ဩဂုတ် ၂၀ ၊ Myanmar now / ကိုလှိုင်း ၊ စောရယ်
တိုင်းပြည်အာဏာကို အဓမ္မသိမ်းယူထားတဲ့ စစ်တပ်က စစ်တန်းလျားကိုမပြန်၊ အာဏာမစွန့်သမျှကာလပတ်လုံး လက်နက်ကိုင်တိုက်ပွဲနဲ့ လူထုတိုက်ပွဲတွေ ဆက်ရှိနေဦးမယ်လို့ သက်တမ်းရင့် တိုင်းရင်းသားလက်နက်ကိုင်တပ်တစ်ခုဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU က သူတို့ရဲ့သဘောထားကို ထုတ်ပြောလာပါတယ်။
အရပ်သားအရေခြုံ စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ရဲ့ စစ်အစိုးရသက်တမ်း ရက် ၁၀၀အတွင်းမှာ KNU ထိန်းချုပ်နယ်မြေအတွင်း စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအကြောင်း ဩဂုတ်လ ၁၉ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။
ဧပြီလ၂၀ ရက်ကနေ ဇူလိုင်လ ၃၁ ရက်အတွင်း စစ်တပ်လက်ချက်ကြောင့် KNU ထိန်းချုပ်နယ်မြေထဲမှာ အရပ်သား ၄၄ယောက်သေဆုံးပြီး၊ လူ ၁၀၀ကျော် ဒဏ်ရာရခဲ့သလို ရာနဲ့ချီတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေအပါအဝင် ဒါဇင်နဲ့ချီတဲ့ အရပ်သားနေအိမ်မီးရှို့မှုတွေ လုပ်ခဲ့တယ်လို့ KNU ရဲ့ လူ့အခွင့်အရေးကော်မတီနှင့် သုတေသနကော်မတီက ထုတ်ပြန်ထားပါတယ်။
တပ်မဟာ ၇ခုနဲ့ ဖွဲ့စည်းထားတဲ့ KNU ထိန်းချုပ်နယ်မြေအတွင်း လက်ရှိမှာ သထုံ၊ ဖာပွန်၊ ကြာအင်းဆိပ်ကြီးနဲ့ ထားဝယ်ခရိုင်တို့မှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။



