Scorpio/People’s Spring
တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ လုပ်နေတဲ့၊ တော်လှန်ရေးအားကောင်းတဲ့ တိုင်း ၃ တိုင်းက မြို့ကြီး ၃ မြို့မှာ စစ်ကောင်စီက သီတင်းကျွတ်ပျော်ပွဲရွှင်ပွဲတွေ အကြီးအကျယ် ပြုလုပ်နေပါတယ်။ အဲဒီမြို့ကြီး ၃ မြို့ကတော့ မန္တလေး၊ မုံရွာနဲ့ မကွေးမြို့တွေပါ။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေမကြာခဏ ခံနေရတဲ့ မတ္တရာမြို့နယ်အစပ်ကနေ ဆယ်မိုင်လောက်တောင် မကွာတဲ့ မန္တလေးတောင်ခြေက ကျောက်တော်ကြီးဘုရားပွဲတော်ကို ဒီနှစ်သီတင်းကျွတ်မှာလည်း စစ်ကောင်စီက စည်စည်ကားကားနဲ့ ကျင်းပစေခဲ့ပါတယ်။
အာဏာသိမ်းကာလ ၅ နှစ် သက်တမ်း ပြည့်ခါနီးလာလေ လူထုရဲ့ မွန်းကြပ်မှုတွေကလည်း ပိုများလာလေဖြစ်တာကြောင့် ပွဲတော်ဟာ စည်ကားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

Public Service Announcement
မီးရောင်ထိန်နေတဲ့ ပွဲခင်းထဲမှာ ဘာမှတော့မဖြစ်ပေမဲ့ ပွဲတော်ပြင်ပ မန္တလေးမြို့ထဲမှာတော့ ပေါ်တာဆွဲဖမ်းဆီးတာတွေ လုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပွဲတော်စတဲ့ စက်တင်ဘာလကုန်ပိုင်းကပဲ မန္တလေးမြို့ပေါ် ရပ်ကွက်တခုမှာ ည ၈ နာရီ ၄၅ မိနစ်ခန့်မှာပဲအသက် ၁၇ နှစ်အရွယ် ဆယ်ကျော်သက် ယောကျာ်းလေးနှစ်ဦး ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရပါတယ်။
“ ကလေးနှစ်ယောက်က ဂိမ်းဆော့ဖ်ို့လမ်းထိပ်က Kpay ဆိုင်ကို Kpay သွားထည့်တာ။ ပတ်ကင်းကားနဲ့တိုးပြီး တခါတည်းဆွဲတင်သွားတာ” လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
စစ်အုပ်စုဟာ ညပိုင်းတွေမှာ ကားတွေနဲ့လှည့်ပြီး ပေါ်တာဆွဲနေတာကြောင့် လူငယ်ပိုင်းတွေ ပိုသတိထားသင့်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
“ မနက် ၃ နာရီလောက်ကို ပတ်ဆွဲနေတာ” လို့ မန္တလေးမြို့ပေါ်နေ အမျိုးသားတဦးက ပြောပါတယ်။
အလားတူတိုက်ပွဲတွေပတ်လည်ဝိုင်းနေတဲ့ မုံရွာမြို့ပေါ်မှာလည်း စစ်ကောင်စီက ဘုရားပွဲကျင်းပပြီး ပြည်သူတွေလည်ပတ်အောင် စည်းရုံးနေပါတယ်။ မုံရွာက ကာကွယ်ရေးအဖွဲ့တွေကတော့သီတင်းကျွတ်လပြည့်နေ့ဆိုပြီး မြို့ပြင်ဘုရားတွေဖြစ်တဲ့ ဗောဓိတထောင်ဘုရား၊ မိုးညှင်းဘုရား၊ ကျောက္ကာ ရွှေဂူနီ၊ရွှေဂူဖြူဘုရားတို့ကို မသွားကြဖို့ သတိပေးပါတယ်။ သာသနာ့နယ်မြေတွေမှာကို စစ်ကောင်စီအုပ်စုက အထိုင်ချထားတယ်လို့ ကာကွယ်ရေးရဲဘော်တွေက ပြောပါတယ်။
သီတင်းကျွတ် လပြည့်နေ့မှာ ဗုဒ္ဓဘာသာဓလေ့ထုံးတမ်းအရ တန်ခိုးကြီး ဘုရားစေတီပုထိုးတွေကို ဖူးမြော်လိုတဲ့ ပြည်သူတွေရဲ့ စိတ်ဆန္ဒကို နားလည်ပေမဲ့ စစ်ကောင်စီတပ်ဟာ လူသားဆန်မှု လုံးဝ မရှိကြသူတွေဖြစ်လို့ ကုသိုလ်ရခြင်းထက် အန္တရာယ် ဖြစ်နိုင်ချေ များတာကြောင့် ကျောက္ကာရွှေဂူနီလမ်းပိုင်းကို ဖြတ်သန်းသွားလာတာတွေ မလုပ်သင့်ဘူးလို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးပါတယ်။
ဒါ့အပြင် အဆိုပါလမ်းပိုင်းတွေဟာ စစ်ဆင်ရေးနယ်မြေကနေလည်း ပြန်လည်ရုတ်သိမ်းခြင်းထားခြင်းမရှိလို့ မိုင်းအန္တရာယ်၊ စစ်အုပ်စု ရမ်းသမ်းပစ်ခတ်မှု အန္တရာယ်တွေ ကြုံတွေ့နိုင်တာကြောင့် လုံးဝ(လုံးဝ) ၎င်း လမ်းပိုင်းကို ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြဖို့ ထပ်မံသတိပေးခဲ့ပါတယ်။
သတိပေးနေတုန်းမှာပဲ သာစည်ဘုရား သွားဖူးကြတဲ့ ဘုရားဖူးတွေကို စစ်ကောင်စီတပ်က ဖမ်းစီးထားတယ်လို့ မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က အသိပေးပါတယ်။ ဘယ်နှဦးဖမ်းဆီးခံရတယ်ဆိုတာတော့ မသိရသေးပါဘူး။
“ စစ်တပ်က အခုချိန်မှာ ကျနော်တို့လူငယ်တွေကို အကြီးအကျယ် မတရား ပေါ်တာဆွဲနေတဲ့ကာလဖြစ်လို့ မြို့ပေါ်မှာ နေထိုင်နေတဲ့ လူငယ်တွေအနေနဲ့ အသိ၊ သတိနဲ့ယှဉ်ပြီးနေထိုင်သွားလာကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။” လို့ မုံရွာလူထုသပိတ်တ်ုက်ပွဲဦးဆောင်ကော်မတီဝင် ကိုခန့်ဝေဖြိုးက ပြောပါတယ်။
တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မကွေးတိုင်းမှာလည်း စစ်ကောင်စီတပ်က မကွေးမြို့ပေါ်မှာ မြသလွန်ဘုရားပွဲကျင်းပနေပါတယ်။ အောက်တိုဘာ ၁ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ၃ ပတ်နီးပါး ကျင်းပသွားမယ်လို့ ဆိုပါတယ်။
မြသလွန်ဘုရားပွဲ ကျင်းပနေတဲ့နည်းတူ မကွေးမြို့နဲ့ မင်းဘူးမြို့တွေမှာလည်း စစ်အုပ်စုက ပေါ်တာဆွဲဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“ ပေါ်တာဆွဲနေလို့ ယောကျာ်းလေးတွေဆို သီတင်းကျွတ်ပိတ်ရက်ကို အိမ်မပြန်ရဲကြဘူး” လို့ မင်းဘူးဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။
စစ်ကောင်စီဟာ ယခု အောက်တိုဘာလမှာ စစ်မှုထမ်းအပတ်စဥ် (၁၈)ကို စတင်မှာဖြစ်ပြီး နိုင်ငံတဝန်းမှာ ပေါ်တာဆွဲဖမ်းဆီးမှုတွေ၊ စစ်မှုထမ်းဆင့်ခေါ်တာတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။
