ယောနသံ/People’s Spring
ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထဲဓားရှည်တစ်ချောင်းရောက်လာသည်။ ဓားအိမ်ပါသည့် ထိုဓားကို ဗိုလ်ချုပ်ကြီးရဲဝင်းဦးကဆုပ်ကိုင်လိုက်သည်ချက်ချင်းဆိုသလိုဗိုလ်ချုပ်မှူးကြီးလက်ထဲပြန်ကမ်းပေးလိုက်သည်။
အချိန်က မနက် ၁၀နာရီခန့်။ နေရာက နေပြည်တော် ဇေယျာသီရိ ဗိမ္မာန်ထဲမှာ ဖြစ်သည်။တပ်ချုပ်တာဝန်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကဗိုလ်ချုပ်ကြီးရဲဝင်းဦးထံ ဒီနေ့(မတ်လ ၃၀ရက်)မနက်ပိုင်း လွှဲပြောင်းပေးလိုက်သည့် မြင်ကွင်းဖြစ်သည်။ဓားက စစ်တပ်သုံးဓားရှည်ဖြစ်သည်။စစ်တပ်အသိုင်းအဝိုင်းမှာတော့တပ်ချုပ်၏ အဆောင်အယောင်ဓါးဟု ခေါ်သည်။ ထိုဓားကို ကမ်းပေးခြင်းသည် တပ်ချုပ်ဟု အတည်ပြတင်မြှောက်ခြင်းဟု အဓိပ္ပါယ်ရသည်။
ဓားသည်ခုတ်ထစ်ရာတွင်သုံးသည့်အရာဖြစ်သည်။
တပ်ချုပ်အသစ်စက်စက်ဗိုလ်ချုပ်ကြီးရဲဝင်းဦးက သူ့ရှေ့တည့်တည့်က ဗိုလ်ချုပ်မှူးကြီးအပါအဝင် ဇေယျာသီရိ ဗိမ္မာန်ထဲက ဘယ်သူ့ကိုမှ မခုတ်ပါ။ သို့သော် နေပြည်တော်မှ မိုင် ၂၀၀ ခန့်အကွာမှာရှိနေသည့် ပြည်သူများကိုမူ ဗုံးကြဲသတ်ဖြတ်လိုက်သည်။

Public Service Announcement
စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်၊ငပယင်းရွာဆေးခန်းကို တိုက်လေယာဉ်များဖြင့် ဗုံးကြဲပြီး ရော့ကတ်နဲ့ပါ ပတ်ချာလည်ပစ်ခတ်ခြင်းဖြစ်သည်။
ပထမအကြိမ်ဗုံးကြဲပြီး သေဆုံးဒဏ်ရာရသူများကိုကူညီရေးနဲ့ ရှင်းလင်းရေးလုပ်နေစဥ်တိုက်လေယာဥ်ကနောက်တကြိမ်လာဗုံးကြဲသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ်ကြီးရဲဝင်းဦးတပ်ချုပ်ရာထူးယူအပြီး နာရီအနည်းငယ်အကြာမှာပဲ နွှဲတဲ့ ပထမဆုံးအကြိမ် လူသတ်ပွဲ။ စစ်ခေါင်းဆောင်အနေဖြင့်ပထမဆုံးကျူးလွန်တဲ့ စစ်ရာဇဝတ်မှုဖြစ်သည်။
ပြည်သူလူထုကိုငါးနှစ်ကြာသတ်ဖြတ်ပြီး နေပြည်တော်မှာ ဒီနေ့ မြန်မြိုင်ဆိုင်ဆိုင်ပြုလုပ်နေသည့် နိုင်ငံတော်အဆင့်ရာထူးတွေအလုအယက် ခန့်အပ်တာဝန်ပေးအနေချိန်မှာ စစ်သူကြီးမဟာဗန္ဓုလ၏ ဇာတိ ဘုတလင်မြို့နယ်၊ငပယင်းရွာတွင် ဒေသခံတွေ ငိုပွဲဆင်နေကြရသည်။
ငပယင်းရွာက ဘုတလင်မြို့နှင့်ငါးမိုင်ခန့်အကွာမှာရှိသည်။ငပယင်းရွာဆေးခန်းတွင်အရပ်သားအချို့ဆေးကုသမှုခံယူနေစဉ်ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးကြဲပြီးရော့ကတ်ဖြင့်ပါပစ်ခတ်သွားခြင်းဖြစ်သည်။ အမျိုးသမီးသုံးဦး၊ အမျိုးသားနှစ်ဦးသေဆုံးပြီး အားလုံးအရပ်သားများဖြစ်သည်ဟု ဒေသခံများကပြောသည်။ဒေသခံအချို့က သေဆုံးသူ ၁၅ ဦးအထိရှိကြောင်းပြောကြသည်။
“ စစ်တပ်က ဘယ်ကောင်တက်တက် ရက်စက်မှာပဲ။ကျနော်တို့က ပိုပြီး ဂရုတစိုက်နေမှရမယ်” လို့ဘုလင်မြို့ခံတဦးကပြောသည်။
ငပယင်းရွာဒေသခံတွေကိုပွဲစဉ်နေချိန်မှာ ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်တပ်ချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်တွင် အတူတကပွဲခံနေကြသည်။ အခမ်းအနားဖြင့် ဂုဏ်ပြုခံနေကြသည်။ တပ်ချုပ်မဖြစ်ခင်က ဗိုလ်ချုပ်ကြီးရဲဝင်းဦးသည် စစ်ဘက်လုံခြုံရေးအရာရှိချုပ်(စရဖ)ဖြစ်ပြီးဖေဖော်ဝါရီလထဲတွင် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)အဖြစ် ယင်းအချိန် တပ်ချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကခန့်အပ်လိုက်သည်။ထို့နောက်ပိုင်းတွင် အရပ်သားပြည်သူများအားပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ သိသိသာသာ ပိုဆိုးရွားလာခဲ့သည်။ဆိုးရွားသောအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ ပိုပြီးကျူးလွန်လာသည်။
မတ်လ ၁ ရက်နေ့မနက်ပိုင်းမှာမကွေးတိုင်း၊မင်းတုန်းမြို့နယ်က အများပြည်သူ စုဝေးရာနေရာကုန်ကားစခန်းကိုဂျက်ဖိုက်တာ သုံးစင်းဖြင့်ဗုံးကြဲခဲ့ရာ အရပ်သား ၂၀ကျော် သေဆုံးပြီး ၂၀ကျော် ဒဏ်ရာရခဲ့သည်။မတ်လ မတ်လ ၅ ရက်မနက်မှာပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှ ရေတွင်းကုန်း၊ ခရုကုန်းနှင့် ကျောင်းကုန်းကျေးရွာတွေကို စစ်ကောင်စီစစ်ကြောင်းတွေက ဝင်ရောက်စီးနင်းပြီး ဒေသခံ ၄၀ ကျော်ကို သတ်ဖြတ်ခဲ့သည်။
မတ်လ၈ရက်တွင်အမ်းမြို့နယ်၊ဒါးလက်ချောင်းဒေသမှစစ်သုံ့ပန်းအကျဉ်းစခန်းကိုစစ်တပ်ကနာရီနှင့်ချီ ဗုံးကြဲခဲ့၍ အရာရှိကြီးများအပါအဝင် စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးခဲ့သည်။ မတ်လ ၂၀ရက်တွင် စစ်ကိုင်းတိုင်း ကသာမြို့နယ်က ဘုန်းကြီးကျောင်းကို ဗုံးကြဲခဲ့သောကြောင့် သံဃာတော်အချို့အပါအဝင် ၈၀ခန့်သေဆုံးပြီး ရုပ်အလောင်းများကို စစ်အုပ်စုက ဖျောက်ဖျက်ဖို့ကြိုးစားခဲ့သည်။
အထက်ပါဖြစ်ရပ်များသည် လူ၂၀ဦးအထက် သေဆုံးသော အစုလိုက်အပြုံလိုက်သတ်ဖြတ်သည့်ဖြစ်ရပ်များ သာဖြစ်သည်။ ထိုနေရာများအပြင် ရန်ကုန်တိုင်းနှင့်နေပြည်တော်မှလွဲ၍ ကျန်ဒေသများကို ဗုံးကြဲခဲ့သည်။
ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ရာထူးနှင့် ဒီနေ့ခန့်အပ်ခံရသည့် တပ်ချုပ်ရာထူးမရခင်ကြားကာလမှာပင် လူ ၃၀၀ ထက်မနည်း သတ်ဖြတ်မှုအတွင်း ဗိုလ်ချုပ်ကြီးရဲဝင်းဦးက အဓိကနေရာမှ ပါဝင်ခဲ့သည်။ တပ်ချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကနိုင်ငံတော်အာဏာကို မတရားသိမ်းယူပြီးနောက်ပိုင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လူပေါင်း သုံးသောင်းကျော်ကို ဖမ်းဆီးထားသည်။ကိုဂျင်မီ၊ကိုဇေယျာသော်တို့အပါအဝင် ဆန့်ကျင်သူတွေထဲမှ အချ်ို့ကို ကြိုးပေးကွပ်မျက်ခဲ့သည်။
တစ်သောင်းကျော်ကို အကြမ်းဖက်သတ်ဖြတ်ခဲ့သည်ဟုအမျိုးသားညီညွတ်ရေးအစိုးရ၊လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ အရပ်သားပြည်သူများအပေါ် အဆိုပါစစ်ရာဇဝတ်မှုများကျူးလွန်ထားသည့်တပ်ချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတပ်ချုပ်အသစ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ဆရာတင်ထားသည်။အမှန်တွင်တော့အထက်ပါစစ်ရာဇဝတ်မှုများကိုမင်းအောင်လှိုင်နှင့် ရဲဝင်းဦးအပါအဝင် စစ်တပ်ခေါင်းဆောင်များအတူကျူးလွန်ခဲ့ခြင်းပင်ဖြစ်သည်။ထိုအပြင် ရဲဝင်းဦးသည် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ဦးဆောင်ဖမ်းဆီးခဲ့သူဟုလည်းသတင်း
ထွက်နေသည်။သို့သော်ထိုအချက်ကို ထပ်မံစီစစ်အတည်ပြုရန်လိုသေးသည်။
တပ်ချုပ်အသစ်သည်သမ္မတရာထူးဆီ သုတ်ခြေတင်နေသည့် တပ်ချုပ်ဟောင်းထက် မလျော့သော ရက်စက်ကြမ်းကြုတ်မှု ရှိနေသည်။ယနေ့ မနက်ပိုင်းမှာ တပ်ချုပ်ရာထူးရယူပြီးသည့်နောက် ပထမဆုံးပြောသည့် မိန့်ခွန်းတွင် နောက်ထပ် စစ်ရာဇဝတ်မှုများကျူးလွန်မည်ဟု အဓိပ္ပါယ်ပါသော ကြွေးကြော်မှုကို ဟစ်ကြွေးသွားသည်။
၎င်းကို တပ်ချုပ်အဖြစ်ယုံကြည်စွာတာဝန်ပေးအပ်ခဲ့သည့် တပ်မတော်အကြီးအကဲများ၏ ယုံကြည်မှုနှင့် ထိုက်တန်စွာ ကိုယ်စွမ်း၊ဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းထမ်းဆောင်သွားမည်ဟုကတိပြုသွားသည်။ လူထု၏ရန်သူ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ကာကွယ်စောင့်ရှောက်သွားမည်ဟု သူက တပ်ချုပ်ဟောင်း ရှေ့မှာကတိပေးသွားခဲ့ပြီဖြစ်
သည်။





















































