တော်လှန်ရေး၏ ငွေကြေးထောက်ပံ့မှု အဓိက လမ်းကြောင်းတစ်ခုဖြစ်သည့် ပြည်သူ့တော်လှန်ရေး ထောက်ပို့တပ် (PRF) အဖွဲ့ဝင်များကို ဖမ်းဆီးထားကြောင်း စစ်တပ်ထုတ်ပြန်ချက်နှင့် ပတ်သက်၍ လိုအပ်သည့် စိစစ်မှုများ ပြုလုပ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံက သိရသည်။
NUG ထံ ငွေကြေးထောက်ပံ့သူ ၂၇၀၀ ကျော်၏ အချက်အလက်များ ရရှိထားပြီး နေပြည်တော်မှ အပါအဝင် ၂၁ ဦးကို ဖမ်းဆီးထားကြောင်း စစ်တပ်က ယနေ့ထုတ်သတင်းစာတွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။
ထိုဖြစ်စဉ်ကို NUG အနေဖြင့် စိစစ်မှုများ ပြုလုပ်နေပြီး မကြာခင်ထုတ်ပြန်သွားမည်ဟု ဆိုသော်လည်း ဖမ်းဆီးခံ ရသူ ရှိမရှိ အတည်မပြုပေ။
“လက်ရှိဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ PRF Team ဘက်က လိုအပ်တဲ့ စိစစ်မှုတွေ လုပ်နေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်တဲ့ ထုတ်ပြန်မှုတစ်ခုခုလည်း လုပ်သွားဖို့ရှိပါမယ်။ အဓိကကတော့ အစိုးရိမ်မလွန်ကြဖို့နဲ့ PRF ဘက်က စိစစ်မှုတွေ ပြုလုပ်ပြီးတဲ့အခါ ထုတ်ပြန်မယ့် ထုတ်ပြန်ချက်ကို စောင့်ကြည့်ပေးဖို့ ပြောလိုပါတယ်”ဟု NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က Myanmar Now ကို ပြောသည်။
ပြည်သူ့တော်လှန်ရေး ထောက်ပို့တပ် (People’s Revolutions Supply Family- PRF) သည် NUG ထံ အများဆုံး ငွေကြေးစီးဆင်းနေခြင်းဖြစ်ရာ ပြည်တွင်းပြည်ပမှ ငွေကြေးထောက်ပို့သူ ၁၈၀၀၀ ကျော်ဖြင့် လည်ပတ်နေခြင်းဖြစ်သည်။
“တော်လှန်ရေးဘက်ကို စီးဆင်းနေတဲ့ ငွေကြေးတွေကို ဖြတ်တောက်နိုင်ဖို့ အကြမ်းဖက်စစ်တပ်က မသမာတဲ့ နည်းလမ်းပေါင်းစုံကို အသုံးပြုနေတာဖြစ်ပါတယ်။ PRF ဟာဆိုရင်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် အတွက် အရေးကြီးတဲ့ ထောက်ပို့တပ်ဖြစ်တာကြောင့် အကြမ်းဖက်စစ်တပ်ဘက်ကတော့ နည်းလမ်းပေါင်းစုံနဲ့ဖြတ်တောက်နိုင်ဖို့ ကြိုးစားနေတာ ထင်ရှားပါတယ်” ဟု ဦးနေဘုန်းလတ်က ဆိုသည်။
PRF ဘက်ကလည်း “လတ်တလော ပျံ့နှံ့နေတဲ့ သတင်းနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ Team တွေက သေချာစွာ စိစစ်/စောင့်ကြည့် ဆောင်ရွက်လျက် ရှိပါတယ်” ဟု Myanmar Now ကို ယနေ့ မွန်းတည့်ချိန်က တုံ့ပြန်ဖြေကြားထားသည်။
NUG ကို ငွေကြေးထောက်ပံ့သည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသူ ၂၁ ဦးတွင် အမျိုးသား ၁၂ ဦးနှင့် အမျိုးသမီး ကိုးဦးပါဝင်ပြီး အသက်အရွယ်ကြီးသည့်အမျိုးသမီးအချို့လည်း ပါဝင်သည်ကို စစ်တပ်ထုတ်ပြန်ချက်၌ ဖော်ပြထားသည့် ဓာတ်ပုံတွင် မြင်တွေ့ရသည်။

ရန်ကုန်တိုင်းမှ ရှစ်ဦး၊ နေပြည်တော်မှ နှစ်ဦးအပါအဝင် ကချင်ပြည်နယ် မိုးညှင်း၊ ရှမ်းပြည် မြောက်ပိုင်း လားရှိုး၊ ရှမ်းပြည်တောင်ပိုင်း ရွှေညောင်၊ ဧရာဝတီတိုင်း ပုသိမ်၊ မအူပင် စသည့်မြို့နယ်မှသူများလည်း ပါဝင်သည်။
ထိုသူများသည် ပြည်တွင်းသုံးမိုဘိုင်းငွေကြေးစနစ်တစ်ခုဖြစ်သည့် Wave Pay အပြင် NUG Pay၊ နွေဦးဘဏ် (SDB Bank)၊ Cryptoနှင့် နိုင်ငံခြားငွေကြေးပေးချေမှုများဖြင့် PRF Website ဖြစ်သည့် https//form.prfhq.modnug.org တွင် ငွေကြေးထည့်ဝင်နေကြကြောင်း၊ Wave Pay ဖြင့် လူ ၇၀၀ ခန့်၊ NUG Payဖြင့် ၁၀၀၀ ခန့်၊ SDB Bank ဖြင့် ၁၀၀၀ ခန့် စုစုပေါင်း ၂၇၀၀ ကျော်၏ အချက်အလက်များကို ရရှိထားကြောင်း ပါရှိသည်။
PRF နှင့်ဆက်စပ်၍ ကျန်ရှိသူများအား ဖမ်းဆီးနိုင်ရေးဆောင်ရွက်မည်ဟု စစ်တပ်ဘက်က ဆိုထားသည်။
သို့ရာတွင် PRF ကို ဝက်ဘ်ဆိုက်အနေဖြင့် NUG က အသုံးပြုခြင်းမရှိဘဲ NUG ကာကွယ်ရေးဝန်ကြီးဌာန ၏ တရားဝင်ဝက်ဘ်ဆိုက် https://modnugmm.org/ အမည်ဖြင့်သာ အသုံးပြုသည်ဟု NUG ဘက်က ပြောထားသည်။ PRF အနေဖြင့်လည်း ဖေ့ဘွတ်နှင့်တယ်လီဂရမ်တွင်သာ အသုံးပြုသည်ဟု သိရသည်။
NUG ကို ငွေကြေးထောက်ပံ့သည့် PRF အနေဖြင့် ဖမ်းဆီးခံထားရသူ ၂၁ ဦးအနက်မှ တစ်ဦး၏ မိသားစုနှင့် နီးစပ်သည့် အမျိုးသားတစ်ဦးက PRF အနေဖြင့် ဖမ်းဆီးခံရကြောင်း၊ သို့ရာတွင် NUG ကို ငွေကြေးထောက်ပို့ခြင်းမဟုတ်ဘဲ တော်လှန်ရေးဘက်မှ မိတ်ဆွေအချို့ကို ငွေကြေးကူညီခဲ့မှုသာ ရှိကြောင်း ပြောသည်။
PRF အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တပ်ရင်း၊ တပ်ဖွဲ့များအား ထောက်ပံ့ပေးအပ်မှု အနှစ်ချုပ်စာရင်းအား ယခုနှစ် ဩဂုတ်လက ထုတ်ပြန်ရာတွင် ခန့်မှန်း အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်ကို PRF ၏ ( ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၅ ခုနှစ် စက်တင်ဘာလအထိ) ဘဏ္ဍာငွေများထဲမှ PDF တပ်ရင်းများအတွက် ထုတ်နုတ်သုံးစွဲခဲ့ကြောင်း ဖော်ပြထားသည်။
ထို့အပြင် ပြည်ထောင်စုရန်ပုံငွေမှလည်း ရိက္ခာနှင့်အထွေထွေအသုံးစရိတ်အပြင် အခြား စစ်လက်နက် ဝယ်ယူရေး၊ ထုတ်လုပ်ရေး၊ ရိက္ခာနှင့်ဆေးဝါး၊ လေ့ကျင့်ရေး၊ စစ်ဆင်ရေးနှင့် မဟာမိတ်မျှဝေမှုများကို သုံးစွဲလျက်ရှိကြောင်း ဖော်ပြထားသည်။
ယခုနှစ် ဩဂုတ်လ PRF စာရင်းများအရ ထောက်ပို့သူများထဲတွင် မြန်မာနိုင်ငံမှ လူဦးရေ တစ်သောင်းကျော်ဖြင့် အများဆုံးဖြစ်ပြီး ရန်ကုန်၊ ပဲခူး၊ နေပြည်တော်၊ တနင်္သာရီတိုင်းတို့မှ အများဆုံး ဖြစ်သည်။ ရခိုင်၊ ရှမ်း၊ မကွေး၊ စစ်ကိုင်း၊ မန္တလေး၊ ဧရာဝတီတိုင်း၊ ကချင်၊ ချင်း၊ မွန်၊ ကယား (ကရင်နီပြည်) တို့မှလည်း ပါဝင်သည်ဟု သိရသည်။




