မြန်မာနိုင်ငံက ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ ခိုးမှု၊ လုယက်မှုနဲ့ အုပ်စုဖွဲ့ ရာဇဝတ်မှုတွေ ပိုမိုများပြားလာပြီး ပြည်သူတွေအတွက် လုံခြုံရေးစိုးရိမ်စရာ ဖြစ်လာနေပါတယ်။ အိမ်တွေနဲ့ ဆိုင်တွေက ပစ္စည်းတွေသာမက ရေမြောင်းအဖုံး၊ လမ်းဘေးထရန်စဖော်မာက ကြေးကြိုးတွေနဲ့ ရထားသံလမ်းထိန်းကလစ်တွေအထိ ခိုးယူခံနေရပါတယ်။
မန္တလေးမှာ နေ့ခင်းဘက် လူသွားလူလာရှိတဲ့နေရာတွေမှာတောင် ဆိုင်ကယ်စီးသူတွေကို အုပ်စုဖွဲ့ ဝိုင်းဝန်းရိုက်နှက် လုယက်တာတွေ ဖြစ်ပေါ်နေသလို ရန်ကုန်မှာလည်း အိမ်၊ ဆိုင်နဲ့ လူမှုကူညီရေးရုံးတွေ ဖောက်ထွင်းခံရတာ၊ ကားတွေဆီက ဆီ၊ ဘီးနဲ့ နောက်ကြည့်မှန်တွေ ခိုးယူခံရတာတွေ ရှိနေပါတယ်။ မြို့ခံတွေက ပစ္စည်းဆုံးရှုံးမှုထက် အသက်အန္တရာယ်ကို ပိုမိုစိုးရိမ်နေရတယ်လို့ ပြောပါတယ်။
နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုဆိုင်ရာ အညွှန်းကိန်းတွေအရ မြန်မာနိုင်ငံမှာ ရာဇဝတ်မှုဆိုင်ရာ စီးပွားရေးတွေ ကျယ်ပြန့်လာနေပြီး ရာဇဝတ်မှုတွေကို တားဆီးတိုက်ဖျက်နိုင်စွမ်းနဲ့ တရားဥပဒေစိုးမိုးရေး အခြေအနေကလည်း အလွန်နိမ့်ကျနေပါတယ်။ အရပ်သားအရေခြုံ စစ်အစိုးရရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ယာယီရဲမှူးချုပ် စိုးလင်းအောင်ကတော့ သတင်းတွေထဲမှာ ဖော်ပြနေသလို ရာဇဝတ်မှုတွေ အများကြီး ဖြစ်ပေါ်နေခြင်းမရှိဘူးလို့ ငြင်းပါတယ်။
ခိုးဆိုးလုယက်မှုတွေကြား တရားဥပဒေစိုးမှု ပျက်သုဉ်းနေတဲ့ စစ်အုပ်ချုပ်ရေးလက်အောက် မြို့ပြအခြေအနေကို Myanmar Now ရဲ့ ရုပ်သံသတင်းတင်ဆက်သူ မသဇင်လှိုင် ပြောပြပေးပါမယ်။
ရိုက်ကူး – မြတ်ကြီး/ Myanmar Now



