လာမည့်နှစ်ဆန်းတွင် ကျင်းပမည့် ထိုင်းဘုရင့်လေတပ်၏ နှစ် ၉၀ ပြည့် အထိမ်းအမှတ် အခမ်းအနား၌ မြန်မာစစ်တပ်၏ တိုက်လေယာဉ်တစီး ခင်းကျင်းပြသခွင့်ပြုမည်ဟု ထိုင်းလေတပ်ဦးစီးချုပ်၏ ကြေညာချက်နှင့်ပတ်သက်၍ ထိုင်းလွှတ်တော်အမတ်ဟောင်း တဦးက ဝေဖန်လိုက်သည်။
လာမည့် ၂၀၂၇ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်မှ ၂၄ ရက်အထိ ဘန်ကောက်မြို့ ဒွန်မောင်းလေတပ်စခန်း၌ ကျင်းပမည့် အဆိုပါ အခမ်းအနား၌ မြန်မာနှင့် လာအိုနိုင်ငံတို့ပါ ပထမဆုံးအကြိမ် ပါဝင်လာမည်ဟု ထိုင်းလေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆက်ဆန် ခန်သာ (Seksan Kantha) က နိုဝင်ဘာလ ၂၅ ရက် တွင် ပြောသည်။
ယင်းလေကြောင်းပြပွဲတွင် မြန်မာစစ်တပ်ကပြသမည့် ထိုတိုက်လေယာဉ်မှာ ရုရှားနိုင်ငံမှ မကြာမီက ဝယ်ယူထားသည့် Su-30SME တိုက်လေယာဉ်အမျိုးအစားဖြစ်ပြီး ၎င်းသည် သရုပ်ပြ ပျံသန်းမည် မဟုတ်ဘဲ ရပ်နားပြသရုံမျှသာဟု ဆိုသည်။
ထိုင်းလေတပ်ဦးစီးချုပ်က ထိုသို့ပြောပြီး နောက်တရက်တွင် ထိုင်းလွှတ်တော် အမတ်ဟောင်း ကန်နာဝီး ဆူဝေ့ပ်ဆား(င်) (Kannavee Suebsang) က ယင်းကိုဝေဖန်လိုက်ပြီး နောက်ဆက်တွဲ နိုင်ငံရေးသက်ရောက်မှုများနှင့် ပတ်သက်၍ အသေအချာစဉ်းစားသင့်ကြောင်း Facebook တွင် ထိုင်း၊ အင်္ဂလိပ်၊ မြန်မာ သုံးဘာသာဖြင့် ရေးသားထားသည်။
မစ္စတာကန်နာဝီးသည် Movement Party ၏ တည်ထောင်သူတဦးဖြစ်ပြီး မြန်မာ စစ်ဘေးရှောင်များ အရေးနှင့် မြန်မာ့လူ့အခွင့်အရေး အခြေအနေများကို အစဉ်တစိုက် ထောက်ပြပြောဆိုနေသည့် လွှတ်တော်အမတ်ဟောင်းတဦးလည်းဖြစ်သည်။ ၎င်းသည် ပြီးခဲ့သည့် မေလ ချင်းမိုင်တက္ကသိုလ်၌ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများ ဦးစီးကျင်းပသော ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲသို့ တက်ရောက်ခဲ့သဖြင့် ဘန်ကောက်ရှိ စစ်အာဏာရှင်ထိန်းချုပ် မြန်မာသံရုံး၏ အမည်ပျက်စာရင်း အသွင်းခံထားရသည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှုဖြစ်သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းမှ ပြီးခဲ့သည့် အောက်တိုဘာလအထိ မြန်မာစစ်တပ်သည် နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု ၁၃,၀၀၀ ကျော်ပြုလုပ်ပြီး လူ ၆,၄၀၀ ကျော်အသက်ဆုံးရှုံးခဲ့ကြောင်း မစ္စတာ ကန်နာဝီး က ရေးသားထားသည်။
“ဒီလောက်အရေးပါတဲ့ အခမ်းအနားအတွက် ဘယ်သူ့ကို ဖိတ်ကြားမလဲဆိုတဲ့ ဆုံးဖြတ်ချက်မှာ နိုင်ငံရေးအဓိပ္ပာယ်ရှိနေပါတယ်။ ပဋိပက္ခကြောင့် ထိခိုက်ခံစားနေရသူတွေဆီကို ဘယ်လို သတင်းစကား ပေးပို့မလဲဆိုတာကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်” ဟု မစ္စတာကန်နာဝီးက အဆိုပါ Facebook ပို့စ်မှတဆင့် ထုတ်ဖော်ပြောဆိုသည်။
ထိုင်း လေပိုင်နက်အတွင်း မြန်မာတိုက်လေယာဉ်များ ကျူးကျော်မှုကို ကာကွယ်ရန်နှင့် နယ်စပ်တလျှောက် အန္တရာယ်များ လျှော့ချရန် ရည်ရွယ်ချက်ဖြင့် ထိုင်းနိုင်ငံသည် မြန်မာစစ်တပ်နှင့် ညှိနှိုင်းဆက်သွယ်သည့် လမ်းကြောင်းများ ထားရှိနိုင်သော်လည်း မြန်မာစစ်တပ်၏ လေယာဉ်ကို လေကြောင်းပြပွဲတွင် ပြသစေခြင်းဖြင့် စစ်တပ်ချင်း မည်မျှနီးကပ်နေကြောင်း အများသိအောင် ပြသရန် မလိုအပ်ဟု မစ္စတာ ကန်နာဝီးကဆိုသည်။
Su-30SME လေယာဉ်ကို ရွေးချယ်ပြသမှု၏နောက်ကွယ်
ထိုင်းလေတပ်ပြပွဲအခမ်းအနား၌ မြန်မာက ပါဝင်ပြသမည့် ရုရှားထုတ် Su-30SME တိုက်လေယာဉ်မှာ ၂၀၁၈ ခုနှစ်တွင် စာချုပ်ချုပ်ဆိုဝယ်ယူခဲ့ပြီး ၂၀၂၂ ခုနှစ်မှစ၍ တကြိမ်လျှင် နှစ်စီးနှုန်းဖြင့် သုံးကြိမ်လက်ခံရရှိခဲ့သည့် အလားတူတိုက်လေယာဉ် ခြောက်စီးထဲတွင် ပါဝင်သည်။
အဆိုပါ ခြောက်စီးပါလေယာဉ်အုပ်အတွက် စာချုပ်တန်ဖိုး အမေရိကန် ဒေါ်လာသန်း ၄၀၀ ဝန်းကျင်ဟု ခန့်မှန်းကြောင်း United24 Media ၏သတင်းတပုဒ်တွင် ဆိုထားသည်။
အဆိုပါ Su-30SME လေယာဉ်များကို စစ်တပ်က အတော်အလေးထား အားကိုးသည်ဟု ၎င်းတို့၏ ထုတ်ပြန်ချက်များအရ သိနိုင်သည်။ ယမန်နှစ် နိုဝင်ဘာလ ၂၇ ရက်က ဘီလာရုစ်သမ္မတ လူကာရှင်ကို ထိုစဉ်က ယာယီသမ္မတရာထူး ယူထားသူ ဦးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ နေပြည်တော်သို့ ချစ်ကြည်ရေးခရီး လာရောက်ခဲ့စဉ်တွင် Su-30SME လေယာဉ်များဖြင့် ဝေဟင်မှ ကြိုဆိုခဲ့သည်။
“… အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ လိုက်ပါလာသော အထူးလေယာဉ် မြန်မာနိုင်ငံ လေပိုင်နက် အတွင်းသို့စတင်ဖြတ်သန်းဝင်ရောက်လာရာ မြန်မာ့တပ်မတော်(လေ)မှ စတုတ္ထမျိုးဆက်လွန် Su-30 SME ဘက်စုံသုံးအကြီးစားဂျက် တိုက်လေယာဉ် သုံးစီးက လိုက်ပါခြံရံပျံသန်းကြိုဆိုခဲ့ပြီး နေပြည်တော် တပ်မတော်လေဆိပ်သို့ ရောက်ရှိဆင်းသက်သည်”ဟု စစ်တပ်ထိန်းချုပ် မြဝတီသတင်းစာတွင် ထိုစဉ်က ရေးသားသည်။
ထို့အပြင် ၁၀၂၇ စစ်ဆင်ရေးစတင်ဆင်နွှဲပြီး နှစ်လအကြာ လေတပ်တည်ထောင်မှု ၇၆ နှစ်မြောက်နေ့တွင် Su-30SME နှစ်စီး နေပြည်တော်၌ ထပ်မံ တပ်တော်ဝင်ခဲ့သည်။ အဆိုပါအခမ်းအနား၌ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နောက်ဆုံးဝယ်ယူထားသည့် ရုရှားလုပ် တိုက်လေယာဉ်များဖြင့် တိုင်းရင်းသားလက်နက်ကိုင် တပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့များကို တိုက်ခိုက်ရာတွင် “လေကြောင်းစွမ်းအားကို ထိရောက်စွာအသုံးချနေ” သည်ဟု ပြောကြောင်း စစ်တပ်မီဒီယာများက ဖော်ပြကြသည်။
မြန်မာပြည်သူလူထုကို ရက်ရက်စက်စက် သတ်ဖြတ်နေသည့်၊ တစီးလျှင် ဒေါ်လာ သန်း ၆၀ ကျော်ခန့်ရှိနိုင်မည့် ၎င်းတို့အဆို “ဘက်စုံသုံး အကြီးစားဂျက် တိုက်လေယာဉ်” တစီးကို ထိုင်းဘုရင့်လေတပ် နှစ်ပတ်လည် အခမ်းအနားတွင် ထည့်သွင်းပြသရန် ရွေးချယ်ခြင်း၏ နောက်ကွယ်မှ နှစ်နိုင်ငံ စစ်တပ်များက မြန်မာပြည်သူတို့ထံ ပါးလိုသည့် သတင်းစကားကို မြင်ရသည်။
ရုရှားကိုယ်တိုင်က ထိုလေယာဉ်များကို အမွှမ်းတင်မှု
မြန်မာစစ်တပ်ထံရောင်းချထားသည့် Su-30SME တိုက်လေယာဉ်များ မြန်မာနိုင်ငံတွင်း ပျံသန်းမှုအခြေအနေနှင့် ပတ်သက်၍ ရုရှားအစိုးရပိုင် Zvezda TV က ၃၈ မိနစ်ကြာ မှတ်တမ်းရုပ်သံ တခုကို ပြီးခဲ့သည့် သီတင်းပတ်အတွင်း ထုတ်လွှင့်ခဲ့သည်။
အဆိုပါမှတ်တမ်းရုပ်သံအရ Su-30SM တိုက်လေယာဉ်ပလက်ဖောင်းတွင် မျိုးကွဲအများအပြားရှိပြီး Su-30SME မျိုးကွဲတိုက်လေယာဉ်ကို ဝယ်ယူသူများအနက် မြန်မာနိုင်ငံသည် ပထမဆုံးဖြစ်ကြောင်း တွေ့ရှိရ သည်။
Su-30SME တိုက်လေယာဉ်များတွင် ရေဒါအပါအဝင် လေယာဉ်တစီးလုံးကို ရုရှားထုတ် ပစ္စည်းများဖြင့်သာ တည်ဆောက်ထားသည်။
မြန်မာစစ်အာဏာရှင်လေတပ်က ဝယ်ယူထားသည့် Su-30SME တိုက်လေယာဉ်များသည် အဆင့်အမြင့်ဆုံးပုံစံ မဟုတ်သေးဘဲ အခြေခံအဆင့်ပုံစံသာဖြစ်ကြောင်း Sukhoi တိုက်လေယာဉ်များ ဒီဇိုင်းဗျူရို၏ ဒီဇိုင်နာချုပ် အိုလက် ပန်ကော့ဗ် (Oleg Pankov) က ရုပ်သံတွင်ပြောသည်။
လေယာဉ်တွင် တာတိုပစ်နှင့် တာလတ်ပစ်ဒုံးကျည်အပါအဝင် ၃၀ မီလီမီတာ စက်အမြောက်နှင့် ပဲ့ထိန်းဗုံးများ တပ်ဆင်ပစ်ခတ်နိုင်သည်။
စစ်လေယာဉ်များ ဝယ်ယူရန်မှာ စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ အကြံဉာဏ်ဖြစ်ပြီး မြန်မာနိုင်ငံနယ်စပ်ဒေသများတွင် လက်နက်ကိုင်အဖွဲ့များနှင့် မြန်မာစစ်တပ်တိုက်ပွဲများဖြစ်နေကြောင်း၊ Su-30SME တိုက်လေယာဉ်များကြောင့် မြန်မာလေတပ်သည် ဝေးလံသည့် နေရာများကိုပါ ပျံသန်း စစ်ဆင်လာနိုင်မည်ဖြစ်ကြောင်း Zvezda TV ၏ မှတ်တမ်းရုပ်သံတွင် ဆိုသည်။
မြန်မာလေတပ်ဝယ်ယူထားသည့် Su-30SME လေယာဉ်အုပ်၏ အမှတ်တံဆိပ်မှာ ရှေးမြန်မာဘုရင်များလက်ထက် စစ်မြေပြင်တွင်သုံးသည့် တိုက်ဆင် တံဆိပ်ဖြစ်ပြီး လေယာဉ်အုပ်၏ အုပ်စုမှူးမှာ ဗိုလ်မှူးကြီးခင်ဇော်ဟု အဆိုပါ ရုပ်သံမှတ်တမ်းအရသိရသည်။
ရုပ်သံမှတ်တမ်းတွင် နေပြည်တော်အနီးရှိ လေတပ်စခန်းတခု၌ Su-30SME တိုက်လေယာဉ် နှစ်စီးကို FPV အသေခံဒရုန်းများရန်မှ ကာကွယ်ရန် လေယာဉ်ရုံဝင်ပေါက်များ၌ အဖွင့်အပိတ် လုပ်နိုင်သော ပိုက်ကွန်များ ကာရံထားသည်ကိုတွေ့ရသည်။



