အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တွေနှင့်ပုဏ္ဏားကျွန်းအစပ် တိုက်ပွဲများရှိလာပြီး လေကြောင်းကြောင့် သက်ကြီးပိုင်း ၂ ဦး သေဆုံး

စစ်တပ်အခြေစိုက်ရာ မြို့တော်စစ်တွေ၏ မြောက်ဘက် ပုဏ္ဏားကျွန်းနယ်ထဲမရောက်မီ မြို့နယ်နှစ်ခုအစပ် တိုက်ပွဲများ ရှီနေပြီး စစ်တပ်ကလည်း ဂွနှင့် ပုဏ္ဏားကျွန်းနယ်ထဲမှ အရပ်သား ပစ်မှတ်များကို လေယာဉ် ၊ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့၍ အရပ်သား သေဆုံးထိခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။ 

ရခိုင်ပြည်နယ် မြို့တော်စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့နယ် နှစ်ခုအစပ်တွင် စစ်တပ်က ဒရုန်းများဖြင့် တိုက်ခိုက်နေ၍  အာရက္ခတပ်တော် (AA) နှင့် တိုက်ပွဲများ ဖြစ်ပွားနေပြီး လေကြောင်း၊ ဒရုန်းများကြောင့် နှစ်ရက်အတွင်း အရပ်သားနှစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိသွားကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ညပိုင်းနှင့် ယနေ့ နံနက်အစောပိုင်းတွင် ပုဏ္ဏားကျွန်းမြို့နယ် ကျေးရွာတစ်ရွာနှင့် ဂွမြို့နယ် ကျိန္တလီမြို့ပေါ်တို့ကို နှစ်ရက်ဆက် လေယာဉ်၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်ခဲ့သောကြောင့် သက်ကြီးပိုင်း အရွယ် နှစ်ဦးသေဆုံးကာ အမျိုးသားတစ်ဦး ဒဏ်ရာရသွားကြောင်း ဒေသခံများထံက သိရသည်။

ယနေ့ နံနက် ၂ နာရီကျော် လူများအိပ်မောကျနေချိန် ပုဏ္ဏားကျွန်းမြို့နှင့် လေးမိုင်ကျော်ဝေးကွာသည့် ကျောက်ဆိပ်ရွာကို စစ်တပ်က FPV ဒရုန်းဖြင့်တိုက်ခိုက်ရာတွင် အသက် ၆၃ နှစ်အရွယ် ဒေါ်လှသန်းရီ သေဆုံးသွားသည်။

သေဆုံးသူ ဒေါ်လှသန်းရီသည် ပေါက်တောမြို့နယ် (AA အခေါ် ဝီရဌာနီ) ၊ သဝင်ချောင်းကျေးရွာမှ စစ်ရှောင်လာသည့် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း ဒေသတွင်းလူမှုကူညီရေးပြုလုပ်နေသူတစ်ဦးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“အဲဒီဒရုန်းဟာ အိမ်နားက အပင်တစ်ပင်မှာ တိုက်မိပြီးပေါက်ကွဲသွားတယ်။ အဲဒီက ကျည်စတွေဟာ သူ့ကို ထိမှန်သွားပြီး သေဆုံးသွားတာ။ အဲဒီဖြစ်စဥ်ကြောင့် ဒေသခံတွေတော့ စိုးရိမ်ကြောက်လန့်မှုတွေ ရှိကြပါတယ်”ဟု ထိုအမျိုးသားက ဆိုသည်။ 

ပုဏ္ဏားကျွန်းအခြေစိုက် လူမှုကူညီရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် ဖြူစင်ရင်ခွင်ဖောင်‌ဒေးရှင်းကလည်း  ထိုသို့ အရပ်သားများအား တိုက်ခိုက်ခဲ့သည့် စစ်တပ်၏ လုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း  ပြောသည်။ 

ယမန်နေ့ (စက်တင်ဘာလ ၁၀ ရက်) ည ၉ နာရီခွဲခန့်ကလည်း ဂွမြို့နယ် ကျိန္တလီမြို့ကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့ရာ ၈၁ နှစ်အရွယ် ဦးဦးကျော်ခိုင် ပွဲချင်းပြီးသေဆုံးကာ ၄၉ နှစ် အရွယ် ဦးချစ်စန်းမောင်လည်း ဒဏ်ရာရရှိသွားပြီး အရေးပေါ်ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

စစ်တပ်သည် ရခိုင်တောင်ပိုင်းမြို့နယ်များဖြစ်သော ဂွ၊ သံတွဲ၊ ငပလီမြို့များကို လေကြောင်းတိုက်ခိုက်မှု များ ယခုနှစ်ဆန်းမှစတင်ကာ ခပ်စိပ်စိပ်ပြုလုပ်နေပြီး ဂွမြို့နယ်အနီး ပင်လယ်ပြင်တွင်လည်း စစ်သင်္ဘော နှစ်စီးရှိနေသည်။

ထိုစစ်သင်္ဘောများက ဒေသခံများကို ခြိမ်းခြောက်သည့်အနေဖြင့် လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်နေသောကြောင့် ကမ်းစပ်အနီး နေထိုင်သူများ ထွက်ပြေးတိမ်းရှောင်နေရသည် ဟု ဂွဒေသခံ တစ်ဦးက ပြောသည်။ 

“ဘာကြောင့် ပစ်တာလဲဆိုရင် နည်းနည်းလှမ်းခြောက်နေတယ်လို့ပဲ ထင်ပါတယ်”ဟု ၎င်းက ဆိုသည်။

စက်တင်ဘာလ ၇ ရက် ကလည်း သံတွဲမြို့ဗုံးကြဲခံရမှုတွင် ဒေါ်သန်းသန်းကြွယ် (၈၃ နှစ်) သေဆုံးကာ မမို့မို့မြင့်အောင် (၂၈ နှစ်) ၊ ဒေါ်အေးအေးကြွယ် (၆၆ နှစ်) နှင့် ကိုရန်နောင်ထက် (၂၈ နှစ်) တို့ ဒဏ်ရာ ရရှိသွားသည်။ 

ဂွမြို့နယ်၊ ကျိန္တလီမြို့ကို  စက်တင်ဘာလ ၁၀ ရက်ညက တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့စဉ် ထိခိုက်သွားသူတစ်ဦးကို သယ်ထုတ်နေကြစဉ်။ (ဓာတ်ပုံ- Arakan Princess Media)


စစ်တပ်ပြောသည့် “၄၉၂၆ စစ်ဆင်ရေး” 

အာဏာသိမ်းစစ်တပ်သည် “၄၉၂၆ စစ်ဆင်ရေး” အမည်ဖြင့် ယခုနှစ် စက်တင်ဘာလ ၄ ရက်မှ စတင်ကာ AA ထိန်းချုပ်သည့် ရခိုင်ပြည်နယ်ရှိ မြို့များ၊ ကျေးရွာများကို ရေကြောင်း၊ လေကြောင်းမှ  ဗုံးကြဲခြင်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို အရှိန်မြှင့်ပြုလုပ်လာသလို စစ်သင်္ဘောများကလည်း မြစ်ကြောင်းတလျှောက်သွားလာကာ စစ်ရေးခြိမ်းခြောက်လျက်ရှိသည်ဟု ဒေသခံများက ဆိုကြသည်။ 

လတ်တလောတွင် စစ်တွေ-ပုဏ္ဏားကျွန်းကြားတွင် စစ်တပ်နှင့် AA အကြား လက်နက်ကြီး၊ ဒရုန်းများဖြင့် အပြန်အလှန်တိုက်ခိုက်မှုများရှိနေပြီး စစ်တွေ-ရသေ့တောင်ကြားရှိ မေယုမြစ်တွင်လည်း စစ်သင်္ဘောများ လှုပ်ရှားနေကြသည်ဟု ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက ပြောသည်။

“တိုက်ပွဲကဖြစ်နေတယ်။ တစ်ခါတစ်လေကျရင် အပြန်အလှန်ပစ်ကြတယ်။ တခါတလေကြရင် ဟိုဘက် (စစ်တပ်) က ပစ်တယ်၊ ကိုယ့်(AA)ဘက်က ပစ်တယ်။ အဲလိုပုံစံတော့ရှိပါတယ်”ဟု ၎င်းက ဆိုသည်။

မကြာသေးခင် စက်တင်ဘာလ ၇ ရက်ခန့်တွင် စစ်တပ်က AA ကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း စစ်တပ်ဝါဒဖြန့်သူများက ရုပ်သံဖိုင်များ ထုတ်ပြန်ခဲ့ကြပြီး ထိုရုပ်သံဖိုင်များတွင် AA တပ်ဖွဲ့ဝင်များ၏ အခိုင်အမာဘန်ကာများဟု ယူဆရသည့်နေရာများကို အနီးကပ် တိုက်ခိုက်ခဲ့ကာ ထိခိုက်သေဆုံးသူ၊ ဒဏ်ရာရသူ အများအပြား တွေ့ရှိရသည်။ 

ထိုဒရုန်းရုပ်သံဖိုင်များမှာ ပုဏ္ဏားကျွန်းမြို့နယ် မရောက်မီ စစ်တွေနယ်ထဲမှ မင်းချောင်းတံတားအနီး တိုက်ခိုက်ခြင်းဟု ယူဆရပြီး AA ဘက်မှ သီးခြားအတည်ပြုချက် မရသေးပေ။

လက်ရှိတွင် စစ်တပ်က ရခိုင်ပြည်နယ်ကို ထိုးဖောက်ရန် ရခိုင်နှင့်ထိစပ်နေသော မကွေးတိုင်း၊ မင်းတုန်း မြို့နယ်ဘက်၊ ဧရာဝတီတိုင်းဘက်၊ ချင်းပြည်နယ်တောင်ပိုင်းတို့ကို ထိုးဖောက်နေပြီး  ၎င်းတို့ ထိန်းချုပ် ထားသော စစ်တွေမြို့ဘက်မှ မြောက်ဘက်ကပ်လျက် ပုဏ္ဏားကျွန်းနယ်အတွင်း ထိုးဖောက်ရန် ကြိုးပမ်းနေသည်ဟု ထိုရုပ်သံများကိုကြည့်ကာ ယူဆရသည်။

AA တပ်ဖွဲ့ဝင်များ အထိအခိုက်ရှိသည်ဆိုသော စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့နယ်နှစ်ခုအစပ် စစ်ရေး အခြေအနေများနှင့်ပတ်သက်ပြီး Myanmar Now အနေဖြင့် ဆက်လက်စုံစမ်းနေဆဲသာ ဖြစ်သည်။ 

မကွေးတိုင်း နတ်ရေကန်ဗျူဟာကုန်းအနီး၊ ဧရာဝတီတိုင်း ရေကြည်မြို့နယ်၊ ချင်းပြည်နယ် မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်တို့အတွင်း စစ်တပ်နှင့်AA တို့ တိုက်ပွဲဖြစ်နေကြောင်း သိရသော်လည်း အသေးစိတ် အခြေအနေမသိရှိရပေ။

ရခိုင်စစ်ရေးအခြေအနေများနှင့် ပတ်သက်ပြီး AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို Myanmar Now က ဆက်သွယ်သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိ‌သေးပေ။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်မှ စတင်သော ထိုးစစ်အတွင်း AA သည် ရခိုင်ပြည်နယ်ရှိ ၁၄ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ကာ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် မြို့နယ်တို့ကို ၂၀၂၇ ခုနှစ်မတိုင်ခင် တိုက်ခိုက်သိမ်းပိုက်ရန် ကြေညာထားကာ လက်ရှိတွင် စစ်အင်အားစုဆောင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles