တနင်္သာရီတိုင်း ထားဝယ်ခရိုင် လေးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ပြိုကျမှု၊ စံချိန်တင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ပြီး အရပ်သား ၁၃ ဦး သေဆုံး၍ ပျောက်ဆုံးသူများရှိနေရာ အရေအတွက် တိုးလာနိုင်ကြောင်း ဒေသခံများ၊ အရပ်ဘက်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့များထံက သိရသည်။
ထိုင်းနိုင်ငံအလယ်ပိုင်းမှ အားကောင်းလာသော ‘လေဖိအားနည်းဆဲလ်’ သည် ထိုင်းနိုင်ငံနှင့် ကပ်လျက်ရှိသော မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း၊ မွန်နှင့် ကရင်ပြည်နယ်အတွင်း စက်တင်ဘာလ ၂၆ ရက်မှ စတင်ဝင်ရောက်လာရာ ထိုကဲ့သို့ ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာလ ၂၆ ရက်နံနက်မှစတင်၍ မိုးအဆက်မပြတ်ရွာသွန်းခဲ့ခြင်းကြောင့် ထားဝယ်ခရိုင်ရှိ ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်း၊ ရေဖြူမြို့နယ်များမှ ကျေးရွာ ၅၀ ကျော် နစ်မြုပ်ကာ နေအိမ် အများအပြား ပျက်စီးခဲ့ရသည်။ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ တောင်ပြိုမှုများ ဖြစ်ပေါ်ကာ တောင်ကျရေများရုတ်တရက် စီးဆင်းလာမှုကြောင့် ဒေသခံအများစုသည် ချက်ချင်းထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဆိုကြသည်။
စက်တင်ဘာလ ၂၈ ရက်အထိ အဆိုပါရေကြီးမှုအတွင်း လေးမြို့နယ်မှ သေဆုံးသူ ၁၃ ဦးအထိ ရှိလာပြီး လူ ၃၀ ကျော် ပျောက်ဆုံးနေဆဲဟု ဒေသတော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် ထားဝယ်အမျိုးသား အဖွဲ့ချုပ် (TNF) က ယနေ့ ထုတ်ပြန်ထားသည်။
အက်ဒမန်ပင်လယ်ပြင်နှင့် ကပ်လျက် လောင်းလုံးမြို့နယ်အတွင်း ရေကြီး၊ တောင်ပြိုမှုများ စတင်ဖြစ်ပေါ်ခဲ့ပြီး ကပ်လျက်မြို့နယ်တို့တွင်ပါ ရေဘေးသင့်ခဲ့ခြင်းဖြစ်ပြီး လောင်းလုံးမြို့နယ်နှင့် ရေဖြူမြို့နယ်အောက်ပိုင်းသည် အပျက်အစီး အများဆုံးဖြစ်သည်။
အထိနာသည့် လောင်းလုံးဒေသ
တောင်စောင်းများပြိုကျမှု၊ တောင်ကျရေ ရုတ်တရက်စီးဆင်းလာမှုနှင့် ထားဝယ်မြစ်ရေ ရုတ်တရက် မြင့်တက်လာမှုများကြောင့် လောင်းလုံမြို့နယ်မှ ကျေးရွာပေါင်း၂၇ ရွာခန့်သည် နှစ်ပေါင်း ၃၀ အတွင်း မကြုံစဖူး ဒုက္ခပင်လယ်ဝေခဲ့ရသည်ဟု ဒေသခံများက ပြောကြသည်။
တီဇစ်၊ ကထောင်းနီ၊ ဝေဒီ၊ မင်းရပ်၊ ကမြောကြီး၊ အင်းဝန်း၊ ကညုံကျွန်း၊ ကုန်ဇရပ်၊ ကဒက်ကြီး၊ ကဒက်ငယ်၊ ကဒက်ငယ်ထိန်၊ ပြင်းထိန်၊ ညင်းမော်၊ သာယာကုန်း၊ သဗျာ၊ ဂေါ့အင်းနား၊ ကျောက်နီမော်၊ ကျောက်ဝပ်၊ ညောပြင်၊ ကဒက်ကြီး၊ သဗြေရှောင်၊ သကျက်တော၊ စပ်ပြဲ၊ တော်ကျဲ၊ ဇလွတ်၊ သဘော့ဆိပ် ၊ ကရင်ကြီး စသော ကျေးရွာများတွင် ရေလွှမ်းမိုးမှု ဖြစ်ပေါ်ခဲ့သည်။
ထိုအထဲ ကဒက်ငယ်ထိန်၊ ကရင်ကြီး၊ မင်းရပ်နှင့် သဗျာကျေးရွာများသည် ရေကြီးရေလျှံမှုများအပြင် တောင်ပြိုကျခြင်း၊ တောင်ကျရေ ရုတ်တရက် စီးဆင်းလာခြင်းများကြောင့် နေအိမ် အလုံးရေ ဆယ်နှင့်ချီ နုန်းမြေများအောက် ရောက်သွားသည်။
စက်တင်ဘာလ ၂၆ ရက် နံနက်မှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် ည ၁၀ နာရီဝန်းကျင်မှစ၍ မြေနီရောင် တောင်ကျရေများသည် တောင်ခြေ၌ရှိသည့် ကဒက်ငယ်ထိန်ရွာအတွင်းသို့ ဒလဟော စီးဝင်လာ ခဲ့သည်ဟု ကဒက်ငယ်ရွာခံ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
“ရွှေ့ချင်တဲ့သူတွေတော့ တောင်ပေါ် ဘုန်းကြီးကျောင်းကို ရွှေ့ကြတယ်။ အရင် နှစ် ၃၀ ခန့်က ပြိုပြီးပြီဆိုတော့ ထပ်မပြိုတော့ဘူးအထင်နဲ့ မရွှေ့တဲ့သူတွေက မရွှေ့ဘူး။ အရင်ပြိုတဲ့နေရာမှာပဲ ထပ်ပြိုတာရှင် ။ ညဘက်မှာ ရေတွေ တအားကြီးလာပြီး တံတားတွေ ပြိုသွားလို့ တချို့တွေ ရွှေ့မရတော့ဘူး။ ညနက် ၂ နာရီလောက်မှာ တောင်ပေါ်ကနေ တောင်အော်သံတွေ တအားကြမ်းပြီး တောင်ပြိုကျလာတယ်။ မနက်ပိုင်း ၈ နာရီလောက်မှာ ထပ်ပြိုတယ်”ဟု ၎င်းတို့ရွာအခြေအနေကို ပြောပြသည်။
၎င်းပြောသည့် ယခင်အခြေအနေမှာ ၁၉၉၇ ခုနှစ်ခန့်က လောင်းလုံးဒေသ ကဒက်ငယ်ရွာတွင် တောင်ပြိုကာ ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ခြင်းကို ဆိုလိုခြင်းဖြစ်ပြီး ထိုစဉ်ကလည်း အသေအပျောက်များခဲ့သည်။
“ပြိုတာက နည်းနည်းမဟုတ်ပါဘူးရှင်။ အိမ် ၂၀ ကျော်လောက်က အကုန်လုံးအစအနတောင် ရှာမရအောင် ပြိုတာ။ အနီးအနား မြေတွေဝင်ပြီး အိမ်တစ်ပိုင်း ဖုံးသွားတာက အိမ် ၃၀ လောက်ရှိမယ်။ အိမ်ဘေးက တခြားသူတွေလည်း ၁၅ ယောက်လောက် မတွေ့သေးဘူး။ အခုတော့ ရေကျနေပြီလို့ သိရပါတယ်။ တောင်လည်း မပြိုတော့ဘူးရှင်”ဟု ထိုအမျိုးသမီးက စက်တင်ဘာလ ၂၈ ရက် နံနက်တွင် ပြောသည်။
၎င်း၏ အဘိုးနှင့်အဘွားလည်း ပျောက်ဆုံးနေပြီးကူညီကယ်ဆယ်ရေးအဖွဲ့များ လာရောက်မည်ကို စောင့်မျှော်နေရသည်ဟု ဆိုသည်။
သေဆုံးသူ အမျိုးသမီး သုံးဦးနှင့် ကလေးတစ်ဦးအပါအဝင် လေးဦး ရှာဖွေအတည်ပြုထားနိုင်သည်ဟု ကဒက်ငယ်ဒေသခံအမျိုးသမီး နောက်တစ်ဦးက ပြောသည်။


ဒေသခံများပေးပို့လာသော မှတ်တမ်းဓာတ်ပုံများနှင့် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် တွေ့ရှိရသော ရုပ်သံ ဖိုင်မှတ်တမ်းများအရ ကဒက်ငယ်ကျေးရွာ၏ နေအိမ်အချို့သည် ရွှံ့နွံများ၊ သဲများဖုံးအုပ်လျက်ရှိသည်၊ အိမ်အချို့သည် အိမ်တဝက်ခန့် သဲ၊ ကျောက်တုံးများကြား နစ်မြုပ်လျက်ရှိပြီး သစ်ပင်၊ သစ်တုံးများဖြင့် ဖုံးအုပ်လျက်ရှိသည်ကို တွေ့မြင်ရသည်။
စက်တင်ဘာလ ၂၆ ရက်နှင့် ၂၇ ရက် တောင်ပြိုမှုတွင် တောကျဲကျေးရွာမှ အသက် ၅၀ ကျော်အရွယ် မိခင်နှင့် ဖခင်တို့သည် မြေပိ၍ပျောက်ဆုံးနေဆဲဖြစ်ကြောင်း မိဘများအတွက် ဝမ်းနည်းပူဆွေးနေရသော အဝေးရောက် သမီးဖြစ်သူက Myanmar Now ကို ပြောသည်။
“ အမေက ပန်းသွားခူးတယ်တဲ့ အဲ့ဒီမှာ ပါသွားတယ်။ အဖေဖြစ်တဲ့သူက သူ့မိန်းမကို လိုက်ခေါ်တယ်။ အဲ့ဒီအချိန်မှာ နှစ်ယောက်လုံး တခါတည်းပါသွားတယ်။ အခုချိန်ထိတောင် မတွေ့ရသေးဘူး”ဟု စက်တင်ဘာလ ၂၈ ရက်က ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက်ကလည်း ကူညီကယ်ဆယ်ရေးအဖွဲ့များက လောင်းလုံးမြောက်ပိုင်း မင်းရပ်ရွာတွင် သေဆုံးနေသည့် အမျိုးသမီးတစ်ဦး တွေ့ရှိခဲ့ပြီး ကလေးတစ်ဦးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သည်ဟု သိရသည်။ အနီးရှိ ကရင်ကြီးကျေးရွာ နေအိမ်များကို သစ်ပင်၊ သစ်ကိုင်း၊ ရွံ့နွံများအကြားနစ်မြုပ်နေသည်ကို ဖေ့ဘွတ်လူမှုကွန်ရက်မှတ်တမ်းဓာတ်ပုံများအရ တွေ့ရသည်။
ဒေသအခြေစိုက် Dawei Watch သတင်းဌာန၏ ဖော်ပြချက်အရ ကရင်ကြီးရွာမှ နေအိမ် ၃၀ ခန့် ပျက်စီး ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။
လောင်းလုံမြို့နယ် တောင်ပြိုမှုများသည် တောင်တစ်လုံးချင်း မဟုတ်ဘဲ တောင်ကြောတလျှောက်လုံး ပြိုကျခြင်းဖြစ်သည်ဟု ဒေသအခြေနေကို သိရှိသူ အမျိုးသမီးတစ်ဦးက ဆိုခဲ့ပြီး တောင်ပြိုသော ကျေးရွာ တည်နေရာများကိုကြည့်ပါက မြောက်ပိုင်းမှ တောင်ပိုင်းတလျှောက် ကျေးရွာများပါဝင်နေသည်ကို တွေ့ရသည်။
စက်တင်ဘာလ ၂၈ ရက် ညနေအထိ လောင်းလုံးမြို့နယ်အတွင်း အချို့ကျေးရွာများတွင် ရေကျန်နေဆဲ ဖြစ်ပြီး အချို့ရွာများတွင် ရေကျသွားပြီဖြစ်ကာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းနှင့် လျှပ်စစ်မီး၊ လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်နေဆဲဖြစ်၍ အသေးစိတ်အချက်အလက်များ မရရှိနိုင်သေးပေ။
လောင်းလုံးတွင်သာမက ဒေသခံများက အောက်ရေဖြူဟု ခေါ်သည့် ရေဖြူမြို့နယ်အောက်ပိုင်း ဒေသများတွင်လည်း စက်တင်ဘာလ ၂၆ ရက်ကတည်းက ရေကြီးနေမှုကြောင့် ရေဘေးသင့်သူ ၄၀၀ ထက်မနည်းရှိ ပြီး သေဆုံးသူ သုံးဦး အတည်ပြုနိုင်ကာ ပျောက်ဆုံးနေသူများလည်းရှိနေကြောင်း ထားဝယ်မြို့ အခြေစိုက် ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ – ထားဝယ်၏ ထုတ်ပြန်ချက်အရ သိရသည်။


ရေဘေးသင့်နေသည့် ထားဝယ်၊ သရက်ချောင်းနှင့် ရေဖြူ
ထားဝယ်၊ သရက်ချောင်းနှင့် ရေဖြူမြို့နယ်တို့သည် လောင်းလုံးကဲ့သို့ မပြင်းထန်သော်လည်း လက်ရှိ အချိန်အထိ လူအထိအခိုက် အပျက်အစီးစာရင်း ကောက်ယူနိုင်ခြင်းမရှိသေးဘဲ ရေအမြင့်ပေသည် ကိုးပေမှ ၁၂ ပေခန့်အကြားတွင် ရှိသော်လည်း အချို့နေရာများတွင် ရေပြန်ကျနေကြောင်း ဒေသခံများထံက သိရသည်။
“နှစ် ၃၀ကျော်ပြီ အခုလို မတက်ဘူးပါဘူးခင်ဗျား။ မြစ်ဘက်ကမ်းနဲ့နီးတဲ့ ရပ်ကွက်တွေ …. အရင်က ရေမတက်ဘူးတဲ့ နေရာတွေအထိ ရေတက်လာပါတယ်” ထားဝယ်မြို့ခံ အမျိုးသားတစ်ဦး ပြောသည်။
စစ်တပ်လက်အောက်ခံ အဖွဲ့များ ရုံးစိုက်ရာ ထားဝယ်မြို့ပေါ်တွင်လည်း ရပ်ကွက် သုံးခုထက်မနည်း ရေကြီးနေပြီး တစ်ထပ်အိမ်များ နစ်မြုပ်လုနီးပါး ရှိနေသည်၊ မြို့အရှေ့ဘက် ကျေးရွာများတွင်လည်း ရေကြီးမှု မကြုံစဖူး ဆိုးရွားစွာ ကြုံတွေ့နေရသည်ဟု ထားဝယ်ဒေသခံများက ပြောကြသည်။
မြို့ပေါ်မှ ရေဘေးသင့်သူများကို ဘုန်းတော်ကြီးကျောင်းနှစ်ခုအတွင်း ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်၍ မြို့ခံ ၄၅၀ ဦးထက်မနည်းကို ကူညီကယ်ဆယ်ထားသည်ဟု Tanintharyi Region Emergency Rescue & Ambulance (တနင်္သာရီတိုင်းအရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်- ထားဝယ်မြို့) အဖွဲ့က ထုတ်ပြန် ထားသည်။ ထိုအဖွဲ့ထံ ထားဝယ်မြို့ပေါ်အခြေအနေအား မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
ထားဝယ်မြို့အရှေ့ဘက် ၁၀ မိုင်ခန့်အကွာ ရေဘေးသင့်ကျေးရွာများတွင်လည်း ကယ်ဆယ်ရေးနည်းပါးနေဆဲဖြစ်ကြောင်း ကျေးလက်ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“ကျွန်မတို့ဘက်ကို ကယ်ဆယ်ရေးတွေ မလာကြဘူးလေ။ မနေ့ကဆက်သွယ်ပါတယ်… အခြားနေရာတွေက ကျွန်မတို့ထက်ပိုပြီးအရေးပေါ် အနေအထားဘက်ဆိုတော့ အဲဒီဘက်ကို ဦးစားပေးနေကြတာဖြစ်မယ် ကယ်ဆယ်ရေးသမားတွေလည်း မလုံလောက်ဘူးလေ”
ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင်မူ ရေတစ်ပေခန့် ပြန်လည်လျော့ကျသွားသည်ဟုလည်း သူက ပြောသည်။ ထားဝယ်မြို့ခံ အမျိုးသားတစ်ဦးကလည်း ယနေ့မွန်းလွဲတွင် ထားဝယ်မြို့ပေါ်တွင် ရေပြန်ကျနေသည်ဟု ဆိုသည်။
ထို့အပြင် ထားဝယ်မြို့ တောင်ဘက်ကပ်လျက် သရက်ချောင်းမြို့နှင့် ကျေးရွာများတွင်လည်း ရေဘေး သင့်နေကြောင်း၊ သရက်ချောင်းမြို့နယ် ကျေးရွာများနှင့် ထားဝယ်မြစ်ကမ်းဘေးတလျှောက် ကျေးရွာ ၂၀ ထက်မနည်းသည် ရေနစ်နေကြောင်း ဒေသခံကူညီကယ်ဆယ်ရေးအဖွဲ့များထံက သိရသည်။
သရက်ချောင်းမြို့နယ်အတွင်း ရှင်မုတ္ထီး၊ ပဲဒက်၊ ရန်တောင်၊ သင်းကျွန်း၊ တီတွတ်ပြင်၊ ထီးဖဒို၊ ကင်းရှေ့၊ မိုးရွှေကုန်း၊ စော်ဖျား၊ ကျောက်လှော်ကား၊ ဥတ္တူ၊ ကြာအင်း၊ ကင်းရှေ့၊ မိုးရွှေကုန်း၊ ရောင်းမော်၊ ရငဲ၊ စုံစင်ဖျား၊ မင်းဒပ်၊ အိမ်ရှေ့ပြင်၊ ကျွဲဇပ်စသည့် ရွာများ ရေဘေးသင့်နေကြသည်။
သရက်ချောင်းမြို့၏ တောင်ဘက် မိုင် ၅၀ ကျော်အကွာ ပလောက်မြို့မှ ထားဝယ်မြို့ကို ဆက်သွယ်ထားသည့် အမှတ်(၈) ပြည်ထောင်စု လမ်းမကြီးတလျှောက်နှင့် လမ်းဘေးကျေးရွာများလည်း ရေကြီးနေသည်ဟု သိရသည်။
“မြိတ်-ထားဝယ် တလျှောက်က မြေနိမ့်ပိုင်းမှာ နေထိုင်သူ အကုန်လုံးကို တောင်ပြို၊ မြေပြို အရေးပေါ် အခြေအနေကို Level 2 အဆင့်အနေနဲ့ သတိပေးထားပါတယ်” ဟု ပလောက်မြို့ အခြေစိုက် ‘ရွှေရောင်နေ့သစ် လူမူအထောက်အကူပြု’ ကယ်ဆယ်ရေးအဖွဲ့၏ တာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။
ထားဝယ်ခရိုင် လေးမြို့နယ်သာမက ဆက်စပ်လျက်ရှိသော ပလောက်၊ ပုလော၊ မြိတ်စသော မြို့နယ်များတွင်မူ ရေကြီးရေလျှံမှုများရှိနေသော်လည်း ဖုန်းလိုင်း၊ အင်တာနက် အဆက်အသွယ်ပြတ်တောက်မှုမှအပ အခြားထိခိုက်မှု မရှိသေးကြောင်း သိရသည်။
ထားဝယ်အခြေစိုက် လူမှုကူညီရေးအဖွဲ့များနှင့် ဒေသတွင်းလူမှုကူညီရေး အသင်းများပူးပေါင်းပြီး စက်တင်ဘာလ ၂၇ ရက်မှ စတင်၍ ရှေ့ပြေးကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြရာ ရေကြီးမှုကြောင့် လမ်းပိတ်ဆို့မှုများဖြစ်ပေါ်နေသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးခဲ့ရသည့်အပြင် စက်ယန္တရား အခက်အခဲ၊ လူအင်အား အခက်အခဲများကြောင့် နှောင့်နှေးခဲ့ရသည်ဟု ဆိုကြသည်။
ရွေးတုစစ်အစိုးရ၏ ဟန်ပြရေဘေးကယ်ဆယ်ရေး
ရေကြီး၍ လူသေဆုံးမှု၊ ကျေးရွာဆယ်နှင့်ချီ ထွက်ပြေးနေရသော ထားဝယ်၊ သရက်ချောင်း၊ လောင်းလုံးနှင့် ရေဖြူမြို့နယ်တို့တွင် အခြေအနေများဆိုးဆိုးဝါးဝါးဖြစ်ပေါ်နေသော်လည်း အာဏာသိမ်းစစ်တပ်၏ စက်တင်ဘာလ ၂၇ ရက် သတင်းထုတ်ပြန်မှုတွင် ထိုအခြေအနေများကို ထိမ်ချန်ထားသည်။
ထို့အပြင် စစ်တပ်၏ တနင်္သာရီတိုင်းဝန်ကြီးချုပ်က ရေကြီးနေသည့် ထားဝယ်မြို့ပေါ် ရပ်ကွက်များအား လိုက်လံ ကြည့်ရှုခဲ့သည်ဟု စစ်တပ်ဝါဒဖြန့် မီဒီယာများက ဖော်ပြခဲ့သည်။ အလားတူ စစ်တပ် လူမူရေးရာဝန်ကြီးက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အစည်းအဝေးလုပ်ကာ ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ရန်နှင့် စားနပ်ရိက္ခာများကူညီရန် ပြောဆိုခဲ့ကြောင်း စစ်တပ်ထိန်းချုပ် မီဒီယာ MRTV ကတဆင့် ဖော်ပြ ခဲ့သည်။
ရေကြီး၊ ရေလျှံမှုတွေ ဆိုးရွားစွာကြုံတွေ့နေရသည့် လောင်းလုံးဒေသခံများကမူ အာဏာသိမ်းစစ်တပ်၏ ဝါဒဖြန့်လုပ်ဆောင်မှုတစ်ခုအဖြစ် ရှုမြင်ကြောင်း ဆိုကြသည်။
“စစ်တပ်က ဝါဒ ဖြန့်ဖို့ သက်သက်လုပ်ပြတာပါ၊ စစ်တပ် ထိထိရောက်ရောက် ဘာမှလုပ်ပေးမယ်လို့ မထင်ပါဘူး၊ အခုလည်း လမ်းတွေပိတ်နေတာ သူတို့ ပါဝင်ပြီး ရှင်းနေတာ မတွေရဘူးဗျ။ စစ်ကြောင်းနဲ့ လာပြီး ကျေးရွာအတွင်း တပ်စွဲနေတာပဲ ရှိတာ။ ပြည်သူကျပ်လေ သူတို့ ကြိုက်လေပဲ”ဟု ရေကြီး၊ ရေလျှံမှုတွေ ဆိုးရွားစွာကြုံတွေ့နေရသော လောင်းလုံး ဒေသခံအမျိုးသား အခြားတစ်ဦးက ပြောသည်။
သုံးရက်အတွင်း လူသေဆုံးမှုများ၊ ကျေးရွာ ၅၀ ကျော် ရေဘေးသင့်နေမှု အခြေအနေများနှင့်ပတ်သက်၍ စစ်တပ်၏ တနင်္သာရီတိုင်းအစိုးရကို ဆက်သွယ် မေးမြန်းနိုင်ခြင်းမရှိသေးပေ။

လောင်းလုံးမြို့နယ်သည် တော်လှန်ရေးအဖွဲ့များ အားကောင်းသည့် ဒေသဖြစ်ပြီး ကျေးလက်နယ်မြေ အများစုကို တော်လှန်ရေးဘက်က စိုးမိုးထားသည်။ လတ်တလောတွင် စစ်တပ်က ကယ်ဆယ်ရေးဟု အကြောင်းပြကာ စက်တင်ဘာလ ၂၈ ရက်တွင် လောင်းလုံးဒေသအတွင်း အင်အားအလုံးအရင်းဖြင့် ရောက်ရှိလာသည်။
တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း ရေကြီးရေလျှံမှုများကူညီရန် လာရောက်သည့် ထားဝယ်မြို့ပေါ်မှ လူမူကူညီရေးအသင်းများကို ၎င်းတို့အနေဖြင့် တားဆီးမှုများမရှိကြောင်း လောင်းလုံမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)တာဝန်ရှိသူက ပြောသည်။
ရေကြီးသည့် ဒုတိယမြောက်ရက် စက်တင်ဘာလ ၂၇ ရက် နံနက်ပိုင်းမှစတင်၍ ထားဝယ်အခြေစိုက် လူမှုကူညီရေးအသင်းများ၊ လောင်းလုံးဒေသကူညီရေးအသင်းများပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ လာရောက်လုပ်ဆောင်ခဲ့ကြသည်။
လောင်းလုံးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နှင့် ပကဖတို့ကလည်း ဒေသခံများကို ကူညီကယ်ဆယ်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ နည်းဗျူဟာ ၃၃ – Tactics 33 တပ်ဖွဲ့က လည်း နီးစပ်ရာ ရေးဘေးသင့်ဒေသများသို့ ၎င်းတို့၏ လက်အောက်ခံတပ်များအနေဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အမိန့်ပေးထုတ်ပြန်ထားသည်။
ဩဂုတ်လမှ စတင်၍ လောင်းလုံးမြို့နယ် ထားဝယ်ရေနက်ဆိပ်ကမ်းအနီး ဝင်ရောက်လာကာ စစ်ကြောင်း ထိုးနေသည့် စစ်တပ်နှင့် ရေဘေးသင့်နေသည့်ရက်များတွင် တိုက်ပွဲများငြိမ်နေကြောင်း PDF တပ်ဖွဲ့ဝင် အမျိုးသားတစ်ဦးက ပြောသည်။
“လောလောဆယ်တော့ တိုက်ပွဲမဖြစ်တာကတော့ သုံးရက်လောက် ရှိပြီပေါ့ဗျာ။ ၂၅ ရက်နေ့ နေ့လယ်ပိုင်း ကနေပြီးတော့ (၂၅ ရက်) ညနေအထိတော့ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ထားတာရှိပါတယ်”
ထားဝယ်ဒေသအတွက် သဘာဝက သတိပေးသံ
ထားဝယ်ဒေသသည် ရှည်လျားလှသော အန်ဒမန်ပင်လယ်ကန်းရိုးတန်းနှင့် ထိစပ်လျက်ရှိပြီး တနင်္သာရီ ကမ်းရိုးတန်းတလျှောက် မြောက်မှ တောင်သို့ သွယ်တန်းထားသော မြင့်မားသော တနင်္သာရီတောင်တန်းကြီးများ ရှိသည့်ဒေသများအနက် တစ်ခုဖြစ်သည်။
ပင်လယ်ဘေးကပ်လျက် လောင်းလုံးဒေသသည် ထားဝယ်ရေနက်ဆိပ်ကမ်းဧရိယာအတွင်းကျရောက်သော မြို့နယ်တစ်ခုလည်းဖြစ်သည်။
ထို့ကြောင့် မြေယာဈေး မြင့်တက်လာခြင်း၊ အထူးသစ်တောများကို ခုတ်ထွင်ရှင်းလင်း၍ ရာဘာခြံ၊ သီးနှံများစိုက်စိုက်ပျိုးခြင်းများကြောင့် သဘာဝတောများ ပျက်စီးဆုံးရှုံးခဲ့သည်မှာ ၂၀၂၀ ခုနှစ်ကတည်းက ဖြစ်သည်ဟု ၂၀၂၀ ခုနှစ်က ကောက်ယူခဲ့သော ထားဝယ်ခရိုင် ဒေသဆိုင်ရာ အချက်အလက်များ အရ သိရသည်။
အရပ်သားအစိုးရလက်ထက် လောင်းလုံးဒေသအတွင်း သစ်တောများကို ထိန်းသိမ်းကာကွယ်ခြင်း၊ သစ်တောများကို ဆက်လက်မပြုန်းတီးစေရန် ပညာပေးဟောပြောစည်းရုံးမှုများလည်းရှိခဲ့သည်။ ဆူနာမီ ကဲ့သို့သော မုန်တိုင်းဒဏ်များကို ခံနိုင်ရည်ရှိရန် ရေသယံဇာတများ ပေါက်ပွားရှင်သန်ကျက်စားစေရန် ဒီရေတောစိုက်ခြင်းများကို ဆောင်ရွက်ခဲ့သည်။
သို့သော် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သဘာဝပေါက်ပင်သစ်တောများ ပိုမိုပြုန်းတီးလာခဲ့သလို ဒေသတွင်း ဘေးအန္တရာယ်ခြိမ်းခြောက်စေနိုင်သော ထားဝယ်ရေနက်စီမံကိန်းများကိုလည်း ပြန်လည် စတင်ခဲ့သည်။
ထို့အပြင် ဒေသတွင်း သဘာဝပေါက်ပင်များအား ရှင်းလင်း၍ ဒူးရင်းခင်းများ၊ ရာဘာခင်းများ ချဲ့ထွင် လာခြင်းကြောင့် သဘာဝတောပြုန်းတီးမှုများ၊ ဒီရေတောပြုန်းတီးမှုများပိုဖြစ်ပေါ်လာပြီး ဂေဟစနစ်ကို စံချိန်တင် ထိခိုက်စေခဲ့သလို ယခုကဲ့သို့ တောင်ပြိုခြင်းများ ဖြစ်ပေါ်စေခဲ့သည်ဟု သဘာဝ ပတ်ဝန်းကျင်ပညာရှင်များက ထောက်ပြကြသည်။
Dawei Watch သတင်းဌာန၏ စုံစမ်းစစ်ဆေးဖော်ထုတ်ချက်အရ ထားဝယ်မြို့၏ အထက်ဘက်တွင် ရွှေ၊ ခဲမဖြူနှင့် သတ္ထုလုပ်ငန်းများသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အဆမတန် ပိုမိုများလာခဲ့သည်ဟု သိရသည်။
၂၀၂၄ ခုနှစ် ဧပြီလအထိ ရိုက်ကူးခဲ့သော ဂြိုဟ်တုမှတ်တမ်းဓာတ်ပုံများအရ သတ္တုတွင်းတူးသည့်နေရာ ဧက နှစ်သောင်းခွဲကျော်(၂၅၄၁၄ ဧက ထက်မနည်း) အထိရှိနေသည်ဟု Dawei Watch သတင်းဌာနက ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းက ဖော်ပြခဲ့သည်။
ထားဝယ်၊ လောင်းလုံ၊ ရေဖြူနှင့် သရက်ချောင်း မြို့နယ်တို့တွင် ကြုံတွေ့နေရသော သဘာဝကပ်ဘေးသည် ရာသီဥတု ဖောက်ပြန်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ဥပဒေမဲ့ သယံဇာတ တူးဖော်ခြင်းတို့ ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာသော ဒေသဆိုင်ရာ ဂေဟစနစ်ဆိုင်ရာ ပြိုလဲမှုဖြစ်သည်ဟု ယူဆရသည်။
ထို့ကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကြပ်မတ်ခြင်းမရှိဘဲ တူးဖော်မှုများ မထိန်းချုပ်နိုင်ပါက ယခု ကဲ့သို့သော သဘာဝဘေးအန္တရာယ်များနှင့် ဂေဟစနစ် ပျက်စီးမှုများ ပိုမို ကြုံတွေ့နိုင်သည်။




