၊ ယင်းမာပင် PDF သုံးဦး ၊ KNDF နှစ်ဦး ၊ ဖယ်ခုံ PDF နှင့် လွိုင်ကော် PDF တစ်ဦးစီပါဝင်ကြောင်း စစ်တပ်ထိန်းချုပ်ထားသည့် မြန်မာ့အလင်းသတင်းစာတွင် ရေးသားသည်။

ဆုံးရှုံးမှု ကြီးသည့် PNLO

တပ်ဖွဲ့ဝင် ၇၀ ကျော် စစ်တပ်ထံရောက်သွားသဖြင့် ဆုံးရှုံးမှုကြီးမားစွာကြုံလိုက်ရသူမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO အဖွဲ့ပင်ဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရှမ်းပြည်နယ်တောင်ပိုင်းအထိ မဟာဗျူဟာမြောက် ထောက်ပို့လမ်းကြောင်းကို ဖွင့်နိုင်ရန် ဆီဆိုင်ဒေသ၌ ထိုးစစ် ဆင်နွှဲနိုင်ခဲ့သည့် PNLO မှာ တပ်ဖွဲ့ဝင်အများအပြားနှင့် လက်နက်များဆုံးရှုံးသွားသဖြင့် အထိနာရကြောင်း PNLO တပ်ဖွဲ့ဝင်အချို့က ပြောသည်။

ယခု ဗိုလ်မှူးဘန်ကြူအပါ တပ်ဖွဲ့ဝင် ခြောက်ဦးလက်နက်ချခြင်းနှင့် ဗိုလ်မှူးကာမို့ ဦးဆောင်သည့် တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၇၈ ဦး PNO နှင့် စစ်တပ်ထံ ရောက်သွားခြင်းသည် တတိယအကြိမ်မြောက် အင်အားယုတ်လျော့ရသည့် ဖြစ်စဉ်ဖြစ်ကြောင်း PNLO ထံက သိရသည်။

ပထမအကြိမ် စစ်တပ်ထံလက်နက်ချခြင်းမှာ ဗိုလ်မှူး မိုးကျော်ဦးဆောင်သည့် PNLO တပ်ဖွဲ့ဝင်များလက်နက်ချခြင်းဖြစ်ပြီး ဒုတိယအကြိမ် စစ်တပ်ထံ လက်နက်ချခြင်းမှာ ခွန်တန်ဦးဆောင်သည့် အဖွဲ့လက်နက်ချခြင်းဖြစ်ကြောင်း PNLO ထံက သိရသည်။

လက်နက်ချမှု သုံးကြိမ် စုစုပေါင်းတွင် အင်အား ၁၀၀ ကျော် ပါသွားကြောင်း PNLO ဘက်က ဆိုသည်။

လက်နက်ချသူများ များပြားသဖြင့် PNLO ထံတွင် တပ်ဖွဲ့ဝင်အင်အား မည်မျှ ဆက်ကျန်နေသနည်းဟု PNLO ဗဟိုကော်မတီဝင်လည်းဖြစ် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းထံ Myanmar Now က မေးမြန်းရာ အဖွဲ့ရပ်တည်နိုင်လောက်သော အင်အားတစုံတရာ ကျန်ပါသေးသည်ဟုဆိုသည်။

ခွန်မြင့်ထွန်းက ၎င်း PNLO ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့စဉ် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ RCSS နှင့် PNLO အကြား သဘောတူညီချက်တစ်စောင် လက်မှတ်ထိုးခဲ့ကြောင်း Myanmar Now သတင်းထောက်များကို ပြောပြသည်။

၂၀၁၇ ခုနှစ် PNLO နှင့် RCSS သဘောတူညီချက်။ (ဓာတ်ပုံ- PNLO)

သဘောတူညီချက်ထဲတွင် RCSS နှင့် PNLO သည် ရှမ်းပြည်နယ်အတွင်း ခြေစိုက်သည့် လက်နက်ကိုင်အဖွဲ့များဖြစ်သလို တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကိုလက်မှတ်ထိုးထားသည့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များဖြစ်သဖြင့် ပြဿနာကြီးငယ်မဟူဖြစ်လာပါက ငြိမ်းချမ်းစွာဆွေးနွေးအဖြေရှာကြမည်ဆိုသည့် အချက် တစ်ချက်ပါဝင်ကြောင်း ခွန်မြင့်ထွန်းက ပြောပြသည်။

“ကျွန်တော်ကလည်း PNLO၊ PNLA ဥက္ကဋ္ဌအနေနဲ့ တပ်ရဲ့အဆင့်ဆင့် ကျွန်တော်တို့က ညွှန်ကြားတာ။ ဗိုလ်ချုပ်ကြီးယွက်ဆစ်ကလည်း အောက်ခြေအဆင့်ဆင့်ကို ညွှန်ကြားတယ်။ အခုဖြစ်သွားတဲ့ ဖြစ်စဉ်က တော်လှန်ရေးတပ်ဖွဲ့တွေအချင်းချင်းကြားမှာ မဖြစ်သင့်မဖြစ်ထိုက်တဲ့ ဖြစ်စဉ်ဖြစ်သလို ၊ ဒါက မလုပ်သင့်မလုပ်ထိုက်တဲ့ လုပ်ရပ်ဖြစ်တယ်” ဟု ခွန်မြင့်ထွန်းက ဆိုသည်။

PNLO အရာရှိအမျိုးသားတစ်ဦးကလည်း တော်လှန်ရေးတပ်ဖွဲ့များ စစ်ရေးအရေးနိမ့်နေစဉ်တွင် တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ဖေးမရမည်ဖြစ်သော်လည်း RCSS ၏ လုပ်ရပ်ကြောင့် ဆုံးရှုံးမှုများရကြောင်းဆိုသည်။

“ကျွန်တော်တို့ အတွက်ကျတော့ နိုင်ငံရေးလည်းထိခိုက်တယ်။ လူအင်အားရော ၊ လက်နက်အင်အားရော ဆုံးရှုံးတယ်။ အထူးသဖြင့်တော့ လူထုတွေရဲ့ယုံကြည်မှု ၊ မဟာမိတ်တွေရဲ့ယုံကြည်မှုပါကျတယ်” ဟု PNLO အရာရှိအမျိုးသားက ပြောသည်။

တပ်ဖွဲ့ဝင်များကို RCSS က PNO  ထံလွှဲပြောင်းလိုက်သည့်နောက် RCSS နှင့်ပတ်သက်၍ မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်မည်ကို PNLO အရာရှိအချို့ကို Myanmar Now က မေးမြန်းခဲ့ရာ RCSS ထံကျန်နေသည့် လူအချို့နှင့် လက်နက် ၁၀ လက်ကို တောင်းဆိုမည်ဟုဆိုသည်။

“ပြန်ရမယ် ၊ မရဘူးကတော့ မသေချာပါဘူး။ ဒါပေမဲ့လည်း ကျွန်တော်တို့ဘက်က စာရေးစရာရှိတာရေးပြီးတောင်း ရမယ်” ဟု အသက် ၄၀ ကျော်အရွယ် PNLO အရာရှိက ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles