စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်း နေရာအများဆုံး ၊အင်အားအများဆုံးနဲ့ ထိုးစစ်ဆင်နေတဲ့အကြောင်း ဒီတစ်ပါတ်ပြောပြပါမယ်။
စစ်အုပ်စုက ဇူလိုင်လကုန်ပိုင်းမှာ အမည်ပြောင်း၊ရွေးကောက်ပွဲလုပ်မယ်ပြောပြီး နိုင်ငံတစ်ဝန်း ၆၃ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ၊စိုးမိုးထားတဲ့ ဒေသတွေကို အင်အားအများအပြားနဲ့ တန်ပြန်ထိုးစစ်တင်နေတာဖြစ်ပါတယ်။
ထူးခြားတာက အရင်စစ်ကြောင်းတွေထိုးနေတာအပြင် ဇူလိုင်လကုန်ပိုင်းနဲ့ သြဂုတ်လဆန်းမှာ စတင်တဲ့ ထိုးစစ်ဟာ နိုင်ငံတစ်ဝန်းနေရာများသလို ၊သင်တန်းဆင်းစစ်သားသစ်တွေအဓိကသုံးပြီး အာဏာသိမ်းပြီးနောက်ပိုင်း အင်အားအများဆုံးနဲ့ စစ်ကြောင်းတွေထိုးနေတာဖြစ်ပါတယ် ။

Public Service Announcement
■စစ်ကိုင်းတိုင်း
စစ်အုပ်စုက စစ်ကိုင်းတိုင်းကို အင်အားအများပါတဲ့စစ်ကြောင်းတွေနဲ့ ထိုးစစ်ဆင်လာပါတယ် ။ စစ်ကိုင်းတိုင်းမှာလည်း ဝက်လက်မြို့နယ်၊ မုံရွာ ၊အရာတော်မြို့နယ် စတဲ့ဒေသတွေကိုလည်း စစ်ကြောင်းတွေထိုးနေပါတယ် ။
မင်းကွန်းတိုက်နယ်ကနေ ဝက်လက်မြို့နယ်အရှေ့ခြမ်းအထိ စစ်အင်အားရာနဲ့ချီကာ စစ်ကြောင်း ထိုးတာတွေ ပြုလုပ် နေပါတယ်။
စစ်ကိုင်းကနေ မြောက်ဘက်ကို ထွက်တဲ့ ခရိုင်ချင်းဆက် အမှတ်၃လမ်းမှာ မင်းကွန်းစစ် ကြောင်း၊စစ်ကိုင်း-ရွှေဘို လမ်းဘက်မှာ စစ်ကိုင်းမြို့ကနေ ဆား တောင်မြို့အထိ အမြှောက်တပ် ၆၀၀၅တပ်ကနေ တင့်ကား၂စီးပါ စစ်ကြောင်း နဲ့ မုံရွာ- အရာ တော်လမ်းပိုင်းမှာလည်း ဩဂုတ်လ၈ ရက်နေ့ ကစပြီး အင်အားအများအပြားနဲ့စစ်ကြောင်းထိုးနေပါတယ်။
မုံရွာနဲ့ အရာတော်မှာ စစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုတော်လှန်ရေးတပ်တွေက ခုခံတိုက်ခိုက်တာမှာ လေးရက်အတွင်း အရာရှိတွေအပါအဝင်စစ်သား ၄၀ ကျော်သေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရခဲ့တယ်လို့ မုံရွာပကဖ ကပြောပါတယ် ။စစ်သုံ့ပန်း ၁ဦးကိုလည်းဖမ်းမိခဲ့ပါတယ် ။စစ်တပ်ဟာ ပြည်သူ့စစ်သင်တန်းဆင်းစစ်သားအများအပြားကို အသုံးပြု စစ်ကြောင်းတွေထိုးနေတာဖြစ်ပါတယ်။
■မန္တလေးတိုင်း
မန္တလေးတိုင်းမှာ မတ္တရာမြို့နယ် အရှေ့ရှမ်းကို လပေါင်းများစွာ စစ်တပ်ကထိုးစစ်ဆင်နေရင်း နောက်တန်းအထိုင်စခန်းတွေကို ဇူလိုင်လ၂၀ ရက်နေ့ကအသိမ်းခံလိုက်ရပါတယ်။ အဲဒီနောက် မန္တလေး နဲ့ မြင်းခြံက ပျူစောထီးတွေအပါအဝင် စစ်အင်အားရာနဲ့ချီဖြည့်တင်းကာ ထီးတော်မိုးတပ်သားစု ဆောင်း ရေးတပ်၊အယ်ဖာဘိလပ်မြေ စက်ရုံ၊မတ္တရာမြို့အတွင်းက ဘောလုံးကွင်း တို့ကို စစ်တပ်က အထိုင်ချကာ အပြင်းအထန်တိုက်ခိုက်ခဲ့ပါတယ် ။လေကြောင်းကနေဗုံးကြဲတာ ၊လက်နက်ကြီးနဲ့ ပစ်ကူပေးတာ ၊ဒရုန်းနဲ့ဗုံးကြဲတာ၊အဆိပ်ဗုံးတွေအသုံးပြုတာ စသဖြင့်ဆုံးရှုံးထားတဲ့စခန်းတွေပြန်ရဖို့ အပြင်းအထန်တိုက်ခိုက်နေပါတယ်။
မတ္တရာမြိုနယ်အနောက်ခြမ်းကိုလည်း စစ်တပ်က လက်နက်ကြီး ပစ်ခတ်တာတွေ ပြုလုပ်နသလို မတ္တရာမြို့နယ်အ ရှေ့ခြမ်းမှာလည်း တိုက်ပွဲ တွေ ဆက်တိုက်ဖြစ် နေတယ်လို့ မြေပြင်တပ် တွေဆီကသိရပါတယ်။
အလားတူ မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်နဲ့ မြင်းခြံမြို့နယ်တို့မှာလည်း စစ်တပ်က တရစပ် စစ်ကြောင်း တွေထိုးနေတယ်လို့သိရပါတယ်။
မြင်းခြံမြို့နယ်မှာ ဇူလိုင်လ နောက်ဆုံးပတ်က နေစတင်ပြီး စုစုပေါင်း အင်အား၁၀၀၀ကျော်ရှိတဲ့စစ်ကြောင်းတွေနဲ့ထိုးနေတာလို့ Myin Gyan Black Tigerအဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။စစ်တပ်က ပေါ်တာဆွဲကာ စစ်အင်အားအများအပြားနဲ့ ထိုးစစ်ဆင် နေပြီး မြို့ဘေး ပတ်လည်ကကျေးရွာတွေ ကနေ တော်လှန်ရေး တပ်တွေ စွန့်ခွာ ပေးခဲ့ရတယ်လို့သိရပါတယ်။
“လုံးလုံးကြီး နယ်မြေ စွန့်ခွာ ပေးလိုက်ရတာ တော့ မဟုတ်ဘူး။တန်ပြန်ထိုးစစ် အနေနဲ့တိုက် နေတာ တွေလည်း ရှိတော့ သူတို့လည်း ၁၀၀ ရာခိုင်နှုန်းနယ် မြေရတာ တော့ မဟုတ်ပါဘူး”လို့ ဗိုလ်မိုက်ခဲက ဆိုပါတယ်။
ဒါအပြင် နောင်ချိုမြို့ကို ပြန်ရထားတဲ့ စစ်ကောင်စီတပ်ဟာ နောင်ချိုကနေ မိုးကုတ်မြို့ဆီကို စစ်ကြောင်းထိုးနေပါတယ်။ လက်တလောမှာ စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့နယ်က နောင်ချို − မိုးကုတ်လမ်းပိုင်းနဲ့ ပြင်ဦးလွင် − မိုးကုတ်လမ်းပိုင်းဆုံရာက ဟိုခိုကျေးရွာကို ရောက်နေပါတယ်။ ဟိုခိုကျေးရွာမှာ တိုက်ပွဲတွေ ဖြစ်နေပါတယ်။
မိုးကုတ်မြို့က စစ်ကောင်စီတပ်စခန်းအားလုံးကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)က ၂၀၂၄ ဇူလိုင် ၂၄မှာ ကြေညာပါတယ်။ TNLA နဲ့မဟာမိတ်တွေကလည်း စစ်တပ်ရှေ့တိုးမလာနိုင်အောင် ဟိုခိုမှာ ခုခံတိုက်ခိုက်နေကြပါတယ် ။
■မကွေးတိုင်း
ပခုက္ကူမြို့၊ အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်ထဲမှ တင်ကားနှစ်စီးအပါအဝင် စစ်ကား ၁၀၀ ကျော်ဟာ ပေါက်မြို့နယ်ထဲကိုရောက်ရှိလာပြီး စစ်ကြောင်းထိုးဖို့ကြိုးစားနေပါတယ်။
အဲဒီစစ်ကြောင်းဟာ သြဂုတ်လ ပထမလပတ်ထဲမှာ စတင်ထွက်ခွာလာခြင်းဖြစ်ပြီး ကားအစီးရေ ၁၃၆စီးပါဝင်ပါတယ်။ စစ်မှုထမ်းသင်တန်းဆင်းတွေ ရာချီပါလာပြီး ယောဒေသနဲ့ ချင်းတောင်ဘက်ကို ဦးတည်နိုင်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။
ဒါ့အပြင် ဆိပ်ဖြူမြို့နယ်က ကပစ (၂၂)မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈၀လောက်လည်း ထွက်ခွာလာလို့ ဒေသခံတွေလုံခြုံရေးသတိပြုဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေကသတိပေးထားပါတယ်။
ပခုက္ကူ၊ ပေါက်မြို့နယ်တို့နဲ့ဆက်စပ်နေတဲ့ ယောဒေသက ဂန့်ဂေါ၊ဆော၊ ကျောက်ထု၊ ထီးလင်း၊ ဆောမြို့တို့မှာလည်း စစ်မှုထမ်းသင်တန်းဆင်းတွေပါတဲ့ စစ်ကောင်စီစစ်ကြောင်းတွေလှုပ်ရှားလာတယ်လို့ ဒေသခံတွေကပြောပါတယ်။ မကွေးတိုင်းထဲက ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ဒေသတွေကို စစ်ကြောင်းထိုးဖို့အတွက် စစ်ကောင်စီက အင်အား ၄၀၀၀ကျော် ပို့ဆောင်ထားတယ်ဆိုတဲ့သတင်းတွေ ပြီးခဲ့တဲ့ဇူလိုင်လကတည်းကထွက်ပေါ်ခဲ့ပါတယ်။
■ကရင်နီပြည်
ကရင်နီပြည်မှာလည်း စစ်တပ်က လွိုင်ကော်နဲ့မိုးဗြဲ မြို့တွေကို ပြန်ရသွားပြီးတဲ့နောက် သြဂုတ်လ ၈ ရက်ကစပြီး ဒီးမော့ဆိုမြို့ကိုပါ ထိုးစစ်ဆင်နေပါတယ်။
ဒီးမော့ဆိုမြို့နယ်က စစ်ကောင်စီရဲ့ မြို့စောင့်တပ် ရင်းနှစ်ခုဖြစ်တဲ့ ခလရ (၁၀၂)နဲ့ခမရ(၄၂၇) တပ်ရင်းကလွဲလို့ မြို့နယ်ဧရိယာအများစုကို ကရင်နီတပ်ပေါင်းစုက ၂၀၂၃နိုဝင်ဘာနောက်ပိုင်းကစပြီး လွှမ်းမိုးထားတာဖြစ်ပါတယ်။
သြဂုတ်လ ၈ ရက်ကစပြီး ခလရ (၁၀၂) နဲ့ ခမရ(၄၂၇)တပ်ရင်း နှစ်ခုပေါင်းပြီး စစ်ကြောင်းသုံးခုနဲ့ မြို့တွင်းထဲကို တိုးဝင်နိုင်ဖို့ ကြိုးစားနေတာလို့ ကရင်နီစစ်ရေူသတင်းရင်းမြစ်တွေကပြောပါတယ်။
ခလရ(၁၀၂)တပ်ရင်းနဲ့ မီတာ ၂,၀၀၀ အကွာက သဲတောင်ရွာမှာ စစ်ကြောင်းတစ်ခုနဲ့ ငွေတောင်ဆည်အောက်တစ်ဝိုက်မှာ စစ်ကြောင်း တစ်ခုရှိနေတာဖြစ် ကျန်စစ်ကြောင်းတစ်ခုက တပ်ဖျောက်ထားတယ်လို့ သိရပါတယ်။
ဒီးမော့ဆိုမြို့ထဲကို ဝင်ဖို့ကြိုးစားနေတဲ့ စစ်ကောင်စီစစ်ကြောင်းတွေနဲ့ ကာကွယ်ရေးတပ်ပေါင်းစုကြားတိုက်ပွဲတွေက နေ့စဉ်ရက်ဆက်နီးပါး ဖြစ်နေတယ်ပါတယ်။မြို့တွင်းအပါအဝင် လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးကို ပြန်ထိန်း ချုပ်ဖို့စစ်ကောင်စီက အင်အား ၃၀၀ လောက်သုံးထားတယ်လို့လည်း အသိပေးပါတယ်။
စစ်ရေးအခြေအနေတွေကြောင့် လွိုင်ကော် – ဒီးမော့ဆို -ဖရူဆို လမ်းမကြီးကို ကရင်နီတပ်တွေက ရက်အကန့်အသတ်မရှိ သြဂုတ် ၁၀ ရက်နေ့ကတည်းက ပိတ်ထားပါတယ်။
ဒီးမော့ဆိုက စစ်ကောင်စီစစ်ကြောင်းတွေ ရှေ့ဆက် တိုးနိုင်ဖို့လည်း ဒီးမော့ဆိုအောက်ဘက်ခြမ်းက ဖရူဆိုမြို့နယ်အခြေစိုက်တပ်တွေကနေ ဒီးမော့ဆို-ဖရူဆိုလမ်းပိုင်းတစ်လျှောက်ကို လက်နက်ကြီးတွေနဲ့ ပစ်ကူပေးနေတယ်လို့ KNDF က ပြောပါတယ်။
လမ်းပိုင်းကိုပြန်ထိန်းချုပ်ဖို့ပြီးတော့ ပြတ်တောက်နေတဲ့ ထောက်ပို့လမ်းကြောင်းတွေ ပြန်ချိတ်ဆက်ဖို့ဖြစ်နိုင်တယ်လို့ စစ်ကောင်စီတပ်စစ် ကြောင်းထိုးလာတဲ့အခြေအနေကို KNDF တာဝန်ရှိသူက သုံးသပ်ပါတယ်။
■ဧရာဝတီတိုင်း
အာရက္ခတပ်တော်(AA)၊PDFပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်က စက်စက်ယိုကျေးရွာကို လေကြောင်းအကူအညီဖြင့်စစ်ကြောင်းထိုးလာလို့ တိုက်ပွဲတွေပြန်ဖြစ်နေပါတယ်။
စက်စက်ယိုကျေးရွာကို ဇူလိုင်လကုန်ကစပြီး စစ်ကောင်စီကစစ်ကြောင်းထိုးလာတာပါ။ ဩဂုတ်လ လဆန်းတိုက်ပွဲတွေမှာ စစ်ကောင်စီ အထိနာပြီး ပြန်လည်ဆုတ်ခွာသွားပေမယ့် လေကြောင်းကနေ ဗုံးကြဲတာတွေ ဆက်လုပ်နေပါတယ်။
ရခိုင်ရိုးမနဲ့ဆက်စပ်နေတဲ့ လေးမျက်နှာမြို့နယ်မှစက်စက်ယိုကျေးရွာအပါအဝင် ရွာအချို့ကို AAနှင့် PDFက ပြီးခဲ့သည့် မေလတိုက်ပွဲများအတွင်း ထိန်းချုပ်ခဲ့တာပါ။
လက်ရှိမှာ ဧရာဝတီတိုင်းအတွင်း ရေကြည်မြို့နယ်၊ သီတာကုန်းပြင်အုပ်စုရှိ အမြောက်တပ်(အမတ-၃၄၄)ကိုလည်း AAနှင့် ပူးပေါင်းတပ်တွေက တိုက်ခိုက်နေပြီး တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။ ဒါအပြင် ဂွမြို့နယ်နဲ့ဆက်စပ်နေတဲ့ ရွှေသောင်ယံမြို့နယ်က ပင်လယ်ပြင်ကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိနေပါတယ်။
■ကရင်ပြည်နယ်
စစ်ကောင်စီတပ်ဟာ မြန်မာ− ထိုင်းနယ်စပ်က အဓိကတပ်စခန်းတွေ လက်လွှတ်ဆုံးရှုံးထားတာကြောင့် ကရင်ပြည်နယ်က မြဝတီမြို့ကို ချီတက်တဲ့ အာရှလမ်းပိုင်းကိုလည်း အခုရက်ပိုင်းအတွင်း စစ်ကြောင်းတွေ ပြန်ထိုးနေပါတယ်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အထွက်က အာရှလမ်းမကြီးမှာ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ဆင်ရေးအဖွဲ့နဲ့ တော်လှန်ရေးတပ်တွေ အခုရက်ပိုင်း တိုက်ပွဲတွေ ရက်ဆက်ဖြစ်နေတယ်လို့ လူထုနွေဦးရဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ကော့ကရိတ်မြို့အကျော်က ဒေါနတောင်ရဲ့ အနောက်ဘက်က တတန်းကူးကျေးရွာနားမှာ တိုက်ပွဲတွေဖြစ်နေတာလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ဆင်ရေးက စစ်ကြောင်းဟာ ဩဂုတ်၁၀ရက်ကစပြီး စစ်ကြောင်းပြန်ထိုးလာတာလို့ ကော့ကရိတ်ဒေသက တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။
အောင်ဇေယျစစ်ဆင်ရေးမှ စစ်ကောင်စီတပ်သားတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊PDFနဲ့ ကော်ဘရာစစ်ကြောင်းပူးပေါင်းတပ်တွေက အပိုင်းပိုင်းပိတ်ဆို့ဖြတ်တောက်ထားရာ ဒေါနတောင်ပေါ်က တောနောရေတံခွန်နားမှာလည်း ပိတ်ဆို့ခံထားရပါတယ်။
အဲဒီအဖွဲ့ဟာ အစာရေစာပြတ်တောက်နေပြီး စစ်သားတွေ ငတ်ပြတ်မှုနဲ့ ကြုံနေရတယ်လို့ ကရင်စစ်ရေးသတင်းမြစ်က ပြောပါတယ်။
ဒါ့အပြင် ကော့ကရိတ်မြို့ကနေ စစ်ကြောင်းထိုးနေတဲ့ အောင်ဇေယျစစ်ဆင်ရေးက တပ်သားတွေဟာ တတန်းကူးကျေးရွာနားမှာပဲ ဖြတ်တောက်ခံထားရပြီး အဲဒီနေရာဝန်းကျင်မှာဘဲ တိုက်ပွဲတွေ ဖြစ်နေပါတယ်။
နိုင်ငံတစ်ဝန်း ဒေသအများစုကို စစ်တပ်က သြဂုတ်လမှာထိုးစစ်ဆင်နေပေမယ့် ရှားရှားပါးပါး စစ်တပ်စခန်းတွေကို တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်နေတာကလည်းကရင်ပြည်နယ်မှာပဲဖြစ်ပါတယ် ။ KNLA ၊ PDF နဲ့ပူးပေါင်းတပ်တွေက မြဝတီမြို့တောင်ဘက် မြန်မာ-ထိုင်း နယ်စပ်စခန်းတွေဆက်တိုက်သိမ်းခဲ့ပြီးကျန်နေတဲ့စခန်း သုံးခုထဲက ဝေါလေဗျူဟာကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ထိုးစစ်ဆင်နေတာပါ။
စစ်တပ်က အခုလိုနိုင်ငံတစ်ဝန်း ထိုးစစ်ဆင်တာဟာရွေးကောက်ပွဲ လုပ်နိုင်ဖို့ ၊တော်လှန်ရေးတပ်တွေအလုပ်ရှုပ်အောင် လက်ဦးမှုယူထိုးစစ်ဆင်တာလို့စစ်ရေးလေ့လာသူတွေ ၊တော်လှန်ရေးတပ်ဖွဲ့တွေကပြောပါတယ်။ဒါပေမယ့် တချိန်တည်းမှာ စစ်အုပ်စုအတွက်အလျော်အစားကြီးမားတဲ့ အန္တရာယ်လည်းရှိနေပါတယ်။ ဒီလိုထိုးစစ်ဆင်တာဟာ စစ်ပန်းတာ ၊စစ်ဦးကျိုးတဲ့အခြေအနေကြုံဖို့ အခွင့်အလမ်းလည်းပိုများတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေကပြောပါတယ် ။
