အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မင်းတုန်းမြို့နယ် ရိုးမတောင်ခြေကျေးရွာကို ဗုံးကြဲ၍ ကလေးများအပါအဝင် ၆ ဦး သေဆုံး

ရခိုင်ရိုးမနှင့်ဆက်သွယ်ထားသည့် လမ်းကြောင်းပေါ်ရှိ မကွေးတိုင်းဒေသထဲမှ ကျေးရွာတစ်ရွာကို ပါရာမော်တာများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သေဆုံး၊ ထိခိုက်သူများထဲတွင် ကလေးငယ်များ ပါဝင်နေသည်။

မကွေးတိုင်း မင်းတုန်းမြို့နယ် ရခိုင်ရိုးမတောင်ခြေတွင် တည်ရှိသော ကျေးရွာတစ်ရွာကို စက်တပ် လေထီး (ပါရာမော်တာ) များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးများအပါအဝင် ခြောက်ဦး သေဆုံးပြီး ငါးဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

မင်းတုန်းမြို့တောင်ဘက် မိုင် ၂၀ ခန့်အကွာ ဇွန်းကျကျေးရွာကို စက်တင်ဘာလ ၁၃ ရက် ညနေ ၄ နာရီခွဲ ဝန်းကျင်တွင် သရက်မြို့အခြေစိုက် အမှတ် (၁၂) ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ ၁၂) မှ တက်လာသည့် ပါရာမော်တာသုံးစီးက  ကျေးရွာဘုန်းကြီးကျောင်းရှေ့ရှိ အိမ်တန်းနှစ်တန်းကို ဗုံး ရှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

ထိုတိုက်ခိုက်မှုအတွင်း သေဆုံးသူများမှာ အသက် ၁၀ နှစ်မှ ၁၆ နှစ်အကြား အရွယ်ရှိ မငုဝါလှိုင်၊ မထက်သဇင်လှိုင်၊ မောင်ကောင်းထက်ကျော်၊ အသက် ၁၇ နှစ်အရွယ် မခင်ဝေဇင်မိုး၊ အသက် ၂၅ နှစ်အရွယ် မနွယ်နွယ်ဝင်းနှင့် အသက် ၇၀ အရွယ် ဒေါ်ပစာ တို့ ဖြစ်သည်။ 

ထို့အပြင် အသက် ၁၀ နှစ်မှ ၁၆ နှစ်ကြား ကလေး လေးဦးနှင့် အသက် ၂၃ နှစ်အရွယ် အမျိုးသမီး တစ်ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဆေးဝါးကုသမှုခံယူနေကြကြောင်း၊ ထိခိုက်ဒဏ်ရာရသူများမှာ ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်ကုသမှုခံယူနိုင်သည့်အခြေအနေ မရှိဘဲ ဆေးဝါးကုသမှု လိုအပ်နေဆဲ ဖြစ်ကြောင်း ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့များထံက သိရသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အိမ်ခြေ ၃၀ နီးပါးခန့်သာရှိသည့် ဇွန်းကျကျေးရွာမှာ ဆင်လုပ်သားမိသားစုများ အများစုနေထိုင်ကြရာ ကျေးရွာဖြစ်ပြီး အမျိုးသားများမှာ တောတောင်ထဲသွားလာလုပ်ကိုင်နေစဉ် နေအိမ်များတွင် သက်ကြီးရွယ်အို၊ ကလေးနှင့် အမျိုးသမီးများသာ ကျန်ရှိခဲ့ချိန် လေကြောင်းတိုက်ခိုက်ခံရခြင်းဖြစ်သည်။

“ ပါရာမော်တာလာတဲ့ အချိန်မှာ သူတို့ (ဒေသခံများ) အနေနဲ့လည်း သူတို့ကိုလာပြီးတော့ ကြဲချတိုက်ခိုက်မယ်လို့ ထင်မထားလောက်ပါဘူး။ ထင်စရာအကြောင်းလည်းမရှိဘူးလေ။ တိုက်ပွဲ ဖြစ်ပွားနေတာမျိုး၊ တော်လှန်ရေးအဖွဲ့အစည်းတွေ ဝင်ထွက်သွားလာနေတဲ့နေရာမျိုးတောင်မဟုတ်ပါဘူး။ စစ်ရေးဖော်ဆောင်မှု မရှိတဲ့နေရာကိုကြဲချ တိုက်ခိုက်သွားတာဖြစ်တဲ့အတွက် အရပ်သားတွေကို ပစ်မှတ်ထားပြီး ပစ်ခတ်သွားတဲ့ သဘောလို့ ယူဆပါတယ်”ဟု ထိုဒေသတွင် စစ်ရေးလှုပ်ရှားသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် (၄) တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောသည်။ 

လေကြောင်းတိုက်ခိုက်မှုအပြီး ဒေသခံများမှာ တောတောင်ထဲ ထွက်ပြေးရသဖြင့် ယနေ့ (စက်တင်ဘာလ ၁၆ ရက်) နံနက် နာရေးပြုလုပ်နေချိန်  ရိုးမတောင်ခြေအနီးရှိ စစ်တပ်က ဇွန်းကျကျေးရွာနှင့်အနီးဝန်းကျင်ကို လက်နက်ကြီးဖြင့် ခြောက်ကြိမ်ပစ်ခတ်ခဲ့သည်ဟု ၎င်းကဆက်ပြောသည်။ 

“ ဖြစ်စဉ်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ပြေးကြလွှားကြရှောင်ကြရတာဆိုတော့ သေဆုံးသွားတဲ့သူတွေကို ဒီနေ့မှ သင်္ဂြိုဟ်ရတာပေါ့လေ။ အဲ့ဒီလိုအခြေအနေမျိုးမှာ ပစ်တာ”ဟု ကိုမြတ်က ပြောသည်။ 

ပါရာမော်တာမှ ကြဲချခဲ့သည့် ဗုံးပေါက်ကွဲပြီးနောက် တွေ့ရသည့်အစိတ်အပိုင်းအချို့။ (ဓာတ်ပုံ – သရက်ခရိုင်၊ အမှတ် ၄ တပ်ရင်း) 

ကလေးငယ်များအပါအဝင်ထိခိုက်သေဆုံးရသည့် ဇွန်းကျရွာလေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး မေးမြန်းနိုင်ရန် စစ်တပ်ခန့် မကွေးတိုင်း ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဆန်းညွန့်အောင်ကို Myanmar Now က ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်သော်လည်း မရခဲ့ပါ။ 

ယခုနှစ်မတ်လက မင်းတုန်းမြို့နယ် ရိုးမတောင်ခြေ ပြောင်းကျေးရွာအနီးရှိ ယာဉ်ရပ်နားစခန်း တစ်ခုကို လေကြောင်းတိုက်ခိုက်ခဲ့ရာ ကားသမားများနှင့်ဒေသခံများ အပါအဝင် ၂၅ ဦး သေဆုံးခဲ့ပြီး ၂၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

စစ်တပ်ကြိုးကိုင်သည့် ရွေးကောက်ပွဲအလွန် မေလကတည်းကစ၍ မင်းတုန်းမြို့နယ်ထဲကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေပြီး ရခိုင်ရိုးမမှတဆင့် ရခိုင်ပြည်နယ်ထဲသို့ ထိုးဖောက်ရန် ကြိုးပမ်းနေသည်။ ပြီးခဲ့သည့်လပိုင်းကလည်း မင်းတုန်းနယ်ကို စစ်တပ်က စစ်အင်အားဖြည့်တင်းထားပြီး ရခိုင်ရိုးမတောင်ခြေတွင် စစ်ကြောင်းထိုးနေသဖြင့် တော်လှန်ရေးအင်အားစုများနှင့် စစ်ရေးပြင်းထန်နေသည်။

“မင်းတုန်း အနောက်ခြမ်း ပြောင်းကျေးရွာကနေ ရခိုင်ရိုးအခြေတွေကို စစ်ကြောင်းထိုးနေတာ ရခိုင်ရိုး အခြေတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာရှိပါတယ်။ ရိုးပေါ်အထိ ထိုးဖောက်နိုင်တဲ့အခြေအနေတော့ မရှိသေးပါဘူး။ စစ်ကြောင်းစဝင်လာပြီဆိုကတည်းက အင်အား ထောင်ဂဏန်းနဲ့ဝင်လာတယ်။ စစ်ကြောင်း ထိုးပြီဆိုတဲ့အခါမှာလည်း လက်နက်ကြီးတွေ၊ လေကြောင်းတွေ၊ ဒရုန်းတွေ အသုံးပြုပြီးတော့ ထိုးတာရှိတယ်”ဟု သရက်ခရိုင် အမှတ် (၄) တပ်ရင်းမှ ကိုမြတ်က ပြောသည်။ 

ရခိုင်ပြည်နယ် မြို့တော်စစ်တွေနှင့် ကျောက်ဖြူ၊ မာန်အောင်မှအပ မြို့နယ်အများစုကို လက်လွှတ်ထားရသည့် စစ်တပ်သည် ရခိုင်ပြည်နယ်နှင့် ထိစပ်နေသည့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်း တို့မှတဆင့် ထိုးဖောက်ဝင်ရောက်နိုင်ရန် ကြိုးပမ်းနေသည်။

အထူးသဖြင့် မကွေးတိုင်းအတွင်း မင်းတုန်းမြို့နယ်မှ ထိုးဖောက်ရန် ကြိုးပမ်းနေသလို ယောဒေသမှ တဆင့် ချင်းပြည်နယ် ကန်ပက်လက် နှင့် မင်းတပ်ဘက်ကို စစ်ကြောင်း နှစ်ခုဖြင့် အပြင်းအထန် ထိုးစစ်ဆင်နေသည်။ 

မကွေးတိုင်းအတွင်း စစ်တပ်၏လူ့အခွင့်အရေးချိုးဖောက်မှုများကိုစောင့်ကြည့်လေ့လာနေသည့် တမာဖွံ့ဖြိုးရေးအင်စတီကျုမှ ထုတ်ပြန်သည့်အချက်အလက်များအရ ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်တပ်က မကွေးတိုင်း မြို့နယ် ၁၂ ခုတွင်လေကြောင်း၊ ဒရုန်း၊ ပါရာမော်တာ/ ဂျိုင်ရိုကော်ပတာတို့ဖြင့် လေကြောင်းတိုက်ခိုက်မှုအကြိမ် ၂၀၀ နီးပါးပြုလုပ်ခဲ့ပြီး လေကြောင်း၊ လက်နက်ကြီးနှင့် မီးရှို့မှုတို့ကြောင့် နေအိမ် ၈၀၀ ခန့် ပျက်စီးခဲ့ရသည်။ 

ယမန်နှစ်ကုန်နှင့် ယခုနှစ်ဆန်းတွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲအလွန်ကာလတွင် စစ်တပ်က နိုင်ငံ အနှံ့ လေကြောင်းတိုက်ခိုက်မှုများကို ပိုအားပြုလာရာ အရပ်သားများ အဓိကထိခိုက်နစ်နာရပြီး ကြိုတင် သိရှိရန် ပိုခက်ခဲသည့် ပါရာမော်တာနှင့် ဒရုန်းများကို ပိုမိုအသုံးပြုလာသဖြင့် ပြည်သူများအနေဖြင့် ဘေးလွတ်ရာခိုလှုံရန် အချိန်နည်းလာကြောင်း ယခုလဆန်းက ပြုလုပ်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ပြောကြားခဲ့သည်။ 

မကွေးတိုင်း မင်းတုန်းမြို့နယ် ဇွန်းကျကျေးရွာတည်နေရာပြမြေပုံ။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles