ရှိန်း/People’s Spring
စက်တင်ဘာလနောက်ဆုံးပတ်ကစပြီး မန္တလေးမြို့မှာ စစ်သားတွေ၊ရဲတွေ၊ပျူစောထီးတွေဟာစစ်ကား၊ရဲကားတွေအများအပြားနဲ့အလုပ်ရှုပ်နေကြပါတယ်။ဒါဟာ အထက်မြန်မာပြည်မြို့တော်မှာ မြို့ပြ ပျောက်ကြားလှုပ်ရှားမှု တွေနည်းပါးလာပြီးတဲ့နောက် ၂၀၂၃ခုနှစ်နောက်ပိုင်း မြို့တွင်းမှာမြင် တွေ့ရခဲလှတဲ့မြင်ကွင်းပါ။
ဒီလိုလုံခြုံရေးတင်းကြပ်တာမျိုးက၂၀၂၅ ခုနှစ်မှာ နှစ်ကြိမ်သာရှိပါသေးတယ်။ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက မန္တလေးမြို့ လမ်း၈၀၊၁၉လမ်းက မြို့ရိုးတံတားဖွင့်ပွဲကို အာဏာသိမ်းခေါင်းဆောင်မင်း အောင်လှိုင် လာရောက်ချိန် နဲ့ အောက်တိုဘာလ၄ ရက်နေ့မှာမန္တလေးတက္ကသိုလ်ရာပြည့်ပွဲကိုမင်းအောင်လှိုင်လာရောက်ချိန်ဖြစ်ပါတယ်။
အာဏာသိမ်းခေါင်းဆောင်လုံခြုံရေးကြောင့်မြို့ရိုးတံတားဖွင့်ပွဲတုန်းကဆို ဖွင့်ပွဲမုဒ်ဦးမှာ ရက်တောင်မထည့်ခဲ့ပါဘူး။အဲဒီအချိန်တုန်းက ပြင်ဦးလွင်မြို့ပတ်လည်ကို စစ်သားအင်အားအများအပြားသုံးပြီး တပတ်ကြိုတင်ကာ နယ်မြေ ရှင်းလင်း ရေးဆိုပြီး နေရာစုံကိုလွှတ်ခဲ့ပါတယ်။

Public Service Announcement
ဒါ့အပြင် စစ်ကောင်စီသတင်းပေးအချို့ရဲ့ ပြောကြားချက်အရ ၁၉လမ်း ကျုံးအနောက်ဘက်တံတားဟာ တော်လှန်ရေးတပ်တွေရဲ့ရှော့တိုက်ဒုံးပစ်ကွင်းထဲမှာ ရှိနေတယ်လို့ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုရင် တော်လှန်ရေး တပ်တွေဟာ မင်းကွန်းရွာ၊မင်းကွန်းနဲ့ မန္တလေးမြို့ကြားက ဧရာဝတီမြစ်အတွင်းက ကျွန်းပေါ်ရွာတွေ ဒါမှမဟုတ် ဧရာဝတီမြစ်အလည် ခေါင်က နေ ရှော့တိုက်ဒုံးပစ်ခတ် လေ့ရှိတယ်လို့ စစ်တပ်ဘက်က သတင်းရထားတယ်လို့စစ်ကောင်စီသတင်းပေးအချို့ကပြောပါတယ်။
အဲဒီရှော့တိုက်ဒုံးတွေဟာ နန်းတွင်းထဲက အနောက် မြောက် ဒေါင့်ကို ကျတာက ပိုများတယ်လို့ဆိုရပါတယ်။တခါကဆို ကျုံးအနောက်ဘက်ကျလို့ ပြည်သူတွေထိခိုက်မိခဲ့တာလည်းရှိခဲ့တယ်လို့ သတင်းပေးအချို့ကဆိုပါတယ် ။အဲဒီ နေအိမ်တွေဟာ ၁၉လမ်းတံတားနဲ့နီးတာပါ။ တံတားဖွင့်ပွဲကို ဇန်နဝါရီလ၈ ရက်နေ့မှာပြုလုပ်ခဲ့ပါတယ်။ ဖွင့်ပွဲမတိုင်ခင် နှစ်ရက်အလို ဇန်နဝါရီ၆ ရက်နေ့မှာပဲ စစ်တပ်က ရှမ်းပြည်နယ်၊ နောင်ချိုမြိုနယ်အစပ်၊ပြင်ဦးလွင်မြို့ပတ်လည်၊မန္တလေး- ပြင်ဦးလွင်လမ်း၊မန္တလေး မြို့အတွင်းအပြင် မြစ်အနောက်ဖက်ကမ်းက မင်းကွန်းအထိစစ်ကြောင်းတွေထိုးခဲ့ပါတယ်။အာဏာသိမ်းခေါင်းဆောင်လာတဲ့တံတားဖွင့်ပွဲမှာ တော်လှန်ရေးအင်အားစုတွေက နန်းတွင်းကို တိုက်ခိုက်တာ မလုပ်ခဲ့ပါဘူး။
အာဏာသိမ်းခေါင်းဆောင် တက္ကသိုလ်ရာပြည့်ပွဲလာဖို့အတွက်ကိုလည်း ပြင်ဦးလွင်မြို့ပတ်ပတ်လည်ကို လုံခြုံရေးအတွက်ဆိုပြီး ဗိုလ်မှူးတွေဦးဆောင်စေပြီး ၃ရက်ဆက်တိုက် လုံခြုံရေးတင်းကြပ်ခိုင်းတယ်လို့စုံစမ်းသိရပါတယ်။ဒါ့အပြင်မန္တလေးမြို့ကို တစ်ပတ်နီးပါးကြိုတင်ပြီး ကင်းတွေ လှည့်ခိုင်းထားပါတယ်။
မင်းအောင်လှိုင် လာမှာမို့ စစ်တပ်ကလုံခြုံရေးမြှင့်နေချိန်မှာပဲမန္တလေးသပိတ်ကော်မတီက မြို့တွင်း သပိတ်ပြုလုပ်သွားတာပါ။ဦးဆောင်သူက စစ်တပ်က အသဲအသန်လိုချင်နေတဲ့ ဒေါက်တာတေဇာဆန်းနဲ့ အတူ မြို့တွင်းသပိတ်တွေမှာပါလေ့ရှိသူပါ။ အခုနောက်ပိုင်းမြို့ပြသပိတ်တွေမှာ သူကဦးဆောင်လုပ်နေတာမို့ စစ်အုပ်စုက အသည်းအသန်အလိုရှိနေသူဖြစ်တယ်လို့ စစ်ကောင်စီသတင်းပေးအချို့ကပြောပါတယ် ။
ချမ်းမြသာစည်မြို့နယ်မှာ စက်တင်ဘာလနောက်ဆုံးပတ်မှာလုပ်တဲ့ဆန္ဒ ပြပွဲကို စစ်အုပ်စုကချမ်းအေးသာစံမြို့နယ်လို့သတင်းရပြီး ဖမ်းဆီးဖို့ကြိုးစားပေမယ့် မြို့နယ်မှားပြီးအလုပ်မဖြစ်ခဲ့ပါဘူး။ချမ်းအေးသာစံမြို့နယ် လမ်း၆၀၊လမ်း၃၀ ထောင့်ကို စစ်ကားတွေ အစုလိုက်အပြုံလိုက် ရောက်လာတယ်လို့မြို့ခံ တွေကပြောပါတယ်။
“ ကောင်လေးတယောက်နဲ့ ကောင်မလေးတ ယောက်ဆိုင်ကယ် နဲ့ ဆိုပြီး လာရှာတာ။တယောက်မှ မမိဘူး” လို့ မြို့ခံတဦးကပြောပါတယ်။
ပြောက်ကျားသပိတ်လုပ်သွားပြီးနောက် စစ်အုပ်စုက အရံအင်အားတွေကိုပါ ထပ်ချထားပြီးလုံခြုံ ရေးထပ်တိုးခဲ့တယ်လို့ဆိုပါတယ်။
စစ်တပ်သတင်းအရင်းမြစ်တဦးက “ ခမရ(၁၁၉)တပ် တွေမှာ ကား တွေအဆင်သင့်ထိုးထားတယ်။တပ်အကုန်လည်း အကုန် Standby (အသင့်အနေအထား)နေရတယ်” လို့ ဆိုပါတယ်။
တပ်မ (၃၃)လက်အောက်ခံတပ်ဖြစ်တဲ့အမှတ်(၁၁၉)ခြေမြန်တပ်ရင်း( ခမရ-၁၁၉)ဟာပုသိမ်ကြီးမြို့နယ်၊ရန်ကင်းတောင်ခြေကတပ်ဖြစ်ပါတယ်။အဲဒီတပ်မှာ စစ်မှုထမ်းအပတ်စဉ် (၁)ကစလို့ အခုချိန်အထိမန္တလေးမှာစစ်မှုထမ်းသင်တန်းပေးတဲ့ နေရာဖြစ်ပါတယ်။
အာဏာသိမ်းခေါင်းဆောင်ဟာ မန္တလေးမြို့ကို အောက်တိုဘာ ၃ ရက်ညနေပိုင်းမှာ ပြင်ဦးလွင်မြို့ကနေ ယာဥ်တန်းနဲ့သွားခဲ့ပါတယ်။အောက်တိုဘာ ၄ ရက်မနက်မှာ လပခ ကိုရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရတာကြောင့် ညမအိပ်ရဲတော့ပဲ ပြင်ဦးလွင်ကိုပြန်အိပ်ပါတယ် ။ပြင်ဦးလွင်မြို့မှာစစ်တက္ကသိုလ်စာပေဌာန(၂) အနီးကအိမ်ယာမှာ ညအိပ်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။အောက်တိုဘာ ၄ ရက်ညမှာ စစ်တိုင်းမှူးတချို့ကတော့ နန်းတွင်းထဲကို ပြန်အိပ်ခဲ့တယ်လို့ လူထုနွေဦးက သတင်းရရှိပါတယ်။
မြို့အတွင်း၊မြို့အပြင်လုံခြုံရေး ကြပ်ထားတဲ့အထဲကပဲ မန္တလေးမြို့မှာ ပျောက်ကြားလှုပ်ရှားမှု တွေလုပ်ခဲ့တဲ့ တော်လှန်ရေး အဖွဲ့တွေကပဲ နန်းတွင်းထဲအထိ ၁၀၇မမ ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပါတယ်။စစ်တပ်အရာရှိတဦးရဲ့ ပြောကြားချက်အရနန်းတွင်းထဲအထိ တိတိကျကျ ကရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်ရင်းမြစ်အချို့က နန်းတွင်းထဲ ကျရောက်ထိမှန်တာ ဟုတ်ပေမယ့် ထိခိုက်မှု မရှိဘူးလို့ တချို့ကပြောသလို တချို့က ထိခိုက်မှုရှိ၊မရှိ မေးမြန်းမှုကိုမဖြေကြပါဘူး။
ပစ်ခတ်မှုတွေက လပခထဲကို ကျရောက်ထိမှန်ခဲ့တာကြောင့် စစ်ကောင်စီဘက်ကထိခိုက်မှုရှိနိုင်တယ်လို့ BWM တာဝန်ရှိသူကပြောပါတယ်။
မန္တလေးတက္ကသိုလ် နှစ် ၁၀၀ ပြည့်ပွဲကိုဆိုရင် နေရာအတိအကျသိရတာကြောင့် ပိုပြီးလွယ်လွယ်ကူကူ တိုက်ခိုက်နိုင်ပေမယ့် အာဏာသိမ်းခေါင်းဆောင်ကပြည်သူတွေကိုဒိုင်းကာအနေနဲ့လုပ်ထားတာကြောင့်ပြည်သူတွေထိခိုက်မှာစိုးလို့မတိုက်ခိုက်ခဲ့တာလို့ အဖွဲ့တာဝန်ရှိသူကပြောပါတယ်။
ဒီစစ်ဆင်ရေးBrave Warrior For Myanmar(BWM)ကဦးဆောင်ပြီး No More Dictatorship (NMD PDF)၊People Servant Force (P.S.F)၊ရတနာပုံတပ်ဦး၊)တို့ပါ။
အောက်တိုဘာ ၄ ရက်မနက်၆နာရီ ၁၅မိနစ်မှာ ရှော့တိုက်ဒုံး ၂ လုံးကျပြီး စစ်တပ်က တံတားဦး လေဆိပ်က ရဟတ်ယာဉ်နှစ်စီးနဲ့ မင်းကွန်းတကျောကိုရှာဖွေခဲ့တယ်လို့စုံစမ်းသိရတယ်။ဒါ့အပြင် ပုသိမ်ကြီး မြို့နယ်က စစ်သားတွေကို စေလွှတ်ပြီးစစ်ကြောင်းထိုး ခိုင်းကာရှော့တိုက်ဒုံးနဲ့ ပစ်ခတ်သူကို ရှာဖွေစေတယ်လို့ စစ်ကောင်စီသတင်းပေးအချို့ကဆိုပါတယ်။အဲဒီစစ်ကြောင်းကိုသင်္ဘော ၅ စီးနဲ့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်ရှာဖွေစေခဲ့တယ်လို့လည်းဆိုပါတယ် ။
မြေပြင်စစ်ကြောင်းကိုလည်း ဒီအနီးနားက အမှတ်(၃)ခရိုင်ချင်းဆက်လမ်းမှာ ရှိနေပါတယ်။
“ မအလတော့အတော်ကြောက်သွားမယ်။အချိန်မီခြိမ်းခြောက်နိုင်လို့အောင်မြင်တဲ့မစ်ရှင်လို့ပြောနိုင်ပါတယ်” လို့ BWM တာဝန်ရှိသူက ပြောပါတယ်။
မုဒ်ဦးဖွင့်ပွဲမှာရက်မထည့်ရဲတဲ့ စစ်အုပ်စုဟာတက္ကသိုလ်ရာပြည့်ပွဲ ပြီးတဲ့အချိန်မှာလည်း သူ့ရဲ့ခရီးစဥ်အကိုတပ်အတွင်းတောင်သတင်း အပြန့်မခံရဲဘဲ ထိန်းထားပါတယ်။ဒါ့အပြင်အာဏာလုခေါင်းဆောင် ရှိနေတဲ့အချိန် မန္တလေးမြို့မှာဂျန်ဘာတွေ အများအပြားတပ်ဆင်ထားတာကြောင့် ပြည်သူတွေဟာအင်တာနက်ကောင်းကောင်းသုံးမရခဲ့ပါဘူး။ မြို့ထဲမှာGoogle map ကိုတောင်သုံးမရတဲ့အထိ အင်တာနက်လိုင်းတွေ ကျနေခဲ့တယ်လို့ ဒေသခံအချို့ကပြောပါတယ်။
တက္ကသိုလ်ရာပြည့်ပွဲသွားပြီးတော့လည်း မန္တလေးမြို့မှာ ကြာကြာမနေပဲ ပြင်ဦးလွင်မြို့ကိုယာဥ်တန်းနဲ့ပြန်သွားတယ်လို့ ဒေသခံအချို့ကပြောပါတယ်။တော်လှန်ရေးတပ်တွေက တိုက်ခိုက်မှာစိုးတဲ့အတွက် ဂျန်ဘာတွေကို အများအပြားဖွင့်ထားတာမို့ ပြင်ဦးလွင်မှာပါ အင်တာနက်လိုင်းတွေမကောင်းတော့ဘူးလို့ဒေသခံအချို့ကဆိုပါတယ် ။
(အာဏာသိမ်းခေါင်းဆောင် မန္တလေးတက္ကသိုလ်ရာပြည့်ပွဲလာရောက်စဥ် / မင်းအောင်လှိုင်လာရန် လုံခြုံရေးမြှင့်ထားတဲ့ကြားမှ မန္တလေးတွင်ပြောက်ကျားသပိတ်လုပ်နေစဥ်/ မင်းအောင်လှိုင် မန္တလေးမှာရှိနေစဥ် လပခ ကိုရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်စဥ်။
