Scorpio/People’s Spring
သီတင်းကျွတ်လပြည့်ကျော် ၂ ရက် (အောက်တိုဘာ ၈ ရက်)နေ့က ချောင်းဦးမြို့နယ်၊ ဘုံတိုရွာက မူလတန်းကျောင်းလေးကို ချောင်းဦးနယ်သားဖြစ်တဲ့ ဦးဇင်း အရှင်ဇနက(ဘွှဲ့အမည်လွှဲ) စိတ်မသက်မသာနဲ့ ရောက်ရှိလာခဲ့တယ်။ ကျယ်ပြန့်တဲ့ မူလတန်းကျောင်းရှေ့ကွင်းပြင်က မြက်ခင်းတွေဟာ ဟိုတကွက်ဒီတကွက်နဲ့ ပြာဖြူဖြူတွေ တွေ့ရတယ်။ ကျောင်းအဆောက်အအုံတွေလည်း ပျက်စီးနေတယ်။ အမိုးတွေလည်း ပွင့်ထွက်ပြီး စာသင်ခုံတွေလည်း အကျိုးကျိုးအပဲ့ပဲ့။ ဘလက်ဘုတ်ဖြူဖြူမှာလည်း အပေါက်တွေ ဖွေးနေခဲ့တယ်။
ဦးဇင်းဟာ သီတင်းကျွတ်လပြည့်ညက စစ်တပ်က ပါရာမိုတာနဲ့ ချလို့ ပြည်သူ ၂၂ ဦးထက်မနည်း သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့တဲ့ ချောင်းဦးမြို့နယ်၊ ဘုံတိုရွာက မူလတန်းကျောင်းနားလေးကို ရောက်ရှိနေတာပါ။
လပြည့်ညက စစ်ကောင်စီ ဗုံးကြဲသတ်ဖြတ်ခဲ့တဲ့ ဒီနေရာဟာ အခုတော့ လူသူမရှိ ငြိမ်သက်နေခဲ့တယ်။ ဒါပေမဲ့ အနံ့အသက်တခုတော့ ဦးဇင်းရခဲ့တယ်။ “ ဒီနေ့ထိ သွေးညှိအနံ့တွေ ရနေတုန်း” လို့ ဦးဇင်းက မိန့်တယ်။

Public Service Announcement
တကယ်တော့ စစ်ကောင်စီတပ်က ပါရာမိုတာနဲ့ ရည်ရွယ်ချက်ရှိရှိ တလင်းပြင်က ဆီမီးထွန်းတဲ့လူအုပ်ကြီးဆီကို ဗုံးလာကြဲတယ်။ တလင်းပြင်အနီးမှာ မူလတန်းကျောင်းလေးရှိတယ်။ အဲဒီကျောင်းလေးကိုလည်း ည ၁၁ ခွဲလောက်မှာ ဗုံး ထပ်လာကြဲတယ်။ အဓိကကတော့ ဒဏ်ရာရတဲ့သူတွေကို ကျောင်းထဲဆေးကုမှာပဲဆိုပြီးယူဆလို့ ထပ်လာကြဲသွားတာဖြစ်ကြောင်း ဒေသခံတွေက ပြောတယ်။
“ သူတို့က အဲကျောင်းထဲပဲ ကုသမယ်ထင်ပြီး အပြတ်လာရှင်းတာ။” လို့ဒေသခံတဦးကပြောတယ်။
ဦးဇင်းဟာ ထိခိုက်ဒဏ်ရာ ရတဲ့သူတွေဆီ ရောက်ခဲ့တယ်။တယောက်ဆို ၅ တန်းကျောင်းသားလေး။ ကလေးဟာ အသက်ကို ခဲခဲယဥ်းယဥ်း ရှုနေရတယ်။ အဲဲဒီကလေးဟာ လပြည့်ညက ဆီမီးထွန်းပွဲကို ရောက်နေခဲ့တယ်။ စစ်ကောင်စီ ဗုံးလာကြဲချိန် ကလေးရဲ့အကိုဟာ ကြောင်အမ်းအမ်းနဲ့ ရပ်နေခဲ့ပါသတဲ့။ အဲဒီအချိန် ကလေးဟာ အကိုကို တွန်းလှဲပေးရင်းနဲ့ သူ့လည်ပင်းကို အစထိမှန်ခဲ့ပါတော့တယ်။ သူ့ညီအကိုတဝမ်းကွဲတွေလည်း ရှပ်ထိတာ လေးယောက်လောက်ရှိတယ်။
ကလေးကို ဆေးကုသပေးကြတယ်။ ကလေးက “ သား ငါးရိုးစူးနေသလိုပဲ” လို့ ပြောတယ်။ မိဘတွေကလည်း ငိုကြတယ်။ ညရောက်တော့ ဦးဇင်းဆီ ဖုန်းလာခဲ့တယ်။ ကလေးလေး ဆုံးသွားပြီတဲ့။ ဦးဇင်း စိတ်ထိခိုက်ရတယ်။ နေ့ခင်းတုန်းက အသက်လုနေရတဲ့ကလေး အခုတော့ ဆုံးရှာပြီ။
“ လည်ပင်းကနေ အစထိတာ။ အာခေါင်အသက်ရှုလမ်းကြောင်းထဲရောက်သွားတာ။ငါးရိုးမျက်သလိုခံစားနေရတာတဲ့။ အသက်ရှုကျက်ပြီး ဆုံးသွားရတာနေမှာရယ်” လို့ ဦးဇင်းက မိန့်ပါတယ်။
တရွာမှာတော့ ဗုံးကြဲခံရလို့ ဆုံးသွားတဲ့ CDM ကျောင်းဆရာတယောက်ရဲ့ သမီးနှစ်ယောက်ကို တွေ့ရတယ်။ ဖြစ်တဲ့ညက သတင်းကြားတော့ အိမ်ကို အပြေးအလွှားသွားကြည့်တယ်။ အဖေက မရှိဘူး။ ညီအစ်မနှစ်ယောက် ပျက်စီးနေတဲ့ ရုပ်အလောင်းတလောင်းကို တွေ့တော့ ဖအေလားဆိုတာကို ခွဲလို့မရခဲ့ဘူး။ နောက်မှ အဝတ်အစားကို သေချာကြည့်ပြီး ဒါငါတို့အဖေဆိုတာကို လက်မခံချင်ဘဲ လက်ခံလိုက်ရတယ်။ သူ့ဖခင်အတွက် ခုချိန်ထိ ဖြေမဆည်နိုင်ဘူး။
နောက်တဦးကတော့ သားကလေးနှစ်ယောက်ရဲ့ဖခင်။ သီတင်းကျွတ်လပြည့်ကျော်မှာသားကလေးနှစ်ယောက်ကို ရှင်ပြုပေးဖို့ စီစဥ်ထားတဲ့ အလှူ့ဒါယက။ သူလည်း ဆီမီးထွန်းရင်း စစ်ကောင်စီရဲ့ ဗုံးကြဲမှုကြောင့် ဆုံးပါးခဲ့ရတယ်။
သေသူတွေသေခဲ့ကြသလို ရှင်ပြီး အသက်လုနေရသူတွေကလည်း ရွာစဥ်တလျှောက် အများကြီး တွေ့ခဲ့ရတယ်။ ဖြစ်တဲ့ညက အလောင်းကောက်တာ၊ ဒဏ်ရာရသူတွေကိုသယ်တာ မနက် ၃ နာရီကျော်မှ ပြီးတယ်လို့ ဒေသခံတွေက ပြောတယ်။
ဆေးကုတာကိုလည်း ကြောက်ကြောက်လန့်လန့်နဲ့ ကုရတယ်။ စက်တပ်လေထီးနဲ့လည်း ထပ်လာကြဲနိုင်သလို လက်နက်ကြီးနဲ့လည်း ထုနိုင်တာမို့ပါလို့ ဦးဇင်းကမိန့်တယ်။
ဖြစ်ဖြစ်ချင်း သွေးတွေတအားလိုခဲ့တယ်။ ဒါပေမဲ့ ပြည်သူအချင်းချင်း သွေးဖောက်လှူကြတယ်။ ဒါပေမဲ့ ဆေးဝါးကအစ လိုအပ်ချက်တွေ ရှိခဲ့တယ်။ စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်းထဲကို ဆေးဝါးသယ်ယူခွင့်တွေ ပိတ်ပင်ထားခဲ့တာကြောင့်ပါ။
မပြည့်မစုံနဲ့ကုသရင်း တချို့ကျတော့လည်း လက်တဖက်ဖြတ်၊ ခြေထောက်နှစ်ဖက်ဖြတ်၊ တချို့ကျလည်း ခြေထောက်နှစ်ဖက်လုံး ဖြတ်လိုက်ရတာရှိတယ်။ “ ခွဲစိတ်ပြီးမှ စိတ်ဓာတ်ကျပြီး ဆုံးသွားတာတွေလည်း အများကြီးပဲ” လို့ ဦးဇင်းကမိန့်ပါတယ်။
နာရေးတွေကိုလည်း ဦးဇင်းရောက်ခဲ့ပါတယ်။ သေဆုံးသူတွေက အနီးဝန်းကျင် ၅ ရွာလောက်က ပြည်သူတွေ။ သုဿန်ခွဲပြီး ချကြရတယ်။ အချိန်ကိုပြောင်းပြီး ချရတယ်။ စစ်ကောင်စီက လူစုလူဝေးနေရာ ဗုံးလာချမှာ စိုးရိမ်ရလို့ပါ။ “ ပါရာမိုတာတွေ လက်နက်ကြီးတွေနဲ့ အထုမခံရအောင် လူမသိသူမသိ အဖြစ် သင်္ဂြိုလ်ရတယ်။ သူတို့က ဘယ်နေနေ လက်နက်ကြီးတကမ်းမီတယ်။” လို့ ဆရာတော်က မိန့်တယ်။
ကိုယ့်တူကိုယ့်သား နာရေး အဝေးကလာတဲ့သူတွေကလည်း ပုန်းလျှိုးကွယ်လျှိုးနဲ့လာရတယ်။ ပုန်းငိုပြီး ပြန်သွားရတယ်လို့ ဆရာတော်က မိန့်တယ်။
အဲဒီတိုက်ခိုက်မှုမှာ အရပ်သားပြည်သူ ၂၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၆၀ ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ သေဆုံးခဲ့သူတွေထဲမှာ မုံရွာ-အမြင့်လမ်း သပိတ်ကော်မတီမှ ရဲဘော်များဖြစ်တဲ့ ကိုချမ်းငြိမ်းအောင်၊ ကိုညီညီဇော်၊ ကိုကံမြင့်လွင် နှင့် ချောင်းဦးမြို့နယ် လူငယ်အင်အားစုသပိတ်ကော်မတီမှ ရဲဘော်ဖြစ်တဲ့ ကိုကျော်ဇင်ဦး(ခ) ကိုကုလားတို့လည်း ကျဆုံးခဲ့ရကြောင်း အထွေထွေ သပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB)က အသိထားပေးပါတယ်။
ကုသနေရသူတွေဟာ ပြန့်ကြဲနေတာကြောင့် စာရင်းပြုစုဖို့ လက်လှမ်းမမှီတာမို့ သေဆုံးသူအရေအတွက်ဟာ ဒီ့ထက်များနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လူထုနွေဦးထပ်မံရရှိတဲ့အချက်အလက်တွေအရ ဒဏ်ရာရသူတွေထဲကထပ်မံသေဆုံးသူတွေရှိတာမို့ သေဆုံးသူ ၂၈ ဦးခန့်ရှိလာပြီဖြစ်ပါတယ် ။
“ သေဆုံးမှုက အရမ်းများတယ်။ ရုပ်ကလပ် ပီပြင်တာတွေပဲ အတည်ပြုနိုင်သေးတာ။ ကြေမွပျက်စီးအစရှာမရသူတွေ အများကြီးရယ်” လို့ ဦးဇင်းက မိန့်ပါတယ်။
ဆီမီးထွန်းပွဲကို ဗုံးကြဲခဲ့တဲ့ စစ်အုပ်စုကို ဖိအားပေး ဆန့်ကျင်ကန့်ကွက်ရုံသာမက နိုင်ငံတကာရာဇဝတ်မှုများကျူးလွန်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ပြီး နိုင်ငံတကာ ယန္တရားတွေမှာ တရားစွဲဆိုအပြစ်ပေးနိုင်ဖို့ ဝိုင်းဝန်းကြိုးစားပေးရန် နိုင်ငံတကာရှိ အစိုးရများနဲ့ အဖွဲ့အစည်းများအား အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)က တောင်းဆိုထားပါတယ်။
အာဏာသိမ်းစစ်အုပ်စုကတော့ဘုံတိုရွာ ဆီမီးထွန်းပွဲ ဗုံးကြဲတိုက်ခိုက်မှုဟာ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေးအဖြစ် လုပ်ဆောင်ခဲ့တာလို့အောက်တိုဘာ ၉ရက်မှာထုတ်ပြန်ပါတယ်။
GSCB က သီတင်းကျွတ်လပြည့်ညမှာ ဆီမီးထွန်းညှိတာဟာ ဗုဒ္ဓဘာသာရဲ့ ဘာသာရေးထုံးတမ်း အစဉ်အလာ တစ်ခုဖြစ်ပြီး ဆီမီးထွန်းညှိကာ အလိုရှိရာ ဆန္ဒတွေကိုဆုတောင်းကြတာဟာလည်း မြန်မာ့ရိုးရာဓလေ့ တစ်ခုဖြစ်ကြောင်း၊ ဆီမီးထွန်းညှိပြီး ဆုတောင်းမှုတွေ ပြုလုပ်တာဟာ နိုင်ငံသားတိုင်း၊ လူသားတိုင်းမှာ အလိုအလျောက်ရှိပြီး လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခြင်းနဲ့ လွတ်လပ်စွာ စုဝေးခြင်းစတဲ့ မွေးရာပါ လူ့အခွင့်အရေးများနဲ့ အညီ ပြုလုပ်ကြခြင်းသာ ဖြစ်ကြောင်း ရှင်းလင်းပါတယ်။
ကလေးငယ်များအပါအဝင် အရပ်သားပြည်သူများသေဆုံးခဲ့ရတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုမျိုးအတွက် လက်ခံနိုင်ဖွယ်အကြောင်းပြချက် လုံးဝမရှိဘူးလို့ ရန်ကုန်မြို့ ဗြိတိန်သံရုံးအကြီးအကဲ အန်ဒရူးဂျက်ဆန်က အောက်တိုဘာ ၁၀ ရက်မှာ ထုတ်ဖော်ပြောဆိုပါတယ်။
အလားတူမြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံရုံးကလည်း ဗုဒ္ဓဘာသာဝင်တို့ရဲ့ မီးထွန်းပွဲတော်ကျင်းပနေစဉ်ကာလအတွင်း တိုက်ခိုက်ခံရမှုများအပါအဝင် ပြည်သူလူထုအပေါ် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းရဲ့ ဆက်လက်တိုက်ခိုက်နေမှုများကို ရှုတ်ချတယ်လို့ ထုတ်ပြန်ပါတယ်။သြစတြေးလျအစိုးရဟာ မြန်မာပြည်သူများနဲ့အတူတကွ ဆက်လက်ရပ်တည်ကြောင်းလည်း ဖော်ပြပါတယ်။
နိုင်ငံတကာရှိ အစိုးရများနဲ့ အဖွဲ့အစည်းတွေကလည်း စစ်ရာဇဝတ်သား အကြမ်းဖက် စစ်အုပ်စုကို ဖိအားပေး ဆန့်ကျင် ကန့်ကွက်ရုံသာမက ၎င်းတို့ကို နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ပြီး နိုင်ငံတကာ ယန္တရားတွေမှာ တရားစွဲဆို အပြစ်ပေးနိုင်ဖို့ ဝိုင်းဝန်းကြိုးစားပေးစေလိုကြောင်း၊ ၎င်းတို့ ဖန်တီး ပြုလုပ်မယ့် ရွေးကောက်ပွဲ အပါအဝင် ၎င်းတို့ရဲ့ လုပ်ရပ်အားလုံးကို အသိအမှတ်မပြုကြ စေလိုကြောင်းနဲ့ သက်ဆိုင်ရာ အစုအဖွဲ့အသီးသီးနှင့် ချိတ်ဆက်ပြီး နစ်နာ ခံစားခဲ့ရတဲ့သူများအတွက် ထိရောက်၊ အကျိုးရှိသည့် ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးကြဖို့ GSCBက တောင်းဆို တိုက်တွန်းပါတယ်။
စစ်ကောင်စီဟာ ဘုံတိုရွာဆီမီးထွန်းပွဲကို ဗုံးကြဲခဲ့တဲ့ညမှာပဲ ၎င်းတို့ထိန်းချုပ်ထားတဲ့ မြို့ကြီးတွေမှာ ဆီမီးပူဇော်ပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေကျင်းပနေခဲ့ပါတယ်။
“ သူ(စစ်ခေါင်းဆောင်)ကတော့ သာသနာပြုမင်း၊ သာသနာပြုမင်းနဲ့ ကြွေးကြော်နေတာပေါ့။ သူတို့လုပ်တာ ပြောင်းပြန်ဖီလာ(ဆန့်ကျင်)တယ်။ သီတင်းကျွတ်လပြည့်နေ့ဆို ပုံမှန်ဆို ဦးဇင်းတို့ ဘုရား တာဝတိံသာက ဆင်းလို့ ကြိုဆိုကြတာ လုပ်ရိုးလုပ်စဥ် အခွင့်အရေးပဲ။ သာသနာပြုမင်းက လူသားတွေနဲ့ ယဇ်ပူဇော်နေသလိုပဲ။” လို့ ဦးဇင်းကမိန့်ကြားလိုက်ပါတယ်။ ။
