မြန်မာနှင့် ထိုင်းနယ်စပ် နှစ်နိုင်ငံအဆင့် တရားဝင်နယ်စပ်ကုန်သွယ်ရေးဂိတ်မဟုတ်ဘဲ နှစ်နိုင်ငံအကြား စီးဆင်းနေသော သောင်ရင်းမြစ် ဖြတ်ကူး၍ ကုန်စည်နှင့် လူဖြတ်သန်းသွားလာနေသော လှေဂိတ်များ အပါအဝင် နယ်စပ်ဂိတ်ပေါင်း ၁၇ ခုကို ထိုင်းအစိုးရက ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
နယ်စပ်ကုန်သွယ်ရေးစနစ်တကျဖြစ်ရန် ထိုင်းနယ်စပ် တာ့ခ်ခရိုင်အတွင်းရှိ မြိုနယ်ငါးခုမှတဆင့် နယ်စပ်ဖြတ်၍ မြန်မာဘက်ခြမ်းသို့ ကုန်စည်သယ်ယူပို့ဆောင်နေသော ဂိတ်ပေါင်း ၁၇ ခုကို ပိတ်သိမ်းသွားမည်ဟု ယခုနှစ် နိုဝင်ဘာလ ၂၄ ရက်က နယ်စပ်လုံခြုံရေးဆိုင်ရာအစည်းဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း တာ့ခ်ခရိုင် မဲဆောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
နယ်စပ်ကုန်စည်ပို့ဆောင်မှုများ စိစစ်ထိန်းချုပ်မည်ဖြစ်ပြီး ပြီးခဲ့သည့်နှစ်အတွင်း နယ်စပ်တလျှောက်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကြောင့် လောင်စာဆီ၊ လျှပ်စစ်နှင့် အင်တာနက်ဖြတ်တောက်မှု အစီအစဉ်များကိုလည်း သုံးသပ်ခဲ့ကြောင်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တာ့ခ်ခရိုင်နှင့်ထိစပ်နေသော မြန်မာနယ်စပ်တွင် ဂိတ်ပေါင်း ၆၀ ခန့်ရှိသည့်အနက် သွားလာနေသည့် ဂိတ် ၄၅ ခုရှိကာ မဲဆောက်မြို့နယ်မှ လှေဂိတ် ရှစ်ခု၊ မဲရမတ်၊ ထာ့ဆောင်ယန်း၊ ဖုတ်ဖရနှင့် အုန်းဖန်မြို့နယ်တို့မှ ဂိတ်ပေါင်း ကိုးခုပါဝင်ကြောင်း ထိုင်းဘက်မှကုန်စည်များ တင်သွင်းနေသည့် မြဝတီမြို့ အခြေစိုက် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင် အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
“အဓိကကတော့ အွန်လိုင်း Scam ကိစ္စပေါ့။ ဒီမှာ ဖမ်းမိတာတွေ အများကြီးရှိတယ်။ ဂိတ်တွေကနေ ကုန်လည်း ကူးတယ်။ လူလည်းကူးတယ်။ ပြီးရင် ထိုင်းကနေ ကန့်သတ်ထားတဲ့ ပစ္စည်းရှိတယ်။ ဥပမာ မြန်မာဆိုရင် ထောပတ်သီးတွေပို့တာပေါ့။ ထောပတ်သီးပို့ချင်ရင် မြန်မာဘက်က တရားဝင်ပို့လို့ရတယ်။ ထိုင်းက ဒီအသီးကို လက်မခံဘူး။ ထိုင်းဘက်မှာလည်း ထွက်တယ်။ ထိုင်းဘက်ရောက်ရင် တရားမဝင် ဖြစ်သွားတယ်။ ဒါမျိုးတွေလည်း ရှိတယ်”ဟု ၎င်းက ဆိုသည်။
အွန်လိုင်းငွေလိမ်လုပ်ငန်းများသို့ ကုန်စည်နှင့် လူဝင်/ထွက်မှုထိန်းချုပ်ရန်၊ ကန့်သတ်ကုန်စည်များကို ထိုဂိတ်များမှ သယ်ယူပို့ဆောင်မှုကို တားမြစ်ရန် ထိုသို့ပိတ်ပင်ခြင်းဖြစ်နိုင်ပြီး ထိုလမ်းကြောင်းများ၌ လုံခြုံရေးဂိတ်များလည်း တိုးမြှင့်ချသွားမည်ဟုသိရကြောင်း အခြေအနေကို သိရှိထားသည့် ၎င်းက ဆက်ပြောသည်။
တရားမဝင်ကုန်သွယ်မှုများကို အားမပေးရန် နေပြည်တော် စစ်အုပ်စုက ထိုင်းအစိုးရကို တောင်းဆိုမှုများနှင့် ဆက်စပ်မှုရှိကောင်းရှိနိုင်ကြောင်းလည်း ၎င်းက မှတ်ချက်ပေးသည်။
သို့သော်လည်း ထိုပိတ်ဆို့မှုကြောင့် ဒေသခံများ၊ နယ်စပ်ကုန်သည်များနှင့် ကုန်စည်စီးဆင်းမှုအပေါ်တွင် မည်ကဲ့သို့ သက်ရောက်မှုရှိမည်ကို ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထိုင်းနယ်စပ်တလျှောက်တွင် အာဏာသိမ်းစစ်အုပ်စုကိုဆန့်ကျင်နေသော တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နယ်စပ်ဂိတ်များမှတဆင့် တရားမဝင်ကုန်သွယ်မှုများ ပြုလုပ်နေပြီး ထိုင်းဘက်က ယင်းကုန်သွယ်မှုများကို အားပေးနေသည်ဟု အရပ်သားအရေခြုံသမ္မတ ဦးမင်းအောင်လှိုင်က ယခုလ (နိုဝင်ဘာလ ၁၈ ရက်) ပြည်ထောင်စုလွှတ်တော်၌ ပြောကြားသော မိန့်ခွန်းတွင် စွပ်စွဲခဲ့သည်။
၎င်း၏ ထိုင်းနိုင်ငံခရီးစဉ်နှင့် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံရာ တရားမဝင်ကုန်သွယ်မှုကိုအားမပေးရန်၊ လက်ရှိတွင် ထိုင်းနှင့်ထိစပ်နေသော ရှမ်းပြည်နယ်ရှိ တာချီလိတ်၊ ကရင်ပြည်နယ်ရှိ မြဝတီနှင့် တနင်္သာရီတိုင်းရှိ ကော့သောင်းမြို့တို့တွင် တရားဝင်နယ်စပ်ကုန်သွယ်မှုများ ပြုလုပ်နေကြောင်း ၎င်းက ပြောဆိုခဲ့သည်ဟု ဆိုသည်။
“ဒါကတော့ အားပေးဖို့မသင့်ပါဘူး။ ဒီလက်နက်ကိုင်အဖွဲ့အစည်းတွေက ဒီလို တရားမဝင်ဂိတ်တွေကနေ ပြီးတော့ ငွေကြေးတွေရတဲ့အခါမှာ သူတို့အဖွဲ့တွေ ရပ်တည်နိုင်ဖို့အတွက် အခွင့်အလမ်းတွေ ရှိနေတာ ဖြစ်ပါတယ်” ဟု ၎င်းက နယ်စပ်ဂိတ်များကို ဖိအားပေးရန် ထည့်သွင်းပြောဆိုခဲ့သည်။
သို့ရာတွင် ထိုဂိတ်များသည် ထိုင်းဘက်အခြမ်းတွင် စစ်တပ်၊ လူဝင်မှုကြီးကြပ်ရေး၊ အကောက်အခွန်ဌာနမှ ဝန်ထမ်းများအထိုင်ချထားသော တရားဝင်ဂိတ်များဖြစ်သော်လည်း မြန်မာဘက်အခြမ်းတွင်သာ တရားမဝင် အဖြစ်သတ်မှတ်ထားပြီး ကရင်လက်နက်ကိုင်အများစု နယ်မြေများ၌ တည်ရှိသည်။
သောင်ရင်းမြစ်ကိုဖြတ်၍ လှေဂိတ်များမှ မြန်မာဘက်သို့ လိုင်စင်မဲ့ ထိုင်းကုန်စည်များကို ယခင်ကတည်းက တင်သွင်းခဲ့ပြီး ဒေသအခေါ် အောက်ဂိတ်များဟု ခေါ်ကြသည်။

ထိုနယ်စပ်ဂိတ်များကို စစ်တပ်နှင့်ဆက်နွှယ်သည့် ကရင်နယ်ခြားစောင့်တပ် (BGF)၊ စစ်တပ်နှင့် တိုက်ပွဲဖြစ် ပွားခြင်းမရှိသော ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)နှင့် ဒီမိုကရက်တစ် ကရင်အကျိုးပြု တပ်မတော် (DKBA)နှင့် စစ်တပ်နှင့်တိုက်ပွဲဖြစ်ပွားနေသော ကရင်အမျိုးသား အစည်းအရုံး(KNU)တို့က အဓိက ထိန်းချုပ်ထားသည်။
တရားမဝင်ကုန်သွယ်မှုကို အားမပေးဟု အသံကောင်းဟစ်နေသော်လည်း စစ်အုပ်စုသည် ၎င်းတို့နှင့် ဆက်ဆံရေးအဆင်ပြေသော အဖွဲ့အစည်းများ၏ နယ်စပ်ဂိတ်များဖွင့်လှစ်မှုကို မသိကျိုးကျွံပြုထား၍ ၎င်းတို့ကို တိုက်ခိုက်နေသော KNU ၏ နယ်စပ်ဂိတ်များကိုမူ စစ်ရေးပစ်မှတ်အဖြစ် ဗုံးကြဲလေ့ရှိကြောင်း မြဝတီမြို့အခြေစိုက် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင် အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ဆိုသည်။
“KNU တစ်ဦးတည်း ကုန်သွယ်မှုလုပ်တာမဟုတ်ဘူး။ DKBA ရှိတယ်။ BGF ရှိတယ်။ KNU ရှိတယ်။ နောက် တခြားသူတို့တာဝန်ယူထားတာအများကြီးပဲ။ အဲ့ဒီဟာတွေ ဘာလို့ဗုံးမကြဲလဲ။ NCA(စစ်အုပ်စုနှင့် အပစ်ရပ်စာချုပ်) ဝင်ထားတာရှိတယ်။ ဒီ NCA ရဲ့ခေါင်းစဉ်အောက်မှာ မျက်စိမှိတ်ပြီးတော့ စိတ်ရှည်ရှည်ထားပြီး လုပ်ပေးတဲ့ပုံစံမျိုးသွားတာ” ဟု ၎င်းက ဆက်ပြောသည်။
ထိုအဖွဲ့များအနက်မှ စစ်တပ်နှင့် တိုက်ပွဲများဖြစ်နေသည်မှာ KNU သာရှိပြီး KNU ကိုလည်း ထိုင်းနိုင်ငံမှ တဆင့် တွေ့ဆုံဆွေးနွေးရန် စစ်တပ်က ဖိအားပေးနေသည်။ KNU သာမက ထိုင်းနယ်စပ်နှင့် ထိစပ်နေသော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကိုလည်း ဖိအားပေးနေသည်။
စစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးအင်အားစုများ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် နယ်စပ် ကုန်သွယ်ရေး စခန်း ၁၇ အနက် သုံးခုတွင်သာ တရားဝင်ကုန်သွယ်မှု ပြုလုပ်နိုင်တော့ကြောင်း ဦးမင်းအောင်လှိုင် က ဝန်ခံပြောဆိုထားရသည်။



