close
Connect with us

Hi, what are you looking for?

ဆောင်းပါး

စစ်ခေါင်းဆောင် ဝတ်စုံပြောင်းလည်း ဆွဲမြဲဆွဲနေတဲ့ ပေါ်တာ

ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့က ရန်ကုန်တိုင်း၊ အရှေ့ဒဂုံမြို့နယ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကနေ ညနေအလုပ်ပြီးလို့ ပြန်သွားတဲ့ မြေတူးဆရာနဲ့ ပန်းရံဆရာတို့ဟာ သူတို့ရဲ့နေအိမ်တွေဆီ ပြန်ရောက်မလာဘဲ လမ်းမှာတင် ပျောက်ဆုံးသွားခဲ့တယ်။

ယခင် စစ်မှုထမ်းအပတ်စဥ်တွေမှာ စစ်သင်တန်းတက်ရောက်ခဲ့ရတဲ့ လူငယ်​တွေ ၊ပျူ​စောထီး​တွေ၊စစ်​ကောင်စီနဲ့မိသားစုဝင်​တွေကို တွေ့ရစဥ်။ ဓာတ်ပုံ-ပသစ

ဝရဇိန်/People’s Spring

ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့က ရန်ကုန်တိုင်း၊ အရှေ့ဒဂုံမြို့နယ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကနေ ညနေအလုပ်ပြီးလို့ ပြန်သွားတဲ့ မြေတူးဆရာနဲ့ ပန်းရံဆရာတို့ဟာ သူတို့ရဲ့နေအိမ်တွေဆီ ပြန်ရောက်မလာဘဲ လမ်းမှာတင် ပျောက်ဆုံးသွားခဲ့တယ်။

နောက်ရက်ကျတော့ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲကို မြေတူးဆရာနဲ့ ပန်းရံဆရာတို့ရဲ့ဇနီးတွေ၊ သားသမီးတွေလိုက်လာကြတယ်။သူတို့ယောကျာ်းတွေ ပျောက်ဆုံးသွားကြလို့ ငိုယိုပြီး လိုက်ရှာနေခဲ့ကြတာတဲ့။ဆောက်လုပ်ရေးလုပ်ငန်းက တာဝန်ရှိသူတွေလည်း ကူညီစုံစမ်းပေးပေမဲ့ သတင်းအစနကို မရခဲ့ဘူး။

နောက်ထပ် ၄ ရက်အကြာ မတ်လ ၂၀ ရက်မှာတော့ လုပ်ငန်းတာဝန်ရှိသူဆီ ဖုန်းတစ်ခုဝင်လာခဲ့တယ်။ ကိုင်လိုက်တော့ ပျောက်ဆုံးသွားတဲ့မြေတူးဆရာဖြစ်နေတယ်။ ဘယ်ရောက်နေလဲမေးတော့

Public Service Announcement

Public Service Announcement

“ သူကျိုင်းတုံမှာ စစ်သင်တန်းစတက်ရတော့မယ်” တဲ့။

ဘယ်လိုဖြစ်တာလဲမေးတော့ သူတို့ပျောက်တဲ့ညက ၇ နာရီလောက်ကသူတို့နှစ်ယောက်ကိုလူတစ်စုကဖမ်းခေါ်သွားခဲ့တယ်။သူတို့နှစ်ယောက်ကိုလူချင်းခွဲလိုက်လို့ ပန်းရံဆရာလည်း ဘယ်ရောက်နေမှန်း မသိရဘူးတဲ့။ တာဝန်ရှိသူလည်း စိတ်မောသွားခဲ့ရတယ်။

ဒါဟာ ဆိုရှယ်မီဒီယာမှာ ကိုယ်တွေ့ကြုံခဲ့သူတစ်ဦးရဲ့အဖြစ်အပျက်ကို ပြန်တင်ပြတာပါ။ ဆိုရှယ်မီဒီယာပေါ် ရောက်မလာတဲ့ အဖြစ်အပျက်တွေကလည်း အများကြီး ရှိနေပါတယ်။

အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲအတုလုပ်၊ ဟန်ပြလွှတ်တော်ခေါ်ပြီး သမ္မတုရွေးကောက်တင်မြှောက်ခဲ့ပေမဲ့ ပေါ်တာဆွဲဖမ်းဆီးမှုတွေကတော့ ၎င်းတို့စစ်အုပ်စု အမူအကျင့်တိုင်း ဥပဒေမဲ့ ဆက်လက်လုပ်ဆောင်နေတာပါ။ သင်္ကြန်ကာလအပြီးမှာတော့ စစ်အုပ်စုဟာ ပေါ်တာဆွဲဖမ်းဆီးမှုတွေ အရင်ကထက်တောင် ပိုမိုဆိုးဆိုးရွားရွား ဖမ်းဆီးလာပြန်ပါတယ်။

ယခင် စစ်မှုထမ်းအပတ်စဥ်တွေမှာ စစ်သင်တန်းတက်ရောက်ခဲ့ရတဲ့ လူငယ်​တွေ ၊ပျူ​စောထီး​တွေ၊စစ်​ကောင်စီနဲ့မိသားစုဝင်​တွေကို တွေ့ရစဥ်။ ဓာတ်ပုံ-ပသစ

အာဏာသိမ်းစစ်အုပ်စုက ရက်ရက်စက်စက် မီးရှို့ဖျက်ဆီးနေတဲ့ မြင်းခြံမြို့နယ်မှာ ပေါ်တာဆွဲဖမ်းဆီးမှုတွေ ဆိုးရွားစွာ ပြုလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ သင်္ကြန်အပြီး ဧပြီ ၁၈ ရက် မြန်မာနှစ်ဆန်းနှစ်ရက်နေ့မှာပဲ မြင်းခြံ-မန္တ​လေးလမ်း၊ နဘူးအိုင်နဲ့ မြို့သာစက်မှုဇုန်အကြား၊ပေါက်စိမ်းကွန်ကရစ်လမ်းထိပ်မှာ ခရီးသွားကားတွေကို စစ်သားတွေက တားဆီးခဲ့ပါတယ်။ အဲဒီနောက် ကားပေါ်ပါလာတဲ့ အမျိုးသားတွေကို ပေါ်တာဆွဲခဲ့ရာမှာ ၆၀ ဦးခန့် အဆွဲခံလိုက်ရကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးပါတယ်။

စစ်အုပ်စုဟာလမ်းပေါ်တင်မကဘဲမြို့ပေါ်မှာပါအိမ်ထဲထိဝင်ပြီးပေါ်တာဆွဲလာခဲ့ပါတယ်။ဧပြီ ၂၀ ရက်ညက မြင်းခြံမြို့ပေါ် ဘုရားလမ်းထဲက လူငယ်တစ်ဦးကို နေအိမ်ထဲထိ ဝင်ရောက်ပေါ်တာဆွဲသွားကြောင်း မြို့ခံတွေက ပြောပါတယ်။

မန္တလေးတိုင်းထဲကပဲ ပေါ်တာအဆွဲကြမ်းတဲ့ ဝမ်းတွင်းမြို့နယ်မှာလည်း ဧပြီလအတွင်း လူငယ်ပေါင်း ငါးဆယ်ကျော် ပေါ်တာဆွဲခံလိုက်ရကြောင်း Voice Of Wundwin အဖွဲ့ရဲ့စာရင်းတွေအရ သိရပါတယ်။

ဝမ်းတွင်းမှာ အသက် (၃၀) မှ (၄၀) ဝန်းကျင် လူငယ်အမျိုးသားတွေကို အဓိကထား ဖမ်းဆီးနေခြင်းဖြစ်ပြီး ကျေးရွာတွေထဲဝင်ရှာဖမ်းတာ၊ နေအိမ်တွေပေါ်တက်ဖမ်းတာ၊ လမ်းပေါ်ဖြတ်သန်းလာတဲ့ကားတွေကိုတားဆီးဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ကြောင်း Voice Of Wundwin အဖွဲ့က ပြောပါတယ်။

ဒါ့ကြောင့် ကျေးရွာတွေက အမျိုးသားတွေ မှန်သမျှ ရွာထဲမနေရဲဘဲ ထွက်ပြေးပုန်းရှောင်နေရကြောင်းလည်းသိရပါတယ်။ “ အိမ်မှာကို နေလို့မရတာ။ တောထဲနေရတာ” လို့ အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်အုပ်စုဟာ လူငယ်တစ်ဦး ဖမ်းမိပါက အထက်အရာရှိတွေဆီကနေငွေ ၃ သိန်းလောက်ရပြီး ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက ပြန်လွှတ်ပေးဖို့လိုက်လာရင်လည်း ငွေကြေးအမြောက်အမြား တောင်းခံတာတွေ ရှိနေကြောင်း သိရပါတယ်။

“ဒီကောင်တွေက လူငယ်တယောက်မိရင် သူတို့ဗိုလ်က သုံးသိန်းပေးတာတဲ့။ အဲ့သုံးသိန်းကိုခုလာဆွဲတဲ့ စခ တွေခွဲယူကြရတာလို့ပြောတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပွဲတော်သံတွေ ညံနေတဲ့ မန္တလေးမြို့မှာလည်း စစ်အုပ်စုက ပေါ်တာဆွဲအနားမပေးခဲ့ပါ။ မင်းအောင်လှိုင်သမ္မတရာထူးယူအပြီး ဧပြီလအတွင်းမှာ မန္တလေးမြို့ပေါ် ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။

လူခြေတိတ်တဲ့ ညပိုင်းနဲ့ မနက်စောစောပိုင်းတွေမှာ အိမ်ထဲအထိ ဝင်ရောက်ဖမ်းဆီးတာတွေ ရှိသလို၊ နေ့ခင်းဘက် လမ်းမပေါ်မှာပါ ဖမ်းဆီးတာတွေ ရှိလာကြောင်း မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Voice of Mandalay အဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အလားတူ စစ်ကောင်စီကို တော်လှန်နေတဲ့ စစ်ကိုင်းတိုင်းက စစ်ကိုင်း၊မုံရွာနဲ့ရွှေဘိုမြို့တွေမှာလည်း စစ်အုပ်စုက ပေါ်တာဆွဲဖမ်းဆီးမှု သောင်းကျန်းနေကြောင်း မြို့ခံတွေက ပြောပါတယ်။

စစ်ကိုင်းမြို့နယ် ကင်းထောက်ရဲဘော်တွေရဲ့အဆိုအရ စစ်ကိုင်းမြို့အတွင်း စစ်တပ် အင်အားသုံး ပေါ်တာဆွဲဖမ်းဆီးမှုတွေ အရှိန်မြင့်နေပြီး ဧပြီ ၂၀နဲ့ ၂၁ ရက်မှာတင် နှစ်ရက်အတွင်း လူငယ် ၂၀၀ ခန့် ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။ စစ်တပ်ဟာ လက်ဖက်ရည်ဆိုင်တွေထဲအထိ ဝင်ဖမ်းခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

“ အခုကနေရာစုံပတ်ဆွဲတာ။သူတို့ရုံးတွေရှိတဲ့ဘက်ထက် မြို့ထဲတွေ၊ မြို့အဝင်တွေမှာပါ ပေါ်တင် ဆွဲနေတာ။ ဘယ်မှကိုမထွက်ရဲတော့ဘူး” လို့ စစ်ကိုင်းမြို့ခံ အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာလည်း ပြီးခဲ့တဲ့ မတ်လကုန်နဲ့ ဧပြီလဆန်းမှာ စစ်ကောင်စီတပ်က မြို့ပေါ်မှာတင် ပေါ်တာဆွဲဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ကြောင်း Voice Of Kalay အဖွဲ့က အသိပေးပါတယ်။

ယခင် စစ်မှုထမ်းအပတ်စဥ်တွေမှာ စစ်သင်တန်းတက်ရောက်ခဲ့ရတဲ့ လူငယ်​တွေ ၊ပျူ​စောထီး​တွေ၊စစ်​ကောင်စီနဲ့မိသားစုဝင်​တွေကို တွေ့ရစဥ်။ ဓာတ်ပုံ-ပသစ

မကွေးတိုင်းမှာလည်း စစ်အုပ်စုက သက်သာခွင့်မပေးပါ။ ချောက်မြို့မှာလည်း ရာသီဥတုပူပြင်းနေတဲ့ကြားက စစ်အုပ်စုဟာဆိုင်ကယ်နှစ်စီးနဲ့ ပေါ်တာလိုက်ဆွဲနေကြောင်း မြို့ခံတွေက ပြောပါတယ်။

ရန်ကုန်မြို့မှာတောင်ဥက္ကလာမြို့နယ်မှာဧပြီလဆန်းမှာ ​အလုပ်က ည ၉ နာရီမှာ ပြန်လာတဲ့ လူငယ်တဦး Inno City ​ရှေ့မှာ ​ပေါ်တာဆွဲခံခဲ့ရသလို ၊ ရန်ကုန်မြို့နယ်တစ်ခုမှာ ညပိုင်း အိမ်​ရှေ့ထွက်​ဆေးလိပ်​သောက်တဲ့ဘူငယ်တစ်​ယောက်ကိုလည်း စစ်အုပ်စုက​ပေါ်တာဆွဲပြီးရက်ပိုင်းအတွင်းရခိုင်ပြည်နယ်ဘက်ကိုပို့တဲ့ဖြစ်စဥ်​တွေဖြစ်ခဲ့ပါတယ်။

​စစ်အုပ်စုယန္တရား​တွေအ​ခြေစိုက်တဲ့​နေပြည်​တော်မှာ​တောင် ​ဆောက်လုပ်​ရေးလုပ်ငန်းထဲက လုပ်သား​တွေကိုစစ်အုပ်စုက ​ပေါ်တာဆွဲသွားလို့ လုပ်ငန်းဆက်လုပ်လို့မရလို့ ​ဆောက်လုပ်​ရေးလုပ်ငန်းရှင်တဦးက အခက်​တွေ့​နေတဲ့အ​ကြောင်း လူမှုကွန်ယက်မှာ​ရေး​သားရင်ဖွင့်ထားပါ​သေးတယ်။

ဒါဟာ လူထုနွေဦးက လက်လှမ်းမှီသမျှ စုံစမ်းရရှိတဲ့ နယ်စုံက ပေါ်တာဆွဲအခြေအနေတွေဖြစ်ပါတယ်။ လက်လှမ်းမမှီတဲ့​ဒေသတွေက လူမသိသူမသိ ဖမ်းဆီးခံရတဲ့လူငယ်တွေ အများအပြား ရှိနေပါသေးတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ မတ်လကုန်မှာပဲ စစ်မှုထမ်း အပတ်စဥ် ၂၃ ကို စတင်နေပြီဖြစ်ပြီး ယခုပေါ်တာဆွဲခံရသူတွေဟာ လာမယ့် အပတ်စဥ် ၂၄ အတွက် ဖြစ်ပါတယ်။

ရန်ကုန် အရှေ့ဒဂုံက ပန်းရံနဲ့ မြေတူးဆရာပျောက်ပြီးလို့မှ ရက်ပိုင်းရှိသေး။ အဲဒီဆိုက်ကပဲ ဆေးသုတ်သမားနှစ်ယောက်လည်း အိမ်ပြန်ရောက်မလာလို့ သူတို့အမေတွေ ဖုန်းဆက်ကြပြန်တယ်။ ငိုကြယိုကြတယ်။

ပျောက်ဆုံးသွားတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်က အလုပ်သမားတွေဟာ သူတို့နောက်မှာ သူတို့ကိုမှီခိုနေကြတဲ့ အမေအိုတွေ၊ ဇနီးမယားတွေ၊ သားတွေသမီးတွေ ရှိပါတယ်။ အခုတော့ အားကိုးရသူတွေ ပေါ်တာအဆွဲခံလိုက်ရလို့ မိသားစုဝင်တွေခမျာလည်း တက်မတက်ချက်မတက် ငိုခဲ့ကြရတယ်။

အာဏာသိမ်းခေါင်းဆောင်ဟာ စစ်ဝတ်စုံချွတ်ပြီး ပုဆိုးနဲ့တိုက်ပုံ ပြောင်းဝတ်ခဲ့ပေမဲ့ စစ်အုပ်စုအတွက်အ​သေခံရမယ့် လူငယ်​တွေကို ပေါ်တာဆွဲဖမ်းဆီးမှုတွေ တိုးတိုးပြီး လုပ်နေဆဲပါ။ ပေါ်တာဆွံခံရသူတွေရဲ့ မိသားစုဝင်တွေဟာလည်း မျက်ရည်လည်ရွှဲနဲ့ ကျန်ရစ်ခဲ့ရပါတော့တယ်။

ဆက်စပ်သတင်းများ

Trending

Facebook