ဩဂုတ်-၁၇၊၂၀၂၅။တေဇ/People’s Spring
ရန်ကုန်မြို့၊ ပန်းပဲတန်းမြို့နယ် ကုန်သည်လမ်းပေါ်ရှိ Royal River View ကွန်ဒိုမီးလောင်မှုကို မီးသတ်တပ်ဖွဲ့က ၁၅ မိနစ်ခန့်သာ မီးငြှိမ်းသတ်ခဲ့ရသည်ဟု သတင်းထုတ်ပြန်ခဲ့သော်လည်း မြေပြင်၌ နာရီနှင့်ချီကြာမီးငြှိမ်းသတ်ခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

ဩဂုတ် ၁၆ ရက် ညနေ ၆ နာရီအချိန်တွင် ၂၉ လမ်းနှင့် လမ်း ၃၀ကြား ကုန်သည်လမ်းမပေါ် Royal River Viewကွန်ဒို ဒုတိယထပ်ရှိ အခန်းတစ်ခု၌ မီးလောင်မှုဖြစ်ခဲ့ခြင်း ဖြစ်ပြီး ၁၅ မိနစ်ခန့်သာ မီးငြှိမ်းသတ်ခဲ့ရသည်ဟု မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
သို့သော် မြေပြင်၌ ညနေ ၅ နာရီအချိန်ခန့်ကတည်းက ယင်းအခန်းမှ မီးခိုးများထွက်လာခြင်းဖြစ်ပြီး ည ၈နာရီကျော်သည်အထိ မီးငြှိမ်းသတ်နိုင်ရန် လုပ်ဆောင်နေသည်ကို တွေ့မြင်ရသည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement
ထို့ပြင် အဆိုပါ အဆောက်အဦး၌ အရေးပေါ် လှေခါးများလည်း မရှိသောကြောင့် မီးငြှိမ်းသတ်မှုပြုလုပ် နိုင်ရန် ခက်ခက်ခဲခဲလုပ်ဆောင်ခဲ့ရသည်ဟု ဒေသခံများက ဆိုသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မီးသတ်တပ်ဖွဲ့အနေဖြင့် နောက်ဆက်တွဲ သတင်းထုတ်ပြန်ခြင်းမရှိသလို ၊ မီးလောင်မှုအကြောင်းအရင်းနှင့် ပျက်ဆီးဆုံးရှုံးမှု တန်ဖိုးကိုလည်းထုတ်ပြန်ထားခြင်းမရှိပေ။
အဆိုပါမီးလောင်မှုဖြစ်သည့် အခန်း၌ စိတ် ကျန်းမာရေးမကောင်းသည့် အမျိုးသမီးတစ်ဦးရှိပြီး ယင်းအခန်းသည် မီတာမဆောင်၍ လျှပ်စစ်မီး အဖြတ်ခံထားရသောကြောင့် စက္ကူ၊ ဖယောင်းတိုင်တို့ကို အသုံးပြု၍ မီးမွှေးလေ့ရှိသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။
