အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
စုံစမ်းဖော်ထုတ်ရေးသားမှုဆောင်းပါး

မြန်မာစစ်တပ်အတွက် နိုင်ငံခြားဝင်ငွေရရှိစေသည့် ဓာတ်ငွေ့စီမံကိန်းနှင့် ဆက်စပ်သည့် ကုမ္ပဏီကို ဂျာမန် Deutsche ဘဏ် က ငွေကြေးဝန်ဆောင်မှုပေးခဲ့

ပေါက်ကြားလာသည့် ဘဏ်အချက်အလက်များအရ အမေရိကန်အခြေစိုက် Halliburton ကုမ္ပဏီ လျှောက်ထားလာသည့် ဘဏ်အာမခံကြေး တိုးမြှင့်ပမာဏကို အတည်မပြုပေးသင့်ဟု ဘဏ်၏ စိစစ်ကြီးကြပ်ရေးအဖွဲ့က သတိပေးခဲ့သည့် ကြားမှ မြန်မာစစ်တပ်ထိန်းချုပ် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဆက်လက်လည်ပတ်နိုင်စေမည့် ဝန်ဆောင်မှုကို ဘဏ်က ခွင့်ပြုပေးခဲ့သည်။

ဂျာမနီအခြေစိုက် Deutsche Bank (ဒွိုက်ချ်ဘဏ်) သည် ဘဏ်၏ စိစစ်ရေးအဖွဲ့က “အတည်ပြုမပေးခဲ့သင့်” ဆိုသည့် သုံးသပ်ချက်ကို ဆန့်ကျင်၍ ဇောတိက ကမ်းလွန်သဘာဝဓာတ်ငွေ့ စီမံကိန်းတွင် ပါဝင်နေသော အမေရိကန်ကုမ္ပဏီတခုအတွက် ဘဏ်အာမခံပမာဏကို တိုးမြှင့်ပေးခဲ့ကြောင်း ပေါက်ကြားလာသည့် စာရွက်စာတမ်းများအရ သိရသည်။

ဇောတိကစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံထားသည့် ထိုင်းကုမ္ပဏီ PTTEP က ပိုက်ချခြင်းနှင့် ဓာတ်ငွေ့စုပ်ယူခြင်း ဝန်ဆောင်မှုများအတွက် တဆင့်ငှားရမ်းထားသော အမေရိကန်အခြေစိုက် Halliburton (ဟာလီဘာတန်) ကုမ္ပဏီအတွက် ဒွိုက်ချ်ဘဏ်က ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင်  အမေရိကန်ဒေါ်လာ ၇၀၀,၀၀၀ ဝန်းကျင်တန်ဖိုးရှိသော ဘဏ်အာမခံ (bond guarantee) ကို ကနဦး ထုတ်ပေးခဲ့သည်။​

ဘဏ်အာမခံ (bond guarantee) ဆိုသည်မှာ ကန်ထရိုက်တာတဦးသည် သတ်မှတ်ကာလအတွင်း အလုပ်မအပ်နိုင်လျှင်၊ သို့မဟုတ် သတ်မှတ်အရည်အသွေး မပြည့်မီခဲ့လျှင် ထိုကန်ထရိုက်တာကို ငှားရမ်းထားသည့် ရင်းနှီးမြှုပ်နှံသူအား ဖော်ပြထားသော ငွေပမာဏကို ဘဏ်က စိုက်လျော်ပေးမည်ဟုကတိပြုထားသော အာမခံစာချုပ်ဖြစ်သည်။ 

မြန်မာတွင် စစ်အာဏာသိမ်းပြီး တနှစ်နီးပါးအကြာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ဟာလီဘာတန်က ဘဏ်အာမခံပမာဏကို ဒေါ်လာတသန်းကျော်အထိ တိုးမြှင့်ပေးရန် ဒွိုက်ချ်ဘဏ်ထံ လျှောက်ထားခဲ့ရာ ဘဏ်က သဘောတူပြီး တိုးမြှင့်ပေးခဲ့သည်။ 
PTTEP သည် ဇောတိက စီမံကိန်းတွင် ရှယ်ယာအများစု (၈၀ ရာခိုင်နှုန်း) ရင်းနှီးမြှုပ်နှံထားပြီး  ကျန်ရှယ်ယာ ၂၀ ရာခိုင်နှုန်းကို အာဏာသိမ်း စစ်တပ်က ထိန်းချုပ်ထားသော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) က ပိုင်ဆိုင်ထားသည်။ 

ဇောတိက လုပ်ကွက်မှ ဓာတ်ငွေ့အများစုကို ထိုင်းနိုင်ငံသို့ တင်ပို့ပြီးအနည်းငယ်ကိုသာ ပြည်တွင်း လျှပ်စစ်ထုတ်လုပ်ရေးအတွက် အသုံးပြုသည်။
ဇောတိက လုပ်ကွက်မှ ဓာတ်ငွေ့အများစုကို ထိုင်းနိုင်ငံသို့ တင်ပို့ပြီးအနည်းငယ်ကိုသာ ပြည်တွင်း လျှပ်စစ်ထုတ်လုပ်ရေးအတွက် အသုံးပြုသည်။

ဘဏ်အာမခံတန်ဖိုးကို ဒေါ်လာ တသန်းကျော်အထိ တိုးမြှင့်ပေးရန် ၂၀၂၂ ခုနှစ်တွင် ဟာလီဘာတန်က လျှောက်ထားလာခဲ့စဉ်က ဘဏ်တွင်း သုံးသပ်ကြီးကြပ်ရေးအဖွဲ့မှ အရာရှိ တဦးက ဘဏ်ထိပ်ပိုင်းအရာရှိများထံ ဌာနတွင်း သတိပေးမှု တခုပြုခဲ့သည်။
 
“လေ့လာချက်တွေအရ ဇောတိကစီမံကိန်းကို MOGE က ပိုင်တယ်လို့ တွေ့ရပါတယ်။ ကုလသမဂ္ဂ စုံစမ်းရေးအဖွဲ့တဖွဲ့ကလည်း MOGE ဟာ အခုအခါ (အာဏာသိမ်း) စစ်ကောင်စီရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိနေတယ်လို့ ထုတ်ဖော်ပြောထားတာ ရှိပါတယ်” ဟု ထိုအရာရှိက ဘဏ်အရာရှိများကို သတိပေးခဲ့သည်။

MOGE တွင် ယခင်က တာဝန် ထမ်းဆောင်ခဲ့ဖူးပြီး ယခု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အတွင်းဝန်အဖြစ် တာဝန်ထမ်းနေသူ ဦးစောစံအေးက ဇောတိက စီမံကိန်းမှ ဓာတ်ငွေ့ရောင်းရငွေများသည် MOGE မှတဆင့် စစ်ကောင်စီ၏ ဘဏ္ဍာတိုက်ထဲသို့ တိုက်ရိုက် စီးဝင်နေသည်ဟု ပြောသည်။
 
၂၀၂၁ ခုနှစ် ဇွန်လတွင် ထုတ်ပြန်ခဲ့သော ‘Publish What You Pay’ အစီရင်ခံစာတစောင်တွင် MOGE ရရှိသော ဝင်ငွေများသည် စစ်တပ်အတွက် အကြီးမားဆုံးသော နိုင်ငံခြားငွေ အရင်းအမြစ် ဖြစ်ကြောင်း ဖော်ပြထားသည်။
 
သို့သော် ဒွိုက်ချ်ဘဏ်က ၎င်းတို့နှင့် ဟာလီဘာတန်တို့အကြား ဘဏ်အာမခံထုတ်ပေးမှုမှတဆင့် MOGE ထံသို့ ဝင်ငွေတိုက်ရိုက် စီးဆင်းစေခြင်းမရှိသလို၊ ဒဏ်ခတ်အရေးယူခံထားရသည့် မည်သည့်အဖွဲ့အစည်းနှင့်မျှလည်း မပတ်သက်ဟုဆိုကာ ဘဏ်အာမခံပမာဏ တိုးမြှင့်ပေးရန် လျှောက်ထားမှုကို အတည်ပြုပေးခဲ့သည်။ 

ထိုသို့ အတည်ပြုပေးပြီး ရက်ပိုင်းအတွင်း ဘဏ်၏ သုံးသပ်ကြီးကြပ်ရေးအဖွဲ့၏ အကြီးတန်းအရာရှိတဦးက ယင်းကိစ္စကို ထောက်ချက်ပေးခဲ့ကြောင်း၊ ဘဏ်အာမခံတန်ဖိုးကို ထပ်မံတိုးမြှင့်ပေးခြင်းသည် မြန်မာစစ်ကောင်စီအား သွယ်ဝိုက်သောနည်းဖြင့် အကျိုးအမြတ်များ ရရှိစေရန် အထောက်အကူ ပြုနေသကဲ့သို့ ရှုမြင်နိုင်ကြောင်း တင်ပြခဲ့သည်ဟု ပေါက်ကြားလာသော စာရွက်စာတမ်းများက ဆိုသည်။

ဘဏ်အာမခံ တန်ဖိုး တိုးမြှင့်ပေးခြင်းသည် အာဏာသိမ်း မြန်မာစစ်တပ်နှင့် မပတ်သက်ရေး သို့မဟုတ် ပတ်သက်မှုကိုအနည်းဆုံးသို့ လျှော့ချရေးဆိုသည့် ဘဏ်၏စံနှုန်းနှင့် ဆန့်ကျင်နေ ကြောင်းနှင့် “ထို့ကြောင့် ပယ်ချခဲ့သင့်ကြောင်း” ထို အကြီးတန်းအရာရှိက ထောက်ချက် ပေးခဲ့ကာ  “ပြန်လည် ရုပ်သိမ်းနိုင်သည့် အခွင့်အလမ်း ရှိမရှိ” လည်း မေးမြန်းခဲ့သည်။ 

ယင်းကို ကြည့်လျှင် ဘဏ်အနေဖြင့် “စစ်တပ်နှင့် ပတ်သက်မှုမရှိပါဆိုသော (ဟာလီဘာတန်) ၏ ခံဝန်ကတိ” တဖက်သတ်စကားကိုသာ ယုံကြည်ခဲ့ပြီး၊ သင့်လျော်သော စုံစမ်းစစ်ဆေးမှု (due diligence) ကို လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း ညွှန်ပြနေသည်။
သို့ရာတွင် ထိုသဘောတူညီချက်ကို ပြန်လည် ပြင်ဆင်၍မရနိုင်ခဲ့သလို၊ ဖြစ်ရပ် အစီရင်ခံစာကိုလည်း တင်သွင်းခဲ့ခြင်း မရှိပါ။ 

စစ်အာဏာသိမ်းပြီးနောက် မြန်မာ စစ်ကောင်စီထံသို့ နိုင်ငံခြားငွေ စီးဆင်းမှု တားဆီး ဖြတ်တောက်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့သည့် Blood Money Campaign ၏ ပြောရေးဆိုခွင့်ရှိသူ နွေဦးလီလီက ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း ဝန်ဆောင်မှု ကုမ္ပဏီများသည် အာဏာသိမ်းမှုနောက်ပိုင်း (စစ်တပ်၏ ရာဇဝတ်မှုများတွင် လက်လျှိုပါဝင်မှု) လျော့ကျသွားပြီ ဟူသော အဆိုကို ပယ်ချခဲ့သည်။ 

“…MOGE ဆီကနေ ရရှိတဲ့ ငွေကြေးတွေဟာ တရားဝင် နိုင်ငံတကာ ဘဏ်လမ်းကြောင်းတွေက တဆင့် (စစ်ကောင်စီဆီကို) စီးဆင်းနေပါတယ်။ ဒီဝင်ငွေတွေသုံးပြီး သူတို့ (စစ်ကောင်စီ) ဟာ နိုင်ငံတကာနဲ့ ကြားခံဘဏ်တွေ၊ ငွေကြေးလွှဲပြောင်းရေး ကွန်ရက်တွေကနေ တဆင့် လက်နက်တွေ၊ လေယာဉ်ဆီတွေ၊ စစ်ဘက်လေယာဉ်တွေနဲ့ တခြား စစ်လက်နက်ပစ္စည်းတွေကို ဝယ်ယူနိုင်တဲ့ အခွင့်အလမ်း ရှိနေပါတယ်။

“ဒီကုမ္ပဏီတွေ ဖြေရမယ့် မေးခွန်းတခုရှိပါတယ်။ စစ်ရာဇဝတ်မှုတွေ၊ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်မှုတွေကို ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်ရောက်နေတဲ့ စွမ်းအင်ကဏ္ဍကို MOGE ရဲ့အောက်မှာ ဆက်လက် လည်ပတ်နေနိုင်အောင် သူတို့တွေရဲ့ ဝန်ဆောင်မှုတွေက ဘယ်လောက် အတိုင်းအတာအထိ ထောက်ကူပေးနေသလဲ ဆိုတာပါပဲ” ဟု နွေဦးလီလီက ပြောသည်။ 

ဘဏ်အာမခံတန်ဖိုး တိုးမြှင့်ပေးရန် ဒွိုက်ချ်ဘဏ်က သဘောတူခဲ့သည့်အချိန်သည် မြန်မာ့ဓာတ်ငွေ့ကဏ္ဍနှင့် စစ်ကောင်စီတို့ အကြား ဆက်စပ်မှုများကို အထူးကြပ်မတ် စစ်ဆေးနေသည့် အချိန်ကာလနှင့်လည်း တိုက်ဆိုင်နေသည်။ အတည်မပြုမီ ရက်ပိုင်းအလိုတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီကြီးများဖြစ်ကြသော TotalEnergies နှင့် Chevron တို့က “MOGE ၏ ဝင်ငွေကို ကန့်သတ်ရန်” ဆိုသောအကြောင်းပြချက်ဖြင့် မြန်မာနိုင်ငံမှထွက်ခွာတော့မည်ဟု ကြေညာခဲ့ကြသည်။
 
ဇောတိကစီမံကိန်းမှ ရငွေများသည် MOGE မှတဆင့် နောက်ဆုံး အာဏာသိမ်းစစ်တပ်ထံမှာသာ ဂိတ်ဆုံးကြောင်း Justice for Myanmar အဖွဲ့က ၂၀၂၁ တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ 

၂၀၂၁ ခုနှစ် ဩဂုတ်လတွင် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ဒွိုက်ချ်ဘဏ်သို့ ပေးပို့ခဲ့သည့် ပေးစာတစောင်၏ မိတ္တူလည်း ပေါက်ကြားလာသော စာရွက်စာတမ်းများထဲတွင် ပါဝင်နေသည်။ ထိုစာတွင် “(စစ်တပ်ထိန်းချုပ်) မြန်မာနိုင်ငံပိုင်လုပ်ငန်းများနှင့် မကင်းသည့် ယူအက်စ် သို့မဟုတ် ယူကေ ငွေကြေး ဖြတ်သန်း စီးဆင်းမှုများကို” ဘဏ်က မည်သို့ ကိုင်တွယ်ဖြေရှင်းနေသနည်းဆိုသော မေးခွန်းပါဝင်သည်။ 

ဘဏ်က မည်သို့ ဖြေကြားခဲ့သည်ကို မသိရသော်လည်း ထိုစာကို မည်ကဲ့သို့ ပြန်ကြားရမည်ကို ဆွေးနွေးကြရာတွင် ဘဏ်အနေဖြင့် “နောက်ကြောင်းစစ်ဆေးမှုများပြုခဲ့သော်လည်း (မြန်မာ) စစ်တပ်နှင့် ဆက်ဆံရေးတည်ဆောက်” သကဲ့သို့ အသွင်ဆောင်သွားနိုင်သလား “မိမိတို့ မသိနိုင်” ဖြစ်သွားမှာကို “ကြောက်ရွံ့မိ” သည်ဟု ဘဏ်အကြီးတန်းအရာရှိများက ထုတ်ပြောခဲ့ကြသည်ဟု ပေါက်ကြားမှတ်တမ်းများတွင် တွေ့ရသည်။။​ 

ဘဏ်အာမခံပမာဏ တိုးမြှင့်ပေးရန် ဟာလီဘာတန်၏ လျှောက်ထားချက်ကို ဒွိုက်ချ်ဘဏ်က အတည်ပြုပြီး ရက်သတ္တပတ် အနည်းငယ်အကြာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်တွင် ဥရောပသမဂ္ဂ (EU) က MOGE ကို ဒဏ်ခတ်ခြင်း အပါအဝင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် စတုတ္ထအကြိမ်မြောက် အရေးယူဒဏ်ခတ်မှုများကို ချမှတ်ကြေညာ ခဲ့သည်။ 

အာဏာသိမ်းပြီးနောက် ရေနံနှင့်ဓာတ်ငွေ့ ကုမ္ပဏီများ မြန်မာမှ ထွက်ခွာရန် ပျက်ကွက်

၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ဇောတိကစီမံကိန်းနှင့် ဆက်စပ်ပြီး ဟာလီဘာတန် ကဲ့သို့ပင် အလားတူ ဒွိုက်ချ်ဘဏ်ထံမှ ဘဏ်အာမခံ (Standby Letter of Credit – SBLC) လျှောက်ထားခဲ့သည့် တခြား အမေရိကန်ကုမ္ပဏီတခု ရှိခဲ့ပြီး ၎င်းမှာ တက္ကဆက် အခြေစိုက် စွမ်းအင်နည်းပညာကုမ္ပဏီ Baker Hughes (ဘေကာဟျုချ်) ဖြစ်သည်။​ သို့သော် ဒွိုက်ချ်ဘဏ်သည် ထိုကုမ္ပဏီ၏ SBLC ထုတ်ပေးရန် လျှောက်ထားမှု (ထိုလျှောက်ထားမှုသည်လည်း PTTEP အတွက် ဖြစ်) ကို ပယ်ချခဲ့သည်။
 
ထိုစဉ်က ဒွိုက်ချ်ဘဏ်၏ သုံးသပ်ကြီးကြပ်ရေးအဖွဲ့ က ဇောတိက စီမံကိန်းသည် အာဏာသိမ်းစစ်တပ်အတွက် အကျိုးစီးပွားရှိနေစေနိုင်သည်ဟု သုံးသပ်ခဲ့ဖူးသည်။ 
“MOGE ကို မြန်မာစစ်တပ်က ထိန်းချုပ်ထားဖွယ်ရှိပါတယ်။ အခု ဒီ ဘဏ်အာမခံကို ပေးလိုက်မယ် ဆိုရင် PTTEP အတွက် အကျိုးရှိမှာဖြစ်ပြီး၊ နောက်ဆုံးမှာ ဒီအာမခံပေးလိုက်တာကြောင့်ပဲ MOGE ဟာ သွယ်ဝိုက် အမြတ်ရသွားနိုင်မို့ ဒါဟာ ဘဏ်ရဲ့ မူဝါဒအရ ပယ်ချရမယ့် ငွေကြေးကိစ္စဖြစ်ပါ တယ်” ဟု အဖွဲ့၏ တကမ္ဘာလုံးဆိုင်ရာ အကြီးအကဲက မှတ်ချက်ပေးခဲ့သည်။ 

သို့သော် ဘေကာဟျုချ်၏ လျှောက်ထားမှုကို ဒွိုက်ချ်ဘဏ်က ထိုစဉ်က ပယ်ချခဲ့ခြင်းမှာ အထက်ပါ မှတ်ချက်ကြောင့် ဟုတ်မဟုတ်မသိရသလို ဟာလီဘာတန်၏ အာမခံလျှောက်ထားမှုတွင် မည်သည့် အတွက် အလားတူ စံနှုန်းဖြင့် မစဉ်းစားခဲ့ကြောင်းလည်း မရှင်းလင်းပေ။ 

၂၀၂၃ ခုနှစ်က ထုတ်ပြန်ခဲ့သည့် NGO အစီရင်ခံစာ တစောင်တွင် မြန်မာ့ ရေနံနှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍ၌ နိုင်ငံတကာကုမ္ပဏီများ၏ ပါဝင်ပတ်သက်မှုကို လေ့လာတင်ပြထားသည်။ ထိုအစီရင်ခံစာ ထွက်လာပြီးနောက်တွင် ဘေကာဟျုချ်ကုမ္ပဏီက ၎င်းတို့အနေဖြင့် စစ်အာဏာသိမ်းပြီးနောက် စာချုပ်အသစ်များ မချုပ်ဆိုခဲ့ဘဲ အရေးကြီးသော ဘေးကင်းလုံခြုံရေးနှင့် လုပ်ငန်းလည်ပတ်မှု လိုအပ်ချက်များကို ပံ့ပိုးရန်အတွက်သာ နိုင်ငံအတွင်း အလွန် ကန့်သတ်ထားသော အရေအတွက်ဖြင့် ဝန်ထမ်း အနည်းငယ်သာထားရှိကြောင်း ဆိုခဲ့သည်။

သို့သော် ဒွိုက်ချ်ဘဏ်၏ ဌာနတွင်း ဖြန့်ဝေထားသော စာရင်းဇယား တခုတွင် ၂၀၂၁ ခုနှစ် ဇူလိုင်လ နှင့် ဩဂုတ်လတို့၌ Baker Hughes International Holdings LLC (ရန်ကုန်ဌာနခွဲ) အား ဘဏ်အာမခံ (SBLC) အသစ်များ ထုတ်ပေးနေကြောင်း ဖော်ပြထားသည်။ 

ထိုစာရင်းဇယားတွင်ပင် စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင်ပင် ဘဏ်သည် ထိုအချိန်က MOGE နှင့် ဖက်စပ်ပါတနာ PTTEP International Limited ၏ ရန်ကုန်ဌာနခွဲထံသို့ SBLC များ ဆက်လက် ထုတ်ပေးခဲ့ကြောင်း ဖော်ပြထားသည်။ 
၂၀၂၃ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာ တစောင်တွင် မြန်မာတွင် စစ်အာဏာသိမ်းပြီး နောက်ပိုင်း Baker Hughes နှင့် Halliburton ကုမ္ပဏီနှစ်ခုလုံး အမြတ်အစွန်းများ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

Blood Money Campaign နှင့် Justice for Myanmar တို့ကမူ အများပြည်သူလက်လှမ်းမီသည့် အထောက်အထားများအရ ထိုကုမ္ပဏီနှစ်ခုလုံးသည် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် လုပ်ငန်းများ ဆက်လက် လည်ပတ်နေသည့်သဘော ရှိကြောင်းဆိုသည်။ ၂၀၂၆ ခုနှစ် ဇူလိုင်လတွင် Burma Campaign UK သည် Halliburton နှင့် Baker Hughes ကုမ္ပဏီနှစ်ခုလုံးကို မြန်မာစစ်ကောင်စီနှင့် ဆက်စပ်နေသော ကုမ္ပဏီများအဖြစ် အမည်ပျက်စာရင်း (Dirty List) တွင် ထည့်သွင်းခဲ့သည်။ ၂၀၂၆ ခုနှစ် ဧပြီလတွင် Halliburton သည် ရန်ကုန်အခြေစိုက် ရေနံနှင့် သဘာဝဓာတ်ငွေ့ ဝန်ဆောင်မှုများနှင့်ဆိုင်သော ရာထူးနေရာ တခုအတွက် အလုပ်ခေါ်စာ ကြော်ငြာခဲ့သည်။ 

သို့သော် ဒဏ်ခတ်အရေးယူမှုဆိုင်ရာ ပြဋ္ဌာန်းချက်များ ချိုးဖောက်မှုရှိသည့်သဘောကိုမူ မတွေ့ရပါ။

Baker Hughes နှင့် Halliburton တို့ဘက်က မေးခွန်းများကို ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါ။ ဒွိုက်ချ်ဘဏ် ကမူ ၎င်းတို့သည် No Business with Genocide ၏ စာကို ၎င်းတို့ တုံ့ပြန်ထားသည့် ၂၀၂၃ ခုနှစ် ကြေညာချက် အတိုင်း ဆက်လက် ရပ်တည်လျက် ရှိကြောင်း အကြောင်းပြန်သည်။ ထိုကြေညာချက်တွင် “ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ (EU) နှင့် အမေရိကန်တို့ ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို လိုက်နာသည့် အစီအမံများ လုပ်ဆောင်ခြင်းအပြင်၊ Deutsche Bank သည် မြန်မာနိုင်ငံနှင့် စီးပွားရေးလုပ်ကိုင်ခြင်းကို ကန့်သတ်ရန် ရည်ရွယ်သော အတွင်းရေးမူဝါဒ တရပ်ကို ဆက်လက် ကျင့်သုံးလျက်ရှိကြောင်း ဖော်ပြထားသည်။ 

ဤသတင်းကို Myanmar Now နှင့် ကမ္ဘာတစ်ဝန်းရှိ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ကုန်စည်လုပ်ငန်းများကို အထူးပြု စုံစမ်းဖော်ထုတ်နေသည့် လန်ဒန်အခြေစိုက် သုတေသနအဖွဲ့ Data Desk တို့ ပူးပေါင်းရေးသားထားသည်။

Deutsche Bank အတွင်းသတင်း ပေါက်ကြားမှုကို အိန္ဒိယစာရေးဆရာနှင့် သတင်းစာဆရာ Josy Joseph နှင့် တောင်အာဖရိက ထောက်လှမ်းစုံစမ်းရေး ဂျာနယ်လစ် Khadija Sharife တို့က ရယူခဲ့သည်။ 

Deutsche Bank အတွင်းသတင်း ထောက်လှမ်းစုံစမ်းမှုကို တောင်အာဖရိကရှိ Barracuda Media NPC က ဂျာမနီရှိ Data and Research Center (DARC) ၏ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။