အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရိုဟင်ဂျာလူမျိုးသုဉ်း သတ်ဖြတ်မှုမြန်မာနိုင်ငံတွင် တာဝန်ရှိကြောင်း ICJ တရားရုံး ဆုံးဖြတ်လိုက်ပြီ

၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်၏ ကျူးလွန်မှုများနှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ နိုင်ငံတကာသဘောတူ စာချုပ်ကို ချိုးဖောက်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံးက သမိုင်းဝင်စီရင်ချက် ချမှတ်လိုက်သည်။

ရိုဟင်ဂျာမွတ်စလင်လူနည်းစုအပေါ်ကို ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများ နှင့် ပတ်သက်၍ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းသတ်ဖြတ်မှု တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်ကို ချိုးဖောက်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ယနေ့ (နိုဝင်ဘာလ ၁၉ ရက်) တွင် ဆုံးဖြတ်လိုက်သည်။ ခုနစ်နှစ်ကြာ တရားရင်ဆိုင်ခဲ့ရသည့် အမှုအတွက် သမိုင်းဝင်စီရင်ချက်တရပ် ချမှတ်လိုက်ခြင်းဖြစ်သည်။

ICJ တရားသူကြီး ၁၅ ဦးရှိသည့်အနက် ကိုးဦးက မြန်မာနိုင်ငံသည်လူမျိုးသုဉ်းသတ်ဖြတ်မှုကို ကျူးလွန်ကြောင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်အတွင်း ပေါ်ပေါက်ခဲ့သည့် ကျူးလွန်မှုများကို တားဆီးရန် ပျက်ကွက်ခဲ့သည် ဟူသည်အချက်ကိုမူ တရားသူကြီး ၁၄ ဦးက ထောက်ခံခဲ့သည်။ မြန်မာနိုင်ငံသည် လူမျိုးသုဉ်းသတ်ဖြတ်မှု တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်ပါ အချက်အလက်များကို လုပ်ဆောင်ရန် ပျက်ကွက်သည်ဟုလည်း တရားသူကြီး ၁၄ ဦးက ထောက်ခံခဲ့သည်။

 ICJ တရားသူကြီး ယူဂျီ အီဝါဆာဝါက အမိန့်ကို ဖတ်ကြားရာတွင် ထိုက်သင့်သည့် လျော်ကြေးပေးရန် လည်းဆုံးဖြတ်ပြီး နှစ်နှစ်အတွင်း အကောင်အထည် ဖော်ရမည်ဟု ဆိုသည်။ လျော်ကြေးကို တိတိပပ မသတ်မှတ်သော်လည်း ဖြစ်ပေါ်တိုးတက်မှုများ အတွက် အစီရင်ခံစာ တင်သွင်းရမည်ဖြစ်သည်။ 

မြန်မာနိုင်ငံသည် လူမျိုးသုဉ်းသတ်ဖြတ်မှု တားဆီးရေးရာတွင် သက်သေအထောက်အထားများကို ဖျောက်ဖျက်ပစ်သည့် အချက်ကိုလည်း တွေ့ရသည်ဟု တရားသူကြီး ယူဂျီ အီဝါဆာဝါက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထိုအချက်များကြောင့် မြန်မာနိုင်ငံသည် လူမျိုးသုဉ်းသတ်ဖြတ်မှု တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်ကို ချိုးဖောက်ခဲ့ကြောင်း တရားရုံးက ကိုးမဲ၊ ခြောက်မဲဖြင့် အပြီးသတ်ဆုံးဖြတ်သည်ဟုလည်း တရားသူကြီး ယူဂျီ အီဝါဆာဝါက တရားရုံး၏ အမိန့်ကို ထုတ်ပြန်သည်။

နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ ကုလသမဂ္ဂ၏ အမြင့်ဆုံးတရားရုံးက ချမှတ်လိုက်သည့် အဆိုပါစီရင်ချက်အရ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာများအပေါ်တွင် မြန်မာစစ်တပ်၏ စစ်ဆင်ရေးများအတွက် မြန်မာနိုင်ငံ၌ တာဝန်ရှိကြောင်း နိုင်ငံတကာဥပဒေအရ အတည်ပြုလိုက်ခြင်းဖြစ်သည်။ ထိုစစ်ဆင်ရေးများကြောင့် ရိုဟင်ဂျာ ခုနစ်သိန်းကျော်သည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ယခုစီရင်ချက်သည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မြန်မာစစ်တပ်၏ စစ်ဆင်ရေးများ အတွင်း ဖြစ်ပွားခဲ့သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် ကျေးရွာရာပေါင်းများစွာ မီးရှို့ဖျက်ဆီးခံရမှုများအတွက် တရားမျှတမှုရရှိရန် နှစ်ပေါင်းများစွာ ကြိုးပမ်းလာခဲ့သည့် ရိုဟင်ဂျာများအတွက် အရေးပါသော ဥပဒေရေးရာအောင်မြင်မှုတစ်ခု ဖြစ်လာသည်။

အနောက်အာဖရိကနိုင်ငံငယ်တစ်ခုဖြစ်သည့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံသည် လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ သဘောတူစာချုပ်ပါ တာဝန်ဝတ္တရားများကို ချိုးဖောက်ခဲ့သည်ဟု စွပ်စွဲကာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ အဆိုပါ စာချုပ်သည် လူမျိုးသုဉ်းသတ်ဖြတ်မှုကို တားဆီးရန်နှင့် ကျူးလွန်သူများကို အပြစ်ပေးအရေးယူရန် နိုင်ငံများအား တာဝန်ပေးအပ်ထားခြင်း ဖြစ်သည်။

၂၀၁၇ ခုနှစ် ဩဂုတ်လတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရဲစခန်းများကို ရိုဟင်ဂျာလက်နက်ကိုင်များက တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာစစ်တပ်က စစ်ဆင်ရေးများ စတင်ခဲ့သည်။ 

ထိုစဉ်က စစ်ဦးစီးချုပ်ဖြစ်ပြီး ယခုအခါ သမ္မတရာထူး ရယူထားသည့် ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာစစ်တပ်သည် အင်အားအလုံးအရင်းဖြင့် စစ်ဆင်ရေးများ ဆောင်ရွက်ခဲ့ရာ အရပ်သားများကို ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ခဲ့ကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့က နောက်ပိုင်းတွင် တွေ့ရှိခဲ့သည်။

စစ်တပ်က မိသားစုဝင်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို မုဒိမ်းကျင့်ခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းတို့ ပြုလုပ်ခဲ့ကြောင်း အသက်ရှင်လွတ်မြောက်လာသူများက ပြောကြားခဲ့ကြသည်။ ယင်းကျူးလွန်မှုများကြောင့် ရိုဟင်ဂျာ သိန်းနှင့်ချီ၍ နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့ရသည်။

မောင်တောမြို့အသွား လမ်းဘေးရွာတစ်ရွာရှိ မီးလောင်ပြင်ကို ၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ- Myanmar Now) 

နောက်ပိုင်းတွင် ကုလသမဂ္ဂ၏ အချက်အလက်ရှာဖွေရေးအဖွဲ့က မြန်မာစစ်ခေါင်းဆောင်များကို လူမျိုးသုဉ်းသတ်ဖြတ်မှု၊ လူသားမျိုးနွယ်ကို ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများအတွက် စုံစမ်းစစ်ဆေးကာ တရားစွဲဆိုအရေးယူသင့်ကြောင်း ကောက်ချက်ချခဲ့သည်။

မြန်မာနိုင်ငံဘက်ကမူ လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များ ကို အစဉ်တစိုက် ငြင်းဆိုခဲ့ပြီး စစ်ဆင်ရေးများသည် ရိုဟင်ဂျာ လက်နက်ကိုင်များ၏ တိုက်ခိုက်မှုများကို တရားဝင်တုံ့ပြန်ခဲ့ခြင်းသာ ဖြစ်ကြောင်း ခုခံချေပခဲ့သည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ထိုစဉ်က မြန်မာနိုင်ငံ၏ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သည်ဟိတ်မြို့သို့ သွားရောက်ကာ ICJ တရားရုံးတွင် မြန်မာနိုင်ငံဘက်မှ ခုခံချေပခဲ့သည်။

စစ်ဆင်ရေးများသည် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခအခြေအနေအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က လျှောက်လဲခဲ့ပြီး မြန်မာနိုင်ငံတွင် လူမျိုးသုဉ်းသတ်ဖြတ်ရန် ရည်ရွယ်ချက်ရှိခဲ့သည်ဆိုသည့် စွပ်စွဲချက်များကိုလည်း ငြင်းဆိုခဲ့သည်။

တချိန်က ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်သူအဖြစ် ကမ္ဘာတဝန်း ချီးကျူးခံခဲ့ရသည့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ တရားရုံးရှေ့မှောက် ခုခံချေပမှုသည် နိုင်ငံတကာတွင် ဝေဖန်မှုများစွာ ထွက်ပေါ်စေခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် ICJ တရားရုံးက လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ သဘောတူစာချုပ်အရ တားမြစ်ထားသည့် လုပ်ရပ်များမှ ရိုဟင်ဂျာများကို ကာကွယ်ရန်နှင့် ကျူးလွန်မှုများနှင့် ပတ်သက်သည့် သက်သေအထောက်အထားများ ကို ထိန်းသိမ်းရန် မြန်မာနိုင်ငံအား ကြားဖြတ်အမိန့် ချမှတ်ခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကို ဖြုတ်ချ၍ အာဏာသိမ်းခဲ့ပြီး နိုင်ငံတဝန်း ပြည်တွင်းစစ် ပိုမိုကျယ်ပြန့်လာခဲ့သော်လည်း ICJ တရားရုံးတွင် အမှုကို ဆက်လက်စစ်ဆေးခဲ့သည်။

၂၀၂၁ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ထိုအမှုနှင့် ပတ်သက်၍ တရားရင်ဆိုင်ခြင်းဆိုင်ရာကော်မတီကို ယင်းနှစ် ဇွန်လအတွင်း ဖွဲ့စည်းခဲ့ပြီး စစ်တပ်၏ ထိုစဉ်က နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများအဖြစ် ဦးကိုကိုလှိုင်နှင့် ဒေါ်သီတာဦးတို့ကို ကော်မတီတွင် ခန့်အပ်ခဲ့သည်။

၂၀၂၂ ခုနှစ် ဇူလိုင်လတွင် တရားရုံး၏ စီရင်ပိုင်ခွင့်နှင့် အမှုလက်ခံကြားနာနိုင်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံဘက်က တင်သွင်းထားသည့် ကန့်ကွက်ချက်များကို ICJ က ပယ်ချခဲ့ပြီး အမှုကို ဆက်လက်စစ်ဆေးရန် ဆုံးဖြတ်ခဲ့သည်။

ထို့နောက် နှစ်ဖက်တင်သွင်းသည့် စာဖြင့်ရေးသားထားသော သက်သေအထောက်အထားများနှင့် ဥပဒေရေးရာလျှောက်လဲချက်များကို တရားရုံးက စစ်ဆေးသုံးသပ်ပြီး ယခုစီရင်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။

တစ်ဦးချင်းစီ၏ နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာ တာဝန်ရှိမှုကို စစ်ဆေးစီရင်သည့် အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး (ICC) နှင့် မတူဘဲ ICJ သည် နိုင်ငံများ၏ နိုင်ငံတကာဥပဒေဆိုင်ရာ တာဝန်ရှိမှုကို ဆုံးဖြတ်သည့် တရားရုံးဖြစ်သည်။

ထို့ကြောင့် ယခုစီရင်ချက်သည် ၂၀၁၇ ခုနှစ် စစ်ဆင်ရေးများကို ဦးဆောင်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် စစ်အာဏာသိမ်းခဲ့သည့် ဦးမင်းအောင်လှိုင်အပါအဝင် စစ်ခေါင်းဆောင်တစ်ဦးချင်းစီ၏ ရာဇဝတ်မှုဆိုင်ရာ တာဝန်ရှိမှုကို ဆုံးဖြတ်ခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံ၏ နိုင်ငံတကာဥပဒေအရ တာဝန်ရှိမှုကို ဆုံးဖြတ်ခြင်းဖြစ်သည်။

ယခုစီရင်ချက်သည် နိုင်ငံတစ်နိုင်ငံအဖြစ် မြန်မာနိုင်ငံကို ဥပဒေအရ အတည်လိုက်နာရမည့် ဆုံးဖြတ်ချက်ဖြစ်သဖြင့် လက်ရှိစစ်ခေါင်းဆောင်များသာမက အနာဂတ်တွင် တက်လာမည့် မည်သည့်အစိုးရတွင်မဆို သက်ရောက်မည်ဖြစ်သည်။

ရိုဟင်ဂျာများကို ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများ အတွက် မြန်မာနိုင်ငံ၏ တာဝန်ရှိမှုကို အသိအမှတ်ပြုရန်၊ အလားတူကျူးလွန်မှုများ ထပ်မံမဖြစ်ပွားစေရေး အာမခံချက်ပေးရန်နှင့် နစ်နာသူများအတွက် လျော်ကြေးနှင့် ပြန်လည်ကုစားမှုများ ဆောင်ရွက်ပေးရန် ဂမ်ဘီယာနိုင်ငံက တောင်းဆိုထားသည်။

သို့သော် ယခုစီရင်ချက်ကို လက်တွေ့အကောင်အထည်ဖော်နိုင်ရေးနှင့်ပတ်သက်၍ မေးခွန်းများလည်း ထွက်ပေါ်လာသည်။

ICJ တရားရုံး၏ စီရင်ချက်များသည် ဥပဒေအရ အတည်လိုက်နာရမည်ဖြစ်သော် လည်း တရားရုံးတွင် ကိုယ်ပိုင်အရေးယူဆောင်ရွက်နိုင်သည့် ယန္တရားမရှိပေ။ စီရင်ချက်ကို လိုက်နာရန် ပျက်ကွက်ပါက ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ တင်ပြနိုင်သော်လည်း အင်အားကြီးနိုင်ငံများအကြား နိုင်ငံရေးသဘောထား ကွဲလွဲမှုများကြောင့် ထပ်မံအရေးယူဆောင်ရွက်ရန် အခက်အခဲများ ရှိလာနိုင်သည်။

ရိုဟင်ဂျာများအတွက်မူ ယခုစီရင်ချက် ထွက်ပေါ်လာချိန်တွင် ၎င်းတို့၏ အနာဂတ်မှာ မရေရာမှုများ ဆက်လက်ရှိနေဆဲဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရိုဟင်ဂျာဒုက္ခသည် တစ်သန်းကျော် ခိုလှုံနေရဆဲဖြစ်ပြီး အများစုမှာ ကော့ဘဇားဒေသရှိ လူဦးရေထူထပ်သော ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြရသည်။ မြန်မာနိုင်ငံသို့ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်မည့် အလားအလာမှာလည်း နည်းပါးနေဆဲဖြစ်သည်။

ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်သည့် အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲများကြောင့် ပြည်နယ်၏ နယ်မြေအများအပြားတွင် ထိန်းချုပ်မှုအခြေအနေများ ပြောင်းလဲလာခဲ့ပြီး လုံခြုံရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများ ပိုမိုဆိုးရွားလာခဲ့သည်။

ယင်းပဋိပက္ခများကြောင့် ရိုဟင်ဂျာအသိုင်းအဝိုင်းများသည် အကြမ်းဖက်မှုများ၊ နေရပ်စွန့်ခွာထွက်ပြေးရမှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီရရှိရေး ဆိုးဝါးပြင်းထန်သော ကန့်သတ်ချက်များကို ထပ်မံရင်ဆိုင်နေကြရ သည်။

ICJ ၏ ယခုစီရင်ချက်က မြန်မာနိုင်ငံ၏ နိုင်ငံတကာဥပဒေအရ တာဝန်ရှိမှုကို အတည်ပြုလိုက်သော်လည်း ကျူးလွန်သူတစ်ဦးချင်းစီကို အလိုအလျောက် တရားစွဲဆိုအရေးယူနိုင်ခြင်း၊ အသက်ရှင်ကျန်ရစ်သူများအတွက် လျော်ကြေးရရှိခြင်း သို့မဟုတ် ဒုက္ခသည်များ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ခြင်းတို့ကို ချက်ချင်းဖြစ်ပေါ်စေမည် မဟုတ်ပေ။

ရခိုင်ပြည်နယ်တွင် စစ်တပ်၏ အကြမ်းဖက်မှုများကြောင့် ထွက်ပြေးလာကြရ သည့် ရိုဟင်ဂျာဒုက္ခသည်များကို ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၅ရက်က ဘင်္ဂလားဒေ့ရှ် နိုင်ငံ တက်နက်ဖ်မြို့အနီးရှိ ခန်ချွန်နယ်စပ်ဖြတ်ကျော်ရာနေရာသို့ ရောက်ရှိလာစဉ်။ (ဓာတ်ပုံ- AFP)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles