ငြိမ်းငြိမ်းပြည့်ရေးသားသည်။
မြန်မာနိုင်ငံ လိပ်ခဲတည်းလည်းအကျပ်အတည်းတွေထဲ ပိတ်မိနေတဲ့အချိန်တိုင်းမှာ ထွက်ပေါက်ဆိုပြီး ယာယီနိုင်ငံရေးဆေးမြီးတို တခွက်ကိုပဲ ထပ်တလဲလဲ တိုက်ကျွေးခံနေခဲ့ရပါတယ်။ အဲဒါကတော့ “အလယ်အလတ်ကျပါ၊ လက်တွေ့ကျပါ၊ အစွန်းရောက်နိုင်ငံရေးကို စွန့်လွှတ်ပါ၊ တော်လှန်ရေး မျှော်မှန်းချက်နယ်ပယ် အတိုင်းအတာ မိုးကုပ်စက်ဝိုင်းကို လျှော့ချပါ၊ ပြည်သူတွေ ဆင်းရဲဒုက္ခ
ရောက်နေတာကို ထောက်ထားပြီး တော်လှန်နိုင်ငံရေးကို ထိန်းကွပ်ပါ” ဆိုတဲ့ ငါးပွက်ရာ ငါးစာချ အရောင်းအဝယ်တွေပါပဲ။
ဒါပေမဲ့ တကယ်တမ်းမှာ၊အဲဒီလိုအလယ်အလတ်ကျဖို့တောင်းဆိုမှုတွေဟာအစွန်းရောက်အကြမ်းဖက်မှုတွေ စနစ်တကျဖိနှိပ်မှုတွေနဲ့ ဗိုလ်ကျနေတဲ့ မြန်မာစစ်တပ်အင်စတီကျူးရှင်းအပေါ် ကျရောက်တာ မဟုတ်ဘဲ၊ အဲဒီလိုစစ်အုပ်စိုးမှုကို ဖျက်သိမ်းဖို့ ရုန်းကန်ကြိုးပမ်းနေကြတဲ့ တော်လှန်ရေးအင်အားစုတွေအပေါ်ကိုပဲ ပစ်မှတ်ထား ဖိအားပေးမှု ဖြစ်နေပါတယ်။

ခေတ်အဆက်ဆက် အာဏာသိမ်းမှုတွေ၊ ရွေးကောက်ပွဲတွေ၊ အသွင်ကူးပြောင်းရေးတွေ၊ အပစ်အခတ်ရပ်စဲရေးတွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ၊ စစ်အုပ်ချုပ်ရေးကို အရပ်သားအစိုးရအသွင်ပြောင်းဖို့ကြိုးပမ်းမှုတွေ အကြိမ်ကြိမ် အဖန်အဖန် သမိုင်းတလျှောက်လုံးမှာ၊ ဒီ မဇ္ဈိမပဋိပဒါ (ဒါမှမဟုတ်)အလယ်အလတ်လမ်းစဉ်ဆိုတာက တစ္ဆေတကောင်လိုထပ်တလဲလဲပြန်ပေါ်လာတတ်ပါတယ်။ခေါင်းဆောင်တွေကိုဖမ်းဆီးမယ်၊ ပြီးရင် ရွေးကောက်ပွဲ အတုအယောင်တွေလုပ်ပြီး ရွေးချယ် ပြန်လွှတ်ပေးမယ်၊တချိန်တည်းမှာပဲစစ်အုပ်ချုပ်ရေးကို အသွင်ကူးပြောင်းရေးဆိုတဲ့ ခေါင်းစဉ်လှလှလေးတပ်ပြီး ပြန်လည်ထုပ်ပိုးရောင်းချမယ် … ဆိုတဲ့ မြန်မာပြည်သူတွေ ရင်းနှီးကျွမ်းဝင်နေပြီးသား သံသရာလည်မှုတွေပါပဲ။

Public Service Announcement
အကြိမ်တိုင်းလိုလိုမှာပဲ အာဏာပွဲစားတွေက ဒီ “အလယ်အလတ်လမ်းစဉ်”ဆိုတာကြီးကိုပဋိပက္ခတွေထက်ပိုမြင့်မြတ်တဲ့ပိုလက်တွေ့ကျတဲ့နည်လမ်းဆိုပြီး ပုံဖော်ရောင်းစားလေ့ ရှိတယ်။ မြန်မာနိုင်ငံမှာဆိုရင် “အလယ်အလတ်လမ်းစဉ်” ဆိုတဲ့ စကားလုံးနဲ့ ဘာသာရေးဆန်ဆန် “မဇ္ဈိမပဋိပဒါ” ဆိုတဲ့ ပါဠိဝေါဟာရကို ရောနှောပြီး သုံးတတ်ကြပါသေးတယ်။ တကယ်တမ်း အဲဒီ မဇ္ဈိမပဋိပဒါ နိုင်ငံရေး ဆိုတာကြီးက ဘာလဲဆိုတာကို အတိုချုပ် အတိကျဆုံး ပြောရရင်၊ “နာမည်တံဆိပ် လှလှလေး ကင်ပွန်းတပ်ထားတဲ့ လက်အောက်ခံကျွန်ပြုခံစေခြင်း” သက်သက် ပါပဲ။
အခု ပွဲစားတွေက“အသွင်ကူးပြောင်းမှုအသစ်”ဆိုပြီး ထပ်ရောင်းချနေကြတဲ့အရာကို မြန်မာစစ်တပ်ရဲ့ သူ့ကိုယ်သူ ပိုင်နိုင်စိတ်ချယုံကြည်မှု၊ အာဏာ ခိုင်မာမှု၊(ဒါမှမဟုတ်) နိုင်ငံရေးအရွေ့ ရှေ့တလှမ်းတိုးမှုလို့ အထင်မမှားသင့်ပါဘူး။အဲဒီလို ပုံဖော်နေမှုဟာ မြေပြင်က လက်တွေ့ အင်အားအချိုးအစားကို ပြောင်းပြန်လှန်ပြီးလှည့်စားနေတာပါ။ အဲဒီပုံဖော်မှုက စစ်အုပ်စုကိုကျတော့ အပြောင်းအလဲဖန်
တီး အစပျိုးနိုင်စွမ်းနဲ့ အနာဂတ်မျှော်မှန်းချက်မိုးကုပ်စက်ဝိုင်းပုံဖော်နိုင်စွမ်း ပါဝါရှိတဲ့ဘက်အဖြစ် မြှင့်တင်ပုံဖော်ပေးပြီး၊ပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေကိုကျတော့ စစ်တပ်ရဲ့လှုပ်ရှားမှုတွေအပေါ်လိုက်ပြီး တုံ့ပြန်ရုံသက်သက်ပဲ တုံ့ပြန်ရတဲ့ဘက်အဖြစ် ပုံစံခွက်ထဲထည့်လိုက်ပြီး တရားသေ သဘောထားမှု ဖြစ်ပါတယ်။

လက်ရှိပြသနေတဲ့အတုအယောင်မျက်နှာစာကို စစ်အုပ်စုအားနည်းချည့်နဲ့မှုတွေကနေ ပေါက်ဖွားလာတဲ့ အကွက်ရွှေ့မှု တခုလို့ နားလည်ထားတာက ပိုပြီးသင့်လျော်ပါတယ်။ နှစ်ပေါင်းများစွာ မတရားသဖြင့်ခြယ်လှယ်ခဲ့တဲ့နယ်မြေတွေပြန်ဆုံးရှုံး၊ စစ်
မြေပြင်မှာအသေအပျောက်အကျအဆုံးတွေများ၊ စီးပွားရေး စီမံခန့်ခွဲမှုကမောက်ကမကျပ်တည်းမှုတွေ ဖြစ်ပြီးတဲ့ကြားထဲမှာ ဖန်တီးလာတဲ့ အရပ်
သားအသွင်ယူဖို့ ကြံစီမှုတခုပါပဲ။ အရေးအကြီးဆုံးအချက်ကတော့၊လက်ရှိအခင်းအကျင်းအခြေအနေဟာ စစ်တပ်အတွက် အသက်သွေးကြောဖြစ်တဲ့ သမိုင်းဝင် အမာခံနယ်မြေတွေ (စစ်သား အဓိက စုဆောင်းရရှိခဲ့ရာ၊အမျိုးသားရေးဝါဒ အမတေရာ၊ ကျယ်ပြန့်တဲ့ လူမှုအာဏာသြဇာကိုတည်ဆောက်ရာ၊ စစ်တပ်ကြီးစိုးမှုကို ပြန်လည်ထုတ်လုပ်လည်ပတ်ရာ အရင်းအမြစ်တွေ) ပြိုကျပျက်စီးသွားပြီးတဲ့နောက်မှာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
ဒါကြောင့်မလို့ ပွဲစားတွေက၂၀၁၀-၁၁ အခြေအနေနဲ့ နှိုင်းယှဉ်ပြနေတဲ့ ဥပမာဟာ တော်တော်လေးကို လွဲမှားနေပါတယ်။အရင်ကလုပ်ခဲ့တဲ့ပြုပြင်ပြောင်းလဲရေး ဆိုတာဟာ နေပြည်တော်ကနေ အခုနဲ့နှိုင်းယှဥ်ရင် သာလွန်တဲ့အခြေအနေတွေ၊ မဟာဗျူဟာအရ အားသာတဲ့ အနေအထားတွေကနေလုပ်ခဲ့တာလို့ ဆိုနိုင်ပါတယ်။ အခုမြင်တွေ့နေရတာကတော့ လုံးဝ တခြားစီပါပဲ။ စစ်တပ်က သူ့ကိုယ်သူ ပိုင်နိုင်စိတ်ချယုံကြည်မှုအပြည့်နဲ့ စတင်လိုက်တဲ့ အသွင်ကူးပြောင်းရေး မဟုတ်ဘဲ၊ အရင်က မကြုံဖူးတဲ့အတိုင်းအတာမျိုးနဲ့ကျရှုံးမှုတွေဖိအားတွေအောက်မှာ အသက်ဆက်ဖို့ကြိုးစားနေတဲ့ ရှင်သန်ရေးယန္တရားတခု ဖြစ်ပါတယ်။ သူ့ရဲ့ ရည်ရွယ်
ချက်က မြင်သာပါတယ်၊ သူ့အုပ်စိုးမှုကို ကျားကန်ဒေါက်ထောက်ဖို့၊ အတိုက်အခံတွေ တော်လှန်ရေးအင်အားစုတွေကို သွေးခွဲဖို့၊ အသုံးချလို့ရမယ့် ပါဝင်ဆွေးနွေးဘက်တွေကို ဖန်တီးဖို့၊ ဖိနှိပ်ရေးအာဏာကို နိုင်ငံရေးအရ ပြန်လည်အသုံးပြုနိုင်အောင် အသွင်သစ်နဲ့ ထုပ်ပိုး အသက်သွင်းဖို့ပါပဲ။

ဒီအခင်းအကျင်းမှာ ပွဲစားတွေရဲ့ ဇာတ်ကြောင်းတွေဟာပြည်သူ့ဆင်းရဲဒုက္ခကို တော်လှန်ရေးကိုဆန့်ကျင်ဖို့နိုင်ငံရေးလက်နက်တခုအဖြစ် ပြောင်းလဲပစ်နေပါတယ်။ “အလယ်အလတ်လမ်းစဉ်” ဆိုတဲ့ ဘာသာစကားကိုယ်တိုင်ကကို ပဋိပက္ခဘက်နှစ်ခုကြားက (ဒါမှမဟုတ်)ပဋိပက္ခရဲ့အထက်က ကြားချမျှတမှု တခုအဖြစ် ရိုးရိုးကလေး ပြောကြားတင်ဆက်နေတာ မဟုတ်ပါဘူး။ တော်လှန်ရေးအင်အားစုတွေထက်စာရင် ပိုပြီး ရင့်ကျက်တယ်၊ ပိုပြီး တာဝန်သိတယ်၊ ပိုပြီး လက်တွေ့ကျတယ်ဆိုပြီးသူတို့ကိုယ်သူတို့ပိုမြင့်မြတ်တဲ့ နိုင်ငံရေးအကဲဖြတ်ချက်တခုအနေနဲ့ တင်ဆက်နေတာပါ။ တကယ်တော့ ပြည်သူလူထုရဲ့ ဆင်းရဲဒုက္ခက တကယ်ရှိနေပြီး အရေးပေါ်ဖြေရှင်းဖို့ လိုအပ်နေဆဲပါ။ ဒါပေမဲ့ ဒီဆင်းရဲဒုက္ခတွေကိုကျင့်ဝတ်သီလဆိုင်ရာလက်နက်တခုအဖြစ် ပြောင်းလဲအသုံးချလာကြပါတယ်။ ကြီးစိုးခြယ်လှယ်ဗိုလ်ကျမှုစနစ်အဆောက်အအုံတွေနဲ့ အထူးသဖြင့် ဒီဒုက္ခဆင်းရဲအကျပ်အတည်းအတွက်အဓိကတာဝန်ရှိတဲ့ အဓိကတရားခံ စစ်တပ်အင်စတီကျူးရှင်းကိုကျတော့ နိုင်ငံရေးရဲ့မိုးကုပ်စက်ဝိုင်းအဖြစ် ဆက်လက်ထိန်းသိမ်းထားရင်းနဲ့၊ တော်လှန်ရေးအင်အားစုတွေရဲ့ တောင်းဆိုချက်တွေကိုကျတော့ လျှော့ချဖို့ ဖိအားပေးတဲ့နေရာမှာ အဲဒီ့လက်နက်ကို အသုံးချနေခဲ့ကြတာပါ။
အမြစ်တွယ်နေတဲ့ စနစ်အဆောက်အအုံဆိုင်ရာဖိနှိပ်မှု အခြေအနေတွေအောက်မှာ “အလယ်အလတ်ကျတယ်”ဆိုတာဟာကြားနေဘက်မလိုက် မျှတမှု မဟုတ်ပါဘူး။အဲဒါဟာထိန်းချုပ်ကန့်သတ်တဲ့ နိုင်ငံရေး တခုပါပဲ။ လက်တွေ့ကျမှု၊ မလွဲမသွေ လိုအပ်မှု၊ ရှင်သန်ရေး စတဲ့ စကားလုံးလှလှတွေနဲ့ ဖုံးကွယ်ပြီး စစ်တပ်ရဲ့အသာစီးယူဗိုလ်ကျစိုးမိုးမှုကို ထပ်တလဲလဲ စောင့်ရှောက်ကာကွယ်ထားတဲ့ နိုင်ငံရေးပါပဲ။ မြန်မာနိုင်ငံရဲ့ ကိုယ်ပိုင်သမိုင်းမှတ်တမ်းက သိပ်ကို ရှင်းလင်းပြတ်သားပါတယ်။ အဲဒီ အလယ်အလတ်မူဘောင်ဟာ စစ်တပ်ရဲ့ အသာစီးယူဗိုလ်ကျမှုကို မဖျက်သိမ်းနိုင်ခဲ့တဲ့အပြင်၊ စစ်တပ်အတွက် အမြတ်ထုတ်စရာ နိုင်ငံရေးအခြေအနေတွေကိုတောင် ဖန်တီးပေးနေခဲ့တာပါ။
ဥပမာ-ပြစ်မှုကျူးလွန်ထားတာတွေအတွက် ဒဏ်ခတ်မခံရဘဲ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရယူနေခဲ့တယ်၊ အတိုက်အခံတွေကို သွေးခွဲနိုင်နေခဲ့တယ်၊ နိုင်ငံတကာဖိအားကို အားနည်းစေတတ်တယ်၊ အပေးအယူလိုက်လျောတာကိုပဲအသုံးချစရာအုပ်ချုပ်ရေးလက်နက်တခုအဖြစ် ပြောင်းလဲပစ်ခဲ့ပါတယ်။ “အလယ်အလတ်ကျမှု” ဆိုတာ ရိုးရိုးလေး ကျရှုံးသွားခဲ့တာ မဟုတ်ပါဘူး။အဲဒီ့လမ်းစဥ်ကြီးက စစ်အာဏာရှင်တွေအတွက် အတိုက်အခံတွေကို စီမံခန့်ခွဲဖို့၊ သွေးခွဲဖို့နဲ့ကန့်သတ်ချုပ်ချယ်ဖို့ အသုံးပြုတဲ့စစ်တလင်းရဲ့တစိတ်တပိုင်းဖြစ်လာခဲ့တာပါ။ဒါ့အပြင်တည်ငြိမ်ရေးဆိုတာကိုအကြောင်းပြုပြီး တရားမျှတမှုကို အလေးမထား ဘေးဖယ်ထားခဲ့တဲ့ လမ်းစဥ်လည်းဖြစ်ပါတယ်။
မတရားမှုတွေအတွက် တာဝန်ခံရမယ် ဆိုတာကို နိုင်ငံရေးအရ အန္တရာယ်ရှိတဲ့ကိစ္စတခုလို သဘောထားခဲ့ကြတယ်။ အဲဒီ့လို အပေးအယူလုပ်မှုရဲ့ ချွတ်ခြုံကျမှုကို မြန်မာ့သမိုင်းက သက်သေပြသခဲ့ပြီးပါပြီ။ တရားမျှတမှုကို စတေးလိုက်လို့ တည်
ငြိမ်မှု ရမလာခဲ့ပါဘူး။ တရားမျှတမှုကို စတေးတာဟာ စစ်တပ်ရဲ့ ကြီးစိုးဗိုလ်ကျမှု၊ အကြမ်းဖက်မှု၊ နောက်ထပ်ရက်စက်ကြမ်းကြုတ်မှုတွေ အသစ်တဖန် ပြန်လည်ဖြစ်ပေါ်လာစေတဲ့ အခြေအနေတွေကို သက်ဆိုးရှည်စေရာသာ ရောက်ပါတယ်။

အခုဒီရေးသားချက်ဟာညှိနှိုင်းဆွေးနွေးမှုတွေ၊ လှေနံဓားထစ် တရားသေမဟုတ်ဘဲ အခြေအနေအရ ပြောင်းလွယ်ပြင်လွယ်လုပ်ရတဲ့ မြေပြင်က နည်းဗျူဟာပိုင်းတွေ၊ (ဒါမှမဟုတ်)အဆုံးစွန် ပိတ်ဆို့ခံထားရချိန်မှာ လုပ်ရတဲ့ ခက်ခဲတဲ့ ဒေသတွင်းအပေးအယူလုပ်ညှိနှိုင်းမှုတွေကို လုံးဝ ဆန့်ကျင်ငြင်းပယ်တာ မဟုတ်ပါဘူး။ဒီနေရာမှာရည်ရွယ်ထောက်ပြတဲ့ပစ်မှတ်ကပိုပြီးတိကျပါတယ်။ စနစ်အဆောက်အအုံဆိုင်ရာ နိုင်ငံရေးတခုအနေနဲ့ဆိုရင် အလယ်အလတ်လမ်းစဉ်ဆိုတာဟာ စစ်တပ်အင်စတီကျူးရှင်းရဲ့ ကြီးစိုးဗိုလ်ကျမှုကို စမှတ်အဖြစ်ရော၊ သူတို့ လက်သင့်ခံနိုင်တဲ့အပြောင်းအလဲရဲ့ အမြင့်ဆုံးအကန့်အသတ် အဖြစ်ရော၊ လက်ခံထားတဲ့ လမ်းစဥ်ဖြစ်နေခဲ့တယ် ဆိုတဲ့အချက်ပါ။
မြန်မာနိုင်ငံမှာအဲဒီ့နိုင်ငံရေးနဲ့ပတ်သက်တဲ့သမိုင်းမှတ်တမ်းတခု ရှိပါတယ်။ ဘယ်လိုမှတ်တမ်းလဲဆိုတော့၊ စနစ်တကျစီမံထားတဲ့ ကျရှုံးမှုမှတ်တမ်းပါ။ နည်းဗျူဟာအရအပေးအယူလုပ်တာနဲ့မဟာဗျူဟာအရ အလျှော့ပေးလိုက်လျောတာ အကြားကကွဲပြားခြားနားချက်ကသိပ်အရေးကြီးပါတယ်။
ဒီနေရာမှာ မေးရမယ့်မေးခွန်းကတော့ အပေးအယူလုပ်မှု ဖြစ်ပွားလားမဖြစ်ပွားလား ဆိုတဲ့အချက် မဟုတ်ပါဘူး။ အပေးအယူလုပ်မှု ဖြစ်ပွားမှာပါ။ တကယ့်မေးခွန်းက အဲဒီ့အပေးအယူဟာ စစ်တပ်ကြီးစိုးဗိုလ်ကျတဲ့စနစ်အဆောက်အအုံကို အားနည်းစေသလား (ဒါမှမဟုတ်) စစ်ကြီးစိုးဗိုလ်ကျမှုစနစ်အဆောက်အအုံကို ပုံမှန်အခြေအနေတခုလို သွေးရိုးသားရိုးပုံစံဖြစ်သွားအောင် ကူညီပေးလိုက်သလား ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။
အဲဒီ့ကွဲပြားခြားနားချက်ဟာတွေ့ဆုံဆွေးနွေးမှုတွေဖြစ် ၊မဖြစ်ဆိုတဲ့ ကိစ္စထက်စာရင်၊အဲဒီ့တွေ့ဆုံဆွေးနွေးမှုတွေက ဘယ်လို နိုင်ငံရေးအနာဂတ်မိုးကုတ်စက်ဝိုင်းမျိုးကို အထောက်အကူပြု ဦးတည်နေသလဲဆိုတဲ့ကိစ္စရပ်မှာအရှင်းလင်းဆုံးပေါ်လွင်
ပါတယ်။ပိတ်ဆို့ခံထားရတဲ့အောက်မှာ၊နယ်မြေစိုးမိုးထိန်းချုပ်မှု မညီမျှတဲ့ ကြားထဲမှာ၊ ဒေသတွင်းနဲ့ ပြည်ပ ဖိအားတွေ များနေချိန်မှာ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယိုယွင်းပျက်ပြားမှုတွေနဲ့ အရပ်သားပြည်သူ အသက်အိုးအိမ်စည်း
စိမ်ထိခိုက်ပျက်စီးမှု ပြင်းထန်ဆိုးရွားနေချိန်မှာ၊ တော်လှန်ရေးအင်အားစု တချို့ဟာသူတို့တည်ဆောက်နိုင်သမျှ ကုတ်အားကန်အား အင်အားအပေါ် မူတည်ပြီး အနာဂတ်ညှိနှိုင်းဆွေးနွေးမှုတွေအတွက် တံခါးဖွင့်ထားရင်း သူတို့ရဲ့ အသက်ဘဝ၊ နယ်မြေ၊ အဖွဲ့အစည်းကို ကာကွယ်ဖို့ ကြိုးပမ်းရတာမျိုး ရှိနိုင်ပါတယ်။
အဲဒါကိုအနိုင်အထက် အကျပ်ကိုင်ခံရမှုနဲ့ ဖိအားပေးချုပ်ချယ်ကန့်သတ်ခံရမှု အဖြစ် နားလည်ပေးသင့်ပြီး၊ သူတို့ရဲ့ လွတ်လပ်တဲ့နိုင်ငံရေးရွေးချယ်မှုပါလို့ ပုံကြီးမချဲ့သင့်ပါဘူး။ ဒါ့အပြင် အဲဒါကို အလယ်အလတ်လမ်းစဉ်နိုင်ငံရေး ဆိုပြီးလည်း မရောထွေးသင့်ပါဘူး။ စစ်အုပ်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်ကို ငြင်းပယ်ရင်း၊ အရပ်သားတွေကို ဘေးလွတ်ရာရွှေ့ပြောင်းဖို့ ဒေသန္တရအပစ်အခတ်ရပ်စဲရေးလုပ်တာဟာ ခြိမ်းခြောက်အကျပ်ကိုင်ခံရမှုအကျပ်အတည်းအောက်က နည်းဗျူဟာမြောက် စစ်တလင်းအနေအထား ခြေလှမ်းတခုသက်သက်ပါပဲ။
ဒါပေမဲ့အဲဒီ့လိုမဟုတ်ဘဲ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာစနစ်ကို နာလန်ပြန်ထူနိုင်မယ့် အခြေခံအဖြစ် သဘောထားပြီး စစ်အုပ်စုရဲ့နိုင်ငံရေးကစားကွင်းထဲ ပါဝင်ပတ်သက်တာကတော့ လုံးဝကို တခြားစီ ဖြစ်သွားပါတယ်။ အဲဒါက မဟာဗျူ
ဟာမြောက် အလျှော့ပေးလိုက်လျောမှုပါ။ အဲဒါဟာ အလယ်အလတ်လမ်းစဉ်နိုင်ငံရေးက လုပ်ဆောင်နေတဲ့ အရာပါပဲ။

၁။ ပွဲစားတွေ တည်ဆောက်ထားတဲ့ အလယ်အလတ်လမ်းစဉ် အခြေခံအဆောက်အအုံ
မဇ္ဈိမပဋိပဒါနိုင်ငံရေး ဆိုတာဟာ တိုက်ဆိုင်မှုကြောင့်ဖြစ်ဖြစ် လူထုဆန္ဒကြောင့်ဖြစ်ဖြစ် ဆက်လက်တည်ရှိနေခဲ့တာ မဟုတ်ပါဘူး။ အဲဒါကို စနစ်တကျ စီစဉ်ဖန်တီးထားတာပါ။ စစ်တပ်က ရေးဆွဲထားတဲ့ ကန့်သတ်ချက်တွေအတွင်းမှာ အသွင်ကူးပြောင်းရေးအကျိုးဆောင်ပွဲစားတွေရဲ့ အခြေခံအဆောက်အအုံတခုကနေပြီး မဇ္ဈိမပဋိပဒါနိုင်ငံရေးကို သယ်ဆောင်၊ ချဲ့ထွင်၊ ဆုလာဘ်ပေး၊ ထောမနာပြု မြှောက်စားထားခဲ့တာ ဖြစ်ပါတယ်။ အဲဒီ့အခြေခံအဆောက်အအုံထဲမှာ ပြည်တွင်း အာဏာပွဲစားတွေ၊ အလှူရှင်တွေကို မျက်နှာမူထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကွန်ရက်တွေ၊ ဒေသတွင်း သံတမန်ရေးရာ မူဘောင်တွေ၊ နိုင်ငံတကာ ကြားဝင်ဖျန်ဖြေမှုတွေနဲ့ ကြားခံနယ်တွေ၊ အစိုးရလက်ဝေခံ အစိုးမဟုတ်သောအဖွဲ့အစည်း (GONGO) တွေ၊ ဥာဏ်ကြီးရှင် ဆိုတဲ့ အဖွဲ့အစည်းတွေ၊ အီလိလုပ်ငန်းစဉ်မှာ ရင်း
နှီးမြှုပ်နှံထားတဲ့ မူဝါဒရေးရာအသံတွေ ပါဝင်ပါတယ်။ ပြည်တွင်း အီလိတွေနဲ့ နိုင်ငံတကာအရင်းရှင်အကျိုးစီးပွားတွေကလည်း ဒီတူညီတဲ့နယ်ပယ်နဲ့လမ်းစဥ်ကိုပဲ အားပေးအားမြှောက် လုပ်ခဲ့ကြပါတယ်။
ဘာကြောင့်လဲဆိုတော့စစ်တပ်ရွှေ့တဲ့အသွင်ကူးပြောင်းရေး ဆိုတာဟာ သူတို့အတွက် ခေါင်းပုံဖြတ်အမြတ်ထုတ်လို့ရတဲ့ တည်ငြိမ်မှုမျိုးကို ပေးရုံသာမကဘဲ၊ အောက်ခြေလူထုကနေ သာတူညီမျှ ပြန်လည်ဖြန့်ဝေခွဲဝေရေး တောင်းဆိုတာတွေကိုပါ တားဆီးပေးပြီး အီလိတွေရဲ့ အရင်းအမြစ် ပိုင်ဆိုင်မှု၊ နှိုက်ထုတ်ညှစ်ယူမှု၊ ဓနဥစ္စာ စုပုံစုဆောင်းမှု၊ အီလိအာဏာသြဇာတွေကို ဆက်လက်ကာကွယ်ပေးထားမယ်လို့ အာမခံထားလို့ပါပဲ။
ဒါဟာအပြောသက်သက်မဟုတ်ဘဲ၊ရုပ်ဝတ္ထုပိုင်းဆိုင်ရာအစီအမံတခုဖြစ်ပါတယ်။ဒီအခြေခံအဆောက်အအုံဟာ အလယ်အလတ်လမ်းစဉ်ကို ရံပုံငွေ ထောက်ပံ့ပေးတယ်၊ ပျံ့နှံ့စေတယ်၊ ပညာရှင်ဆန်စေတယ်၊ လိုက်နာသူတွေကို ဆုလာဘ်တွေ ပေးအပ်ပါတယ်။ အလှူရှင် အစီအစဉ်တွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပုံစံတွေ၊ မူဝါဒ ကွန်ရက်တွေ၊ နောက်ကွယ်က နိုင်ငံရေးဆွေးနွေးပွဲတွေ၊ လူသားချင်းစာနာမှု ညှိနှိုင်းရေး လမ်းကြောင်းတွေ၊ တွေ့ဆုံဆွေးနွေးပွဲ ပလက်ဖောင်းတွေ၊ အီလိ တိုင်ပင်ဆွေးနွေးမှုတွေ၊ သံတမန်ရေးရာ ချိတ်ဆက်မှုတွေ… အားလုံးဟာ ကိုင်တွယ်ရလွယ်ကူမှု၊ လုပ်ထုံးလုပ်နည်းအတိုင်း ဖြစ်မှု၊ စီမံခန့်ခွဲနိုင်မှုတွေကို ကောင်းမြတ်တဲ့ ဂုဏ်ရည်တွေအဖြစ် မြင်သာစေတဲ့ နိုင်ငံရေးကိုသာ ဦးစားပေးခဲ့ပြီး၊ အောက်ခြေကနေ ပွင့်ထွက်လာတဲ့ တော်လှန်မှုတွေကိုကျတော့ အန္တရာယ်များတယ်၊ လွန်ကဲတယ်၊ တာဝန်မဲ့တယ် ဆိုပြီး ပုံဖော်ခဲ့ကြပါတယ်။
တရားမျှတမှုနဲ့တာဝန်ခံမှုတောင်းဆိုချက်တွေကိုလည်း အဲဒီ အထက်အောက်ဝါစဥ်စီ အဆင့်ဆင့်သတ်မှတ်ချက်ထဲမှာပဲ ခေါက်သိမ်းထားခဲ့ကြပါတယ်။ သူတို့ စီမံခန့်ခွဲနေတဲ့ စနစ်အစီအစဉ်ရဲ့ စဉ်ဆက်မပြတ်မှုကို မခြိမ်းခြောက်သရွေ့သာ တရားမျှတမှုနဲ့တာဝန်ခံမှုဆိုင်ရာ တောင်းဆိုချက်တွေကို လက်ခံနေခဲ့ကြတာပါ။ ဘယ်သူက ရန်ပုံငွေ ရရှိမလဲ၊ ဘယ်သူ့ရဲ့ ခွဲခြမ်းစိတ်ဖြာချက်က ပျံ့နှံ့ ခရီးပေါက်မလဲ၊ ဘယ်သူ့ရဲ့နိုင်ငံရေးကအလေးအနက်ထားစရာအဖြစ် ရေတွက်ခံရသလဲ ဆိုတာတွေဟာ ဒီစနစ် အလုပ်လုပ်တဲ့ နည်းလမ်းတွေထဲက တချို့ ပါပဲ။
အဲဒီ အခြေခံအဆောက်အအုံအတွင်းမှာ “အလယ်အလတ်သမားတွေ” နဲ့ “ ပြုပြင်ပြောင်းလဲရေးသမားတွေ” ကို စနစ်တကျ ရှာပုံတော်ဖွင့်ခြင်း ဆိုတဲ့ ယန္တရားတရပ်က အထူး အရေးပါနေခဲ့ပါတယ်။ လက်တွေ့မှာတော့၊ “ လက်တွေ့ကျတဲ့ ထိတွေ့ဆက်ဆံမှု” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စစ်အုပ်စုက ရေးဆွဲထားတဲ့ လုပ်ငန်းစဉ်တွေထဲနဲ့ လမ်းကြောင်းပေါ် လိုက်ပါဖို့ တွန်းအားပေးတာ၊ တော်လှန်ရေး တောင်းဆိုချက်တွေကို စနစ်အဆောက်အအုံအရ စစ်တပ်ရဲ့အသာစီးယူဗိုလ်ကျမှုနဲ့ဖိနှိပ်မှုတွေကြောင့် ဖြစ်ပေါ်လာမှုတွေအဖြစ် ရှုမြင်ရမယ့်အစား ငြိမ်းချမ်းရေးဆီသွားရာလမ်းကြောင်းမှာ အစွန်းရောက်ခလုတ်ကန်သင်း အဟန့်အတားတွေ အဖြစ် ပုံဖော်တာ၊ စစ်တပ်ကိုယ်တိုင်ရေးဆွဲထားတဲ့ “ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်” ဆိုတဲ့ မည်ကာမတ္တကို အရင်းပြုပြီး ပိတ်ဆို့အရေးယူမှုတွေ ဖြေလျှော့ဖို့ (ဒါမှမဟုတ်) သံတမန်ရေးအရ ပြန်လည်ထိတွေ့ဆက်ဆံဖို့ အကြောင်းပြတာ၊ ၂၀၂၁ခုနှစ် အာဏာသိမ်းမှု မတိုင်မီက ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်လည်ပတ်မှုလောက်ကိုပဲ လက်တွေ့ကျတဲ့နိုင်ငံရေးရဲ့ ပြန်သွားရမယ့် အခြေခံမျဥ်းအဖြစ် သတ်မှတ် ပြုမူတာတွေပဲ ဖြစ်ပါတယ်။
အဲဒီ့ “အလယ်အလတ်သမား” ရှာပုံတော်ဟာ မျက်နှာစာ နှစ်ဖက်နဲ့ အလုပ်လုပ်နေခဲ့ပါတယ်။ အရပ်သားဘက်မှာ ဆိုရင်၊ စစ်တပ်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာနဲ့ နိုင်ငံရေးဆိုင်ရာ ကန့်သတ်ချက်တွေအတွင်းမှာ လုပ်ကိုင်လည်ပတ်လိုသူတွေကို မြှင့်တင်ပေးခဲ့ပါတယ်။ အကန့်အသတ်ထားမှု၊ အပေးအယူလုပ်မှု၊ လုပ်ထုံးလုပ်နည်းအရ လူရိုသေရှင်ရိုသေဖြစ်လောက်မှု စတာတွေကို အာဏာပွဲစားတွေ ဖန်တီးစီစဥ်ထိန်းချုပ်ထားတဲ့ စနစ်အစီအမံတွေအတွင်းထဲက သင့်လျော်တဲ့အပြုအမူအမှတ်အသားတွေအဖြစ် သတ်မှတ်ခဲ့ကြတယ်။
ဒါပေမဲ့ အဲဒီပံ့ပိုးမြှောက်စားမှုဟာ အခြေအနေအရသာ ဖြစ်ပြီး၊ အမြဲတမ်း ခြွင်းချက်တွေ ပါဝင်ပါတယ်။ အဲဒီလို ပြုပြင်ပြောင်းလဲရေးသမား အလယ်အလတ်သမား ပုဂ္ဂိုလ်တွေဟာ အာဏာပွဲစားတွေအတွက် ကိုင်တွယ်ရလွယ်ကူသရွေ့ စီမံခန့်ခွဲလို့ရသရွေ့ အသုံးဝင်နေသေးသရွေ့သာ မြှင့်တင်ပေးခံခဲ့ကြရတာပါ။ သူတို့စီမံထားသလို စစ်တပ်နဲ့ အလျှော့ပေးလိုက်လျောရတဲ့ နိုင်ငံရေးကို အဲဒီ့ပုဂ္ဂိုလ်တွေက ဆက်ပြီး အလုပ်အကျွေး မပြုနိုင်တော့တဲ့အခါမှာဆိုရင်တော့ ဘေးဖယ်ခံရနိုင်ပါတယ်၊ အစားထိုးခံရနိုင်ပါတယ်၊ ဒါမှမဟုတ် စွန့်ပစ်ခံရနိုင်ပါတယ်။အဲဒီ့နောက်နောက်ထပ် အလယ်အလတ်သမားအသစ်တွေကို ရှာပုံတော် အသစ်တဖန် ပြန်ရှာကြတော့တာပါပဲ။
စစ်တပ်ဘက်နဲ့ ပတ်သက်လို့လည်း အဲ့ဒီသဘောတရားအတိုင်းပဲ “ ပြုပြင်ပြောင်းလဲရေးလိုလားတဲ့ အရာရှိ” ဆိုတဲ့ ပုံရိပ်ကို ထုတ်လုပ်ဖန်တီးပြီး ဖြန့်ဖြူးပေးခဲ့ကြပြန်ပါတယ်။သူတို့ရဲ့အဆိုအရ လက်တွေ့ကျတယ်လို့ယူဆရတဲ့ ဗိုလ်ချုပ်တဦးဦးကို တဖြည်းဖြည်းချင်းပြုပြင်ပြောင်းလဲမယ့်ဒီမိုကရေစီကူးပြောင်းရေးလုပ်ငန်းစဥ်မှာ မိတ်ဖက်အဖြစ် ပုံဖော်ထုတ်လုပ် သတင်းဖြန့်ကြပါတယ်။ ဒီနေရာမှာ စစ်တပ်နောက်ခံရှိသူ ဗိုလ်ချုပ်တချို့ နောက်ပိုင်းမှာ စစ်တပ်အင်စတီကျူးရှင်းနဲ့ လမ်းခွဲခဲ့ဖူးတယ်ဆိုတဲ့ အချက်ကို ငြင်းဆိုနေတာ မဟုတ်ပါဘူး။ ဒီဆောင်းပါးမှာ ဆိုလိုတဲ့အချက်ကတော့၊ ခေတ်သစ်မြန်မာ့သမိုင်းမှာ အသွင်ကူးပြောင်းရေးကိုပို့ဆောင်ပေးမယ့် ယာဉ်တစီးအနေနဲ့ “ပြုပြင်ပြောင်းလဲရေးသမား အရာရှိ” ဆိုတာကို ထပ်တလဲလဲရှာဖွေတာဟာအာဏာစနစ်အဆောက်အအုံတခုအနေနဲ့ စစ်တပ်ရဲ့အသာစီးဗိုလ်ကျစိုးမိုးမှုကို ဘယ်တုန်းကမှ မဖျက်သိမ်းနိုင်ခဲ့ဖူးဘူး ဆိုတဲ့အချက်ဖြစ်ပါတယ်။

အဲဒီ့ အလယ်အလတ်သမား ဆိုတဲ့ လူပုဂ္ဂိုလ်ပုံရိပ်ဟာ စစ်တပ်စနစ်အစီအစဥ်ကို ကျော်လွန်သွားတဲ့ လမ်းကြောင်းတခု မဟုတ်နေခဲ့ပါဘူး။အဲဒီ့အလတ်အလယ်သမား ရှာပုံတော်ဖွင့်မှု ကိုယ်တိုင်ကကို နိုင်ငံရေးအရ ယုတ္တိတန်သယောင် ပိပိရိရိလှည့်ဖြားထားတဲ့ ပရိယာယ်တခုသာ ဖြစ်ခဲ့ပါတယ်။
အဲဒီယန္တရားက စီစဥ်ပေးခဲ့တာဟာ သူတို့လိုလားရွေးချယ်သူတွေပါဝင်တဲ့ တာဝန်ကျ လူစာရင်း တခုတည်းသာ မဟုတ်ဘဲ၊ နိုင်ငံရေးနယ်ပယ်ကြီး ကိုယ်တိုင်ကိုပါ ပုံဖော်ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီ့လိုနဲ့ပဲ၊ စနစ်အဆောက်အအုံဆိုင်ရာပြဿနာကို ပုဂ္ဂိုလ်ရေးပြဿနာလို ပုံဖော်နေခဲ့ကြပါတယ်။
စစ်တပ်ရဲ့အသာစီးယူဗိုလ်ကျမှုကို ဖျက်သိမ်းဖို့ ဘာတွေလိုအပ်မလဲဆိုတဲ့ မေးခွန်းပုစ္ဆာ မဟုတ်တော့ဘဲ၊ စကားပြောဖို့ ညှိနှိုင်းဖို့ ရံပုံငွေပေးဖို့ တရားဝင်မှုပေးဖို့ မြှင့်တင်ပေးဖို့ ဘယ်သူတွေဟာ မှန်ကန်တဲ့လူတွေ ဖြစ်မလဲ ဆိုတာပဲ ဖြစ်လာခဲ့ပါတယ်။ တရားဝင်မှုတွေ၊ အရင်းအမြစ်တွေနဲ့ အသိအမှတ်ပြုမှုတွေကို စစ်တပ်နဲ့ အပေးအယူလုပ်ချင်တဲ့သူတွေဆီမှာပဲ ပုံအောပေးလိုက်လို့၊ ဘယ်လို အနာဂတ်မျိုးက လက်တွေ့ကျပြီး လက်ခံနိုင်စရာရှိသလဲ ဆိုတဲ့ ရွေးချယ်စရာလမ်းကြောင်းတွေ ကျဉ်းမြောင်းသွားစေခဲ့ပါတယ်။ တချိန်တည်းမှာပဲ၊ စစ်တပ်က ရေးဆွဲထားတဲ့စနစ်ကြီးဟာ တဖြည်းဖြည်းချင်း ဒီမိုကရေစီပြောင်းလဲဖို့ ပလက်ဖောင်း မဟုတ်ဘဲ၊ စစ်တပ်က ဆက်ပြီး ဗိုလ်ကျဖို့ တည်ဆောက်ထားတဲ့ စနစ်ကြီးသာဖြစ်တယ်လို့ အခိုင်အမာရပ်တည်ပြောဆိုထောက်ပြနေတဲ့သူတွေကိုတော့ ဘေးဖယ်ထုတ်ပစ်ခဲ့ကြပါတယ်။
အဲဒီ့အခြေခံအဆောက်အအုံကိုနားလည်ခြင်းဟာ မြန်မာ့ပြဿနာ သံသရာလည်မှုပုံစံ ဘာကြောင့် ရေရှည်တည်တံ့ခဲ့သလဲဆိုတာ ရှင်းပြဖို့ရာ ကူညီပေးပါတယ်။ အသွင်ကူးပြောင်းရေး အာဏာပွဲစား အသိုင်းအဝိုင်းအတွင်းက သိသာထင်ရှားတဲ့ အုပ်စုတစုဟာ ကြားဝင်ဖျန်ဖြေဖို့သက်သက်နေရာယူထားတာ မဟုတ်ဘဲ၊ တော်လှန်ရေးရဲ့ တောင်းဆိုချက်တွေကို မသိမသာရောသိသိသာသာပါ လျှော့
ချပစ်ဖို့နဲ့ စစ်တပ်ကန့်သတ်ထားတဲ့ နိုင်ငံရေးနဲ့ လိုက်လျောညီထွေဖြစ်အောင် ဖိအားပေးဖို့ နေရာယူထားကြတာပါ။ ဘာကြောင့်လဲဆိုတော့ အာဏာပွဲအစားအသိုက်အဝိုင်းရဲ့ ကိုယ်ပိုင်အာဏာ၊အရေးပါမှု၊ ဆက်စပ်ပတ်သက်မှု ဆိုတာတွေက သူတို့စီမံခန့်ခွဲနိုင်တဲ့လုပ်ငန်းစဉ် ဆက်လက်ဗဟိုပြုနိုင်မှုအပေါ် မှီခိုနေလို့ပါပဲ။အဲဒီပြောဆိုချက်ဟာ ၂၀၂၁အာဏာသိမ်းမှုနောက် ၂၀၂၆ အတုအယောင်အသွင်ပြောင်းချိန်ကာလမှာလည်း ပျောက်ကွယ်မသွားခဲ့ပါဘူး။
အရင်သမ္မတဦးသိန်းစိန်ခေတ် မူဝါဒနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အသိုင်းအဝိုင်းတွေနဲ့ ဆက်စပ်နေတဲ့ ပုဂ္ဂိုလ်တွေအပါအဝင် ပွဲစားတချို့ဟာ၊ လက်ရှိအစီအစဉ်ကို “ဦးသိန်းစိန် ၂.၀” ဒါမှမဟုတ် “ ထိန်းချုပ်ထားတဲ့ အပြောင်းအလဲ” အဖြစ် မျှော်လင့်ဖော်ပြတဲ့ ဆွေးနွေးမှုတွေ မှတ်ချက်တွေ အခုအချိန်မှာ ပြန်လည်ပေါ်ပေါက်လာပါတယ်။ အလှူရှင်ကို မျက်နှာမူထားသူတွေနဲ့ သံတမန်ရေးရာအက်တာတွေဟာ ကိုင်တွယ်နားလည်ရလွယ်တဲ့ နိုင်ငံရေးမျိုးအတွက် ချီးမြှင့်ခံခဲ့ရပါတယ်။ မြန်မာအီလိတွေနဲ့ နိုင်ငံတကာ အရင်းရှင်တွေကလည်း သူတို့ရဲ့ အကျိုးစီးပွားနဲ့ကိုက်ညီတဲ့ အစီအမံတွေကို ပိုကြိုက်ကြပါတယ်။ အရင်းအမြစ် ပိုင်ဆိုင်မှု၊ အဆီအနှစ် နှိုက်ထုတ်ယူမှု၊ ဓနနဲ့ပါဝါ စုပုံစုဆောင်းမှု၊ နိုင်ထက်စီးနင်း ထက်အောက်စဥ်စနစ်၊ စတာတွေနဲ့ ကိုက်ညီတဲ့ အစီအစဉ်တွေကို ပိုပြီးနှစ်သက်ဖို့ အကြောင်းပြချက်တွေ သူတို့မှာ ရှိနေခဲ့ပါတယ်။ စစ်တပ်ကလည်း သူ့ရဲ့ ဗီတို၊ ပါဝါ၊ ကိုယ့်မင်းကိုယ်ချင်းအာဏာထောင်မှု၊ စည်းစိမ်နဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်တွေကို ထိန်းသိမ်းထားနိုင်မယ့် ဘယ်လုပ်ငန်းစဉ်ကိုမဆို သဘောကျတယ်။

အဆုံးမှာတော့အရေးကြီးတာဟာတူညီတဲ့အကြောင်းရင်းစေ့ဆော်မှု ရည်ရွယ်ချက်မဟုတ်ဘဲ၊ တူညီတဲ့ ရလဒ်သက်ရောက်မှုသာ ဖြစ်သွားပါတယ်။ ဒီနယ်ပယ်ဟာ အခြားသောအနာဂတ်တွေကို ပိတ်ပင်တားဆီးရင်း၊ အချို့သောအနာဂတ်တွေကို စနစ်တကျ အသာစီးဗိုလ်ကျစေခဲ့ပါတယ်။
ဒါကြောင့် “အလယ်အလတ်ကျမှု” ဆိုတာဟာ ဘယ်တုန်းကမှ စိတ်ခံစားမှုကိစ္စသက်သက် ဒါမှမဟုတ် စကားပြောဟန်ဆိုဟန် ကိစ္စသက်သက် မဟုတ်ခဲ့ပါဘူး။ အဲဒါဟာ ကျောထောက်နောက်ခံပြုထားတဲ့ အင်စတီကျူးရှင်းတွေရယ်၊ သူ့ကို ဆက်လက်ရှင်သန်စေတဲ့ မက်လုံးတွေရယ် ပါရှိတဲ့ နိုင်ငံရေးမူဘောင် တခုပါ။ အဲဒီ့မူဘောင်ဟာ အောက်ခြေကနေ တော်လှန်တာထက် အလျှော့ပေးလိုက်လျောတာကို အသာစီးပေးနေခဲ့ပါတယ်၊ လူထုနိုင်ငံရေးထက် အီလိလုပ်ငန်းစဉ်ကို အသာစီးပေးနေခဲ့ပါတယ်၊ ပြည်သူ့အချုပ်အခြာအာဏာထက် စစ်တပ်အင်စတီကျူးရှင်းရှင်သန်ရေးကို အမြဲတမ်း အသာစီးပေးနေခဲ့ပါတယ်။အဲဒီ့နောက်တော့ သူတို့အကျိုးဆောင်ပွဲစားထားတဲ့ လုပ်ငန်းစဉ်တွေဟာ စနစ်တည်ဆောက်ပုံအရကို အဆုံးသတ်ရမယ့်နေရာမှာ အဆုံးသတ်လေ့ရှိတဲ့နေရာမှာ ဆိုးဆိုးရွားရွား ကျရှုံး အဆုံးသတ်သွားတဲ့အခါတိုင်းမှာ၊ လုပ်ငန်းစဥ်အာဏာပွဲစားအသိုက်အဝန်းက ရှေ့နေလိုက်သူတွေကြားမှာ ထပ်တလဲလဲ ထွက်ပေါ်လာတဲ့ ကောက်ချက်ကတော့ သူတို့ရဲ့မူဘောင်ကိုယ်တိုင် မှားနေတယ်လို့ သူတို့ကိုယ်သူတို့ ဆင်ခြင်ကောက်ချက်ချတာမျိုး မလုပ်ဘဲ၊ တော်လှန်ရေးက တင်းမာလွန်းလို့၊ သဘောတရားရေး ဆန်လွန်းလို့၊ ထိပ်တိုက် ရင်ဆိုင်လွန်းလို့၊ အပေး
အယူလုပ်ဖို့ ဆန္ဒ မရှိလွန်းလို့၊ စစ်တပ်အင်စတီကျူးရှင်းနဲ့ လက်တွေ့ကျကျ ကိုင်တွယ်ဖြေရှင်းဖို့ မဟာဗျူဟာအရ စွမ်းဆောင်ရည် မရှိလို့ … ဆိုပြီး ထပ်တလွဲလွဲ ကောက်ချက် ချကြပြန်ပါတယ်။ အဲဒီ့လိုနဲ့ အလယ်အလတ်လမ်းစဉ်ရဲ့ ကျရှုံးမှုတိုင်းဟာ နောက်ထပ် အလယ်အလတ်ကျရေးအတွက် တရားထူထောင် အကြောင်းပြချက်တွေသာ ဖြစ်လာခဲ့ပါတယ်။

၂။ လူတန်းစားအလွှာစနစ်တခုဖြစ်နေတဲ့စစ်တပ်ရဲ့ ဗိုလ်ကျမှု
အလယ်အလတ်နိုင်ငံရေးရဲ့ ပထမဆုံး လိမ်လည်မှုကတော့သူဖန်တီးထားတဲ့ ခေါက်ချိုးညီပစ်မှုပါပဲ။ နိုင်ငံတော်ယန္တရားကနေတဆင့်စနစ်တကျအ
ကြမ်းဖက်မှုကို ကျင့်သုံးနေတဲ့ ဘက်တဘက်နဲ့ အဲဒီယန္တရားရဲ့ သရဲမရဲစီး အမြတ်ထုတ်ဖိနှိပ်မှုတွေကို ခုခံတွန်းလှန်နေတဲ့ ပြည်သူလူထု အကြားမှာ “မျှခြေ” ယူမယ် ဆိုတာဟာ ကြားနေမှု မဟုတ်ပါဘူး။ မျှတမှု ဝတ်ရုံခြုံထားတဲ့ နိုင်ငံရေးရွေးချယ်မှု တခုသာ ဖြစ်ပါတယ်။ မြန်မာစစ်တပ်အင်စတီကျူးရှင်းဟာ သာမန်နိုင်ငံရေးအငြင်းပွားမှုတခုထဲက အုပ်စုတွေအများအပြားကြား အုပ်စုတခုမျှ မဟုတ်ပါဘူး။ အဆီအနှစ်နှိုက်ထုတ်ညှစ်ယူပြီး နိုင်ထက်စီးနင်းအင်အားသုံးဖိနှိပ်တဲ့ အင်စတီကျူးရှင်း တခုဖြစ်ပြီး၊ သူတို့ရဲ့ အဖွဲ့အစည်းဆိုင်ရာယုတ္တိဗေဒဟာ အရပ်ဘက်အချုပ်အခြာအာဏာနဲ့ လုံးဝ သဟဇာတမဖြစ် မလိုက်ဖက်ပါဘူး။ မြန်မာစစ်တပ်အင်စတီကျူးရှင်းနဲ့ သဟဇာတဖြစ်အောင် အလယ်အလတ်ကျ လျှော့ပေါ့ပေးတာဟာ တာဝန်ခံမှုရှိတဲ့အုပ်ချုပ်မှုဖြစ်နိုင်ခြေလမ်းစကို အလှမ်းဝေးသွားအောင် ပိတ်ပင်လျှော့ချလိုက်တာပါပဲ။
မြန်မာနိုင်ငံက စစ်အုပ်ချုပ်ရေးဟာ ကျဉ်းမြောင်းတဲ့သဘောနဲ့ သာမန် အာဏာရှင်စနစ်သက်သက် မကပါဘူး။ လူတန်းစား အလွှာစနစ်တခုရဲ့ အစိတ်
အပိုင်းလည်း ဖြစ်ပါတယ်။ စစ်တပ်ရဲ့ နိုင်ထက်စီးနင်း ဗိုလ်ကျစိုးမိုးမှုဟာ ခရိုနီအရင်းရှင်စနစ်၊ ဓနစုပုံ စုဆောင်းမှု၊ ထက်အောက်စဥ်စနစ်၊ အရင်းအမြစ်နဲ့ပါဝါ သိမ်းယူမှု၊ သယံဇာတ နှိုက်ထုတ်ညှစ်ယူ ခေါင်းပုံဖြတ်မှု၊ အီလိတွေကိုအကာအကွယ်ပေးမှု စသဖြင့်တွေ ပါဝင်တဲ့ ပိုမိုကျယ်ပြန့်တဲ့ စနစ်အဆောက်အအုံဖွဲ့စည်းပုံတခုလုံးအတွက် အာမခံချက်ဖြစ်နေပါတယ်။စစ်တပ်ရဲ့ကိုယ်ပိုင် စီးပွား
ရေးလုပ်ငန်းစု အင်ပါယာ (မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL)၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)၊သူတို့ပတ်ပတ်လည်မှာ တည်ဆောက်
ထားတဲ့ ခရိုနီ-အရင်းရှင်ကွန်ရက်တွေ) ဟာ မတော်တဆ ဖြစ်တည်လာတာမဟုတ်ဘဲ၊အဲဒီ့စနစ်အဆောက်အအုံဖွဲ့စည်းပုံရဲ့ အရှင်းလင်းဆုံး မျက်နှာပေးဖော်ပြချက်တွေထဲကတခုသာဖြစ်ပါတယ်။
စစ်တပ်အာဏာနဲ့လူတန်းစားအာဏာအကြား ဆက်ဆံရေးက အဲဒီလောက်နဲ့ ပြီးဆုံးမသွားသေးပါဘူး။ ဘယ်သူတွေက မြေယာတွေ ရမလဲ၊ ဘယ်သူတွေက လုပ်ပိုင်ခွင့်တွေ ရမလဲ၊ ဘယ်သူတွေက အကာအကွယ်တွေ ရမလဲ၊ ဘယ်သူတွေက မဟာဗျူဟာမြောက် ကဏ္ဍတွေကို ဝင်ရောက်ခွင့်တွေ ရမလဲ… အစရှိတာတွေကိုလည်း စစ်တပ်ဗိုလ်ကျစိုးမိုးမှုကနေ ပုံသွင်းထားပါတယ်။ ထပ်တလဲ
လဲ ဆိုသလို၊ နိုင်ထက်စီးနင်း အာမခံချက်တွေကိုလည်း ပံ့ပိုးပေးထားပြီး၊ အဲဒီ့နိုင်ထက်စီးနင်းအာမခံချက်တွေအောက်မှာ အဆီအနှစ်တွေ နှိုက်
ထုတ်သုံးစွဲမှု၊ အရင်းအမြစ်တွေ သိမ်းပိုက်ရယူမှု၊ လုပ်အားတွေအပေါ် စည်းကမ်းသတ်မှတ်မှုတွေကို ဆက်လုပ်နိုင်နေစေပါတယ်။
ဒီသဘောအရ ဆိုရင်၊ စစ်တပ်ဟာ အခြားသောစီးပွားရေးလုပ်ငန်းရှင်တွေကြားက စီးပွားရေးလုပ်ငန်းရှင်တဦး အဖြစ်သာ မကဘဲ၊ ဓနဥစ္စာစုပုံစုဆောင်းရေးနဲ့ လူတန်းစားအုပ်စိုးမှုဆိုင်ရာ ပိုကျယ်ပြန့်တဲ့စနစ်တရပ်ကို အာမခံပေးသူ၊ အ
တင်းအကျပ် အာဏာတည်စေသူ၊ ပွဲစား/အကျိုးဆောင်သူ အဖြစ်ပါ လည်ပတ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြဿနာနဲ့ လူတန်းစားဆိုင်ရာ ပြဿနာကို ခွဲခြားလို့ မရပါဘူး။ နိုင်ငံရေးအပေါ်မှာ ဗီတိုအာဏာရှိတယ်လို့ ဆိုတဲ့ လက်နက်ကိုင်အင်စတီကျူးရှင်းဟာ အောက်ခြေကနေ သာတူညီမျှကြွယ်ဝမှုခွဲဝေငှရေး တောင်းဆိုချက်တွေ မဖြစ်ပေါ်လာအောင် တားဆီးဖို့၊ အီလိတွေရဲ့ ပိုင်ဆိုင်မှုတွေ၊ ခရိုနီအားပေး စောင်မမှုတွေ၊ အီလိဓနစုဆောင်းမှုတွေကို ကူညီစောင့်ရှောက်ကာကွယ်ပေးထားခဲ့ပါတယ်။
စစ်တပ်ရဲ့ကြီးစိုးခြယ်လှယ်ဗိုလ်ကျမှုနဲ့ လူတန်းစားကြီးစိုးခြယ်လှယ်ဗိုလ်ကျမှုဟာ အပြိုင်ဖြစ်စဉ်တွေ မဟုတ်ပါဘူး။ သူတို့ဟာ တခုနဲ့တခု အပြန်အလှန် စစ်ကူ အားဖြည့်ပေးထားကြပါတယ်။ ဒါဟာ လူမှုစီးပွားတရားမျှတမှုဆိုင်ရာ ပြဿနာတခု ဖြစ်ပါတယ်။ နိုင်ထက်စီးနင်း အတင်းအကျပ် အင်အားသုံးမှု၊ ပိုင်ဆိုင်မှုတွေနဲ့ နိုင်ငံရေးဗီတိုအာဏာကို လက်တဆုပ်စာ လူတစုကပဲ လက်ဝါးကြီးအုပ်ခြယ်လှယ်ထားတဲ့ အုပ်ချုပ်ရေးစနစ်ဟာ ဒီမိုကရေစီ မဆန်ရုံသက်သက် မကပါဘူး။ အောက်ခြေကလာတဲ့ ဘယ်လို အဓိပ္ပါယ်ပြည့်ဝတဲ့ ပြန်လည်ခွဲဝေငှမှု၊ တာဝန်ခံမှု၊ တရားမျှတမှု တောင်းဆိုချက်ကိုမဆို ဆန့်ကျင်ဖို့ ဖွဲ့စည်းထားတာပါ။အဲဒါကို ပိုင်ဆိုင်မှုတွေမှာ မြင်ရရုံသာ မက၊ မမျှတတဲ့ ဓနစုဆောင်းမှုတွေ ဆက်ပြီး ဖြစ်နိုင်နေစေတဲ့ ပိုမိုကျယ်ပြန့်တဲ့ လူမှုရေးဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာနဲ့ နယ်မြေဆိုင်ရာ အခြေအနေတွေကို နောက်ကျောလုံအောင်လို့ နိုင်ထက်စီးနင်းအာဏာအသုံးပြုတဲ့နေရာမှာပါ မြင်တွေ့နိုင်ပါတယ်။
ဒါကြောင့်မြန်မာနိုင်ငံရဲ့အကျပ်အတည်းဟာအခြေခံအုတ်မြစ်အားဖြင့်နှုတ်မှုပညာအာဝဇ္ဇန်းမကောင်းလို့၊ အလယ်အလတ်သမား မလုံလောက်လို့၊ သဘောတရားရေး လွန်ကဲလို့ ဖြစ်ရတဲ့အကျပ်အတည်း ဘယ်တုန်းကမှ မဟုတ်ခဲ့ပါဘူး။ မြန်မာနိုင်
ငံရဲ့အကျပ်အတည်းဟာ အမြစ်တွယ်နေတဲ့ စနစ်အဆောက်အအုံဆိုင်ရာအကျပ်အတည်းတခု ဖြစ်ခဲ့ပြီး ဆက်လက်ဖြစ်နေဆဲပါ။ ပြည်သူ့အချုပ်
အခြာအာဏာ အထက်မှာ ရှိနေတဲ့ လက်နက်ကိုင်အင်စတီကျူးရှင်းတခု၊ နိုင်ထက်စီးနင်း အခွင့်ထူးခံမှုတွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အကာအ
ကွယ်ရယူထားမှုတွေကို ဗဟိုပြုတည်ဆောက်ထားတဲ့နိုင်ငံတော်စနစ်တရပ်၊အင်အားရယ် အကြောက်တရားရယ် နိုင်ငံရေးဗီတိုရယ် ကနေတဆင့် ပြန်လည်ထုတ်လုပ်လည်ပတ်နေတဲ့ ထက်အောက်စဥ်စနစ်၊ အချင်းချင်းအပြန်အလှန်စစ်ကူပေးထားကြတဲ့ ဖိနှိပ်မှုစနစ်အဆောက်အအုံ အဖုံဖုံ စုပေါင်းထားတဲ့ အကျပ်အတည်ကြီးပါ။
ဒါကို နားလည်သဘောပေါက်တာနဲ့ တပြိုင်နက်၊ “ အလယ်အလတ်” ဆိုပြီး မြှင့်တင်ပြထားတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ဂုဏ်ဒြပ်ဟာ ပြိုကျသွားတော့တာပါပဲ။ လက်နက်ကိုင်အင်စတီကျူးရှင်းတခုနဲ့ အဖိနှိပ်ခံပြည်သူလူထု အကြားမှာ၊ စစ်တပ်ကို အပေးအယူလုပ်လိုက်လျောရုံနဲ့ ရလာမယ့် လွတ်လပ်ခွင့်ဆိုတာ ဘယ်တော့မှ မရှိပါဘူး။ ကြီးစိုးခြယ်လှယ်ဗိုလ်ကျမှုနဲ့ လွတ်လပ်မှုကြားမှာ သန့်စင်တဲ့ အလယ်ဗဟိုချက်ဆိုတာ မရှိပါဘူး။

၃။ ကျရှုံးမှု၊ ရက်စက်ကြမ်းကြုတ်မှု၊ ပြစ်ဒဏ်ကင်းလွတ်ခွင့် မှတ်တမ်း
အခုဒီငြင်းခုံချက်ဟာသဘောတရားရေးရာသက်သက် မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ မဇ္ဈိမပဋိပဒါ (ဒါမှမဟုတ်)အလယ်အလတ်လမ်းစဉ်က တကယ်ကို ကျရှုံးထားတဲ့ မှတ်တမ်းတခု ရှိပါတယ်။၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ၂၀၁၀ရွေးကောက်ပွဲကစတဲ့ ဆယ်နှစ်ကာလဟာ တကယ့် ဒီမိုကရေစီအကူးအပြောင်းအချိုးအကွေ့ ပွင့်ထွက်မှုတခု မဟုတ်ခဲ့ပါဘူး။ စစ်တပ်ရဲ့ ကြီးစိုးလွှမ်းမိုးခြယ်လှယ်မှုကို ဗြောင်ကျကျကြီး သိပ်မဖြစ်တဲ့၊ ပိုပြီး စီမံခန့်ခွဲလို့ကောင်းတဲ့၊ နိုင်ငံတကာမှာလည်း ပိုပြီး ရောင်းပန်းလှတဲ့ ပုံစံတခုအဖြစ် စနစ်တကျ ထိန်းချုပ်ပြင်ဆင်ဖွဲ့စည်းမှုတခုသာ ဖြစ်ခဲ့ပါတယ်။
အရပ်ဘက် ရုံးဌာနတွေ ကျယ်ပြန့်လာခဲ့တယ် ဆိုပေမယ့် အချုပ်အခြာအာဏာဆိုင်ရာသတ်မှတ်ချက်တွေမှာ အရပ်ဘက်က မကျယ်ပြန့်ခဲ့ပါဘူး။ စစ်တပ်က အချက်အချာကျတဲ့ အင်အားသုံး ဝန်ကြီးဌာနတွေ၊ လွှတ်တော်အမတ်နေရာ လေးပုံတပုံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပေါ် ထိထိရောက်ရောက်ဟန့်တားနိုင်တဲ့ ဗီတိုအာဏာ စသဖြင့်ကို ဆက်လက်ချုပ်ကိုင်ထားခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရေးဆိုတဲ့ နိုင်ငံရေးရဲ့ လောင်းကြေးက ဘာဖြစ်သလဲဆိုတော့၊ စိတ်ရှည်သည်းခံပြီး ထိတွေ့ဆက်ဆံတာ၊ ရွေးကောက်ပွဲဆိုင်ရာ တရားဝင်တာ၊ တဖြည်းဖြည်းချင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲတာတွေကစနစ်အဆောက်အအုံဖွဲ့စည်းပုံအတွင်းမှာ ဟန်ချက်မျှခြေကို (အဲဒီ့ အရွေ့ပြောင်းလဲမှုကို တားဆီးဖို့ စစ်တပ်ကိုယ်တိုင် ရေးဆွဲထားတဲ့ စနစ်အဆောက်အအုံဖွဲ့စည်းပုံအတွင်းမှာ ဟန်ချက်မျှခြေကို) တဖြည်းဖြည်း ပြောင်းလဲသွားစေလိမ့်မယ် ဆိုတာပါ။ အဲဒီအလောင်းအစား ရှုံးခဲ့ပါတယ်။
ပေါ်ထွက်လာခဲ့တာကဒီမိုကရေစီအသွင်ပြောင်းလဲမှုအစစ်အမှန်မဟုတ်ပါဘူး။စစ်တပ်ကြီးစိုးခြယ်လှယ်မှုနဲ့ အဲဒီအပေါ်မှာ ဆက်စပ်မှီခိုနေတဲ့ ပိုကျယ်ပြန့်တဲ့ လူမှုရေးစနစ်ကြီးကို ဆက်လက်ထိန်းသိမ်းဖို့ တည်ဆောက်ထားတဲ့ စနစ်ကြီးထဲကနေ အကန့်အသတ်နဲ့ နည်းနည်းလေး တံခါးဖွင့်ပေးလိုက်တာမျိုးပဲ ဖြစ်ပါတယ်။ မြေယာတွေ၊ ဓနဥစ္စာတွေ၊ အင်အားသုံး အာဏာတွေကို ပြန်လည်ခွဲဝေပေးတာမျိုး မဖြစ်ခဲ့ပါဘူး။ ပြန်လည်ဝေငှတဲ့၊ ဖက်ဒရယ်ကျင့်သုံးတဲ့၊ စစ်မှန်တဲ့ ဒီမိုကရေစီကျင့်သုံးတဲ့၊ အုတ်မြစ်တွေပေါ်မှာ နိုင်ငံတော်ကို ပြန်လည်တည်ဆောက်ခဲ့တာလည်း မဟုတ်ပါဘူး။

အဲဒီ့ဆယ်နှစ်တာကာလမှာ နီယိုလစ်ဘရယ်စနစ်နဲ့ ဓနလက်ဝါးကြီးအုပ် စုဆောင်းမှုတွေ၊ ခရိုနီ အာဏာတွေ၊ ဗမာ-ဗုဒ္ဓ-လူများစုကြီးစိုးဝါဒ၊ ဖိုဝါဒလွှမ်းမိုးတဲ့ ထက်အောက်စဥ်စနစ်တွေ၊ ဖက်ဒရယ်ဆန့်ကျင်ရေး ကန့်သတ်ချက်တွေ၊ အစရှိတာတွေနဲ့ ပုံသွင်းထားတဲ့ စနစ်အစီအစဥ်လည်ပတ်မှုတရပ်ကို မထိမခိုက်ဘဲ အတိုင်းသား ချန်ထားခဲ့တာပါ။ ပြဿနာက အဲဒီ့စနစ်အစီအစဥ်ဟာ မပြီးပြတ်သေးတာ သက်သက် မကပါဘူး။ ပြဿနာအစစ်က အစကတည်းကကို ဘောင်ခတ်ကန့်သတ်ထားပြီးသား ဖြစ်နေလို့ပါပဲ။
ဆိုလိုတာက စစ်တပ်နဲ့အပေးအယူလိုက်လျောရေး အလယ်အလတ်လမ်းစဥ်ကို ဆော်သြသူတွေဟာ စစ်တပ်အာဏာထပ်သိမ်းပြီး အခုလို သွေးချောင်းစီးနေတဲ့ အချိန်မှာတောင်မှ သူတို့ရဲ့ ‘လုပ်ငန်းစဥ် မပြီးပြတ်သေးလို့ပါ၊ ဒါကြောင့် စစ်တပ်နဲ့ ပြန်လည်ညှိနှိုင်းပြီး အချိန်ပေးပြီး တဖြည်းဖြည်း ဆက်သွားရမယ်၊ တကျော့ပြန် အသွင်ကူးပြောင်းရေးကို အစွန်းမရောက် လက်ခံသင့်တယ်’လို့ ပြောကောင်းပြောပါလိမ့်မယ်။ ဒါပေမဲ့ တကယ့်ပြဿနာက အဲဒီ့စစ်တပ်ဖန်တီးထားတဲ့စနစ်ဟာ အချိန်တွေဘယ်လောက်ပဲပေးပေး အလျှော့ဘယ်လောက်ပဲပေးပေး ဘယ်လောက်ပဲဆက်သွားသွား တကယ့်ဒီမိုကရေစီဆီ ဘယ်တော့မှ ရောက်မလာနိုင်အောင် အစကတည်းက တမင်သက်သက် ဘောင်ခတ်ပြီး ကန့်သတ်ချက်တွေနဲ့ သေချာပုံစံချ တည်ဆောက်ထားတာ ဖြစ်နေလို့ပါပဲ။ စစ်တပ်အာဏာ ဆက်တည်မြဲဖို့ ဘောင်ခတ်ထားတဲ့ ကွင်းထဲကနေ ဝင်ကစားနေသရွေ့တော့ အပြောင်းအလဲဆိုတာ အဲဒီ့ဘောင်ကို ကျော်လွန်ပြီး ဖြစ်လာမှာ မဟုတ်ပါဘူး။
အဆီအငေါ်အတည့်ဆုံးအစပ်အဟပ်အမိဆုံးအခြေအနေမှာတောင်မှ၊ အလယ်အလတ်လမ်းစဉ် မျှော်ရည်ထားတဲ့ နောက်ဆုံးပန်းတိုင် ဆိုတာဟာ စစ်တပ်က နေ့တဓူဝ တနေ့စာတနေ့စာအုပ်ချုပ်မှုကို လက်လွှတ်ပေးပြီး အဲဒီ့အစား စစ်တပ်အင်စတီကျူးရှင်းဆိုင်ရာ အထူးအခွင့်အရေးတွေ ခိုင်ခိုင်မာမာအာမခံချက်တွေ အလဲအလှယ်အပေးအယူလုပ်တဲ့ အစီအမံတခုသာ ဖြစ်ပါတယ်။ စနစ်အဆောက်အအုံ ဖွဲ့စည်းတည်ဆောက်ပုံအရ ကြည့်မယ်ဆိုရင်၊ အဲဒါဟာ စနစ်ဟောင်းကြီးနဲ့ လမ်းခွဲတာ မဟုတ်ပါဘူး။ ထုံးသုတ်ထားတဲ့ စနစ်ဟောင်းပဲ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ အထူးအခွင့်အရေးယူမှုတွေကို ဆက်ထိန်းထားတဲ့၊အရင်းရှင်ထက်အောက်စဥ်စနစ်ကို လုံခြုံအောင် ကာကွယ်ပေးထားတဲ့၊ ပြည်သူ့အချုပ်အခြာအာဏာကို အထက်ကနေ ချမှတ်ထားတဲ့ အကန့်အသတ်တွေအတွင်းမှာ ချုပ်လှောင်ထားတဲ့ စီမံထားပုံသာ ဖြစ်ပါတယ်။ အဲဒီလို အစီအမံတွေဟာ ခဏတဖြုတ် အသက်ရှုချောင်မယ့် ကြားကာလတိုတွေကိုသာ ဖန်တီးပေးနိုင်တာပါ။ တကယ့် ဒီမိုကရေစီအသွင်အပြောင်းအလဲကိုတော့ မဖန်တီးပေးပါဘူး။
အလယ်အလတ် မိုးကုပ်စက်ဝိုင်းမျှော်ရည်ချက် ကျရှုံးသွားကြောင်း အခိုင်မာဆုံး သက်သေအထောက်အထားကတော့ အာဏာမသိမ်းခင်ကတည်းက ရောက်ရှိခဲ့တာပါ။ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနဲ့ အဲဒီ့အပေါ် နိုင်ငံရေးအရတုံ့ပြန်ပုံတွေမှာ တွေ့နိုင်ပါတယ်။ ဂျီနိုဆိုက်ဟာ ဘယ်ဆီကမှန်းမသိ ဆိုင်းမဆင့်ဗုံမပါ ရုတ်တရက် ပေါ်လာခဲ့တာမျိုး မဟုတ်ပါဘူး။ ရိုဟင်ဂျာတွေကို ဖယ်ကြဥ်တာ၊ မောင်းထုတ်တာ၊ အချိန်ကိုက် အစုလိုက်အပြုံလိုက် အကြမ်းဖက်တာ၊ နိုင်ငံသားဖြစ်မှု ရုပ်သိမ်းတာတွေကို ကာလတာရှည် လုပ်ဆောင်ခဲ့ပြီး၊ ဗမာမဟုတ်တဲ့ လူနည်းစုလူမျိုးစုအမျိုးမျိုး အများအပြားနေထိုင်ရာ ပြည်နယ်တွေအနှံ့မှာလည်း ဆယ်စုနှစ်ပေါင်းများစွာ စစ်ပွဲတွေ အတင်းအကျပ်နေရပ်စွန့်ခွာရွှေ့ပြောင်းစေမှုတွေ စနစ်တကျဖိနှိပ်မှုတွေကို ကျူးလွန်ခဲ့တဲ့၊ စစ်တပ်အင်စတီကျူးရှင်းကပဲ စီစဥ်အကောင်အထည်ဖော်ခဲ့တာပါ။

၂၀၁၆-၂၀၁၇က ရာဇဝတ်မှုတွေဟာ အဲဒီ့သမိုင်းကြောင်းကနေ သွေဖည်သွားတာ မဟုတ်ခဲ့ပါဘူး။ အဲဒီ့သမိုင်းရဲ့ အရှင်းလင်းဆုံး သက်သေဖော်ပြချက်တွေပဲ ဖြစ်ပါတယ်။ ၂၀၁၁-၂၀၂၀ ပြုပြင်ပြောင်းလဲရေးကာလ သရုပ်ဖော်ပြသခဲ့တာကတော့ စစ်တပ်ကို ယဥ်ပါးအောင် ဆုံးမနိုင်ခဲ့ပြီ ဆိုတဲ့အချက် မဟုတ်ဘဲ၊ “အလယ်အလတ်လမ်းစဥ်” လို့ခေါ်တဲ့အရာဟာ စစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်မှုကို မဟန့်တားနိုင်ခဲ့ဘူး ဆိုတဲ့အချက်ပါ။ အဲဒီ့ကာလနဲ့လမ်းစဥ်ဟာ ရက်စက်ကြမ်းကြုတ်မှုတွေ အပြည့်အဝ ဆက်ဖြစ်ပေါ်နိုင်တဲ့ နိုင်ငံရေးအခြေအနေတွေကိုသာ ဖန်တီးပံ့ပိုးပေးခဲ့တာပါ။ ၂၀၂၁စစ်အာဏာသိမ်းမှုအလွန် မျက်မှောက်ကာလ စစ်အာဏာရှင်ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေဟာ အဲဒီ့ကျူးလွန်ဖိနှိပ်မှုတွေရဲ့ အဆက်ပါပဲ။
အရပ်သားအစိုးရဟာ လူမျိုးတုံးသတ်ဖြတ်မှုကို စတင်ခဲ့တာ မဟုတ်သလို၊ ရိုးရိုးရှင်းရှင်း ဒီအတိုင်း အပြုခံ ငြိမ်ကြည့်နေခဲ့တာ(ဒါမှမဟုတ်)ပါဝါမဲ့နေခဲ့တာလည်း မဟုတ်ပါဘူး။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက် စနစ်အစီအစဥ်အတွင်း လည်ပတ်နေပြီး စစ်တပ်နဲ့ပြန်လည်သင့်မြတ်ရင်ကြားစေ့ရေးဆိုတဲ့ ပြုပြင်ပြောင်းလဲရေးမျှော်မှန်းချက်အတိုင်းအတာ မိုးကုပ်စက်ဝိုင်းကို ကိုင်စွဲထားတဲ့အတွက်၊ အရပ်သားအစိုးရဟာ ဒီရက်စက်ကြမ်းကြုတ်မှုကို တကယ်ဖြစ်ပျက်နေတဲ့လက်တွေ့ဖြစ်ရပ်တွေ ပြင်းထန်မှုနဲ့အညီ ထိထိရောက်ရောက် ရှုတ်ချဖို့ ပျက်
ကွက်ခဲ့ပါတယ်။ အခရာကျတဲ့ အခိုက်အတန့်တွေမှာဆိုရင်၊ နိုင်ငံတော်ဘက်ကနေ တရားထူထောင် အကြောင်းပြချက်ပေးတာတွေ ဘူးခံငြင်းကွယ်တာတွေနဲ့ တသားတည်း ရပ်တည်ပေးခဲ့ပြီး အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်မှုကို ဖုံးကာတဲ့နေရာမှာ နိုင်ငံရေးအရကြံရာပါတွေ ဖြစ်လာခဲ့ကြပါတယ်။
အဓိကတရားခံနဲ့ ကြံရာပါ ကွာခြားချက်ကို ခွဲခြားတာက တာဝန်ခံမှုအပိုင်းမှာ အရေးကြီးပါတယ်။ စစ်တပ်ဟာ အဓိက ပင်မ ကျူးလွန်သူ တရားခံအဖြစ် ဆက်ရှိနေပါတယ်။ အဲဒီ့အချက်က ပြုပြင်ပြောင်းလဲရေးမျှော်မှန်းချက်အတိုင်းအတာ မိုးကုပ်စက်ဝိုင်းကိုတော့ မကယ်တင်ပေးပါဘူး။ အဲဒီ့ အလယ်အလတ်လမ်းစဥ် ကာလက သက်သေပြသခဲ့တာကတော့ စစ်တပ်ဟာ အရပ်ဘက်တရား
ဝင်မှု၊ အင်စတီကျူးရှင်းဆိုင်ရာ အလျှော့ပေးလိုက်လျောမှု၊ အသွင်ကူးပြောင်းရေးအတွက် နိုင်ငံတကာရဲ့ပံ့ပိုးမှု၊ အစရှိတာတွေကို အမြတ်ထုတ်ခေါင်းပုံဖြတ်နေရင်းနဲ့ပဲရက်စက်ကြမ်းကြုတ်မှုတွေကို ဖြစ်ပေါ်စေနိုင်တဲ့ သူတို့ရဲ့ကိုယ့်မင်းကိုယ်ချင်းလုပ်ပိုင်ခွင့်ယူမှုကို ဆက်ကိုင်ထားနိုင်တယ် ဆိုတာပါပဲ။

ဒီပြဿနာက အရပ်သားအစိုးရဆီမှာပဲကန့်သတ်နေခဲ့တာ မဟုတ်ပါဘူး။ အများပြည်သူအပေါ် သြဇာလွှမ်းမိုးမှုရှိတဲ့ လူသိများထင်ရှားသူတွေ၊ လူမှုနိုင်ငံရေး ခေါင်းဆောင်တွေကလည်း စစ်တပ်ရဲ့ ရိုဟင်ဂျာဖယ်ကြဥ်ရေး အာဘော်တွေအတိုင်း လိုက်ပြောခဲ့ကြတဲ့ သက်သေတွေရှိပါတယ်။ အဲဒါဟာ စစ်တပ်အာဏာအပေါ် အရပ်ဘက်ရဲ့အလျှော့ပေးလိုက်လျောမှုကို ဆက်ကိုင်ထားဖို့ ပိုလွယ်ကူသွားစေခဲ့ပြီး ရိုဟင်ဂျာတွေအတွက် တရားမျှတမှု၊ နိုင်ငံသားဖြစ်မှု၊ အကာအကွယ်ပေးမှု စတာတွေအပေါ် ငြင်းပယ်မှုကို ပုံမှန်အခြေအနေလို ဖြစ်သွားစေခဲ့ပါတယ်။
ပြုပြင်ပြောင်းလဲရေးမိုးကုပ်စက်ဝိုင်းဟာ တရားမျှတမှုမိုးကုပ်စက်ဝိုင်းတခုအနေနဲ့လည်း ဂုဏ်သိက္ခာ ကျဆင်းခဲ့ပါတယ်။ မဇ္ဈိမပဋိပဒါနိုင်ငံရေးဟာ တာဝန်ခံမှု ဆောင်ကြဥ်းဖို့ ပျက်ကွက်ခဲ့ရုံတင် မကပါဘူး။ တရားမျှတမှုအတွက် ဖိအားပေးရင် အရပ်ဘက်-စစ်ဘက် အပေးအယူကို အန္တရာယ်ဖြစ်လိမ့်မယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ၊ တာဝန်ခံမှုကိုယ်၌ကို တည်ငြိမ်ရေးအတွက်ခြိမ်းခြောက်မှုတခုအဖြစ် စစ်တပ်နဲ့ပွဲစားတွေက ထပ်တလဲလဲ သတ်မှတ်ခဲ့ကြပါတယ်။မြန်မာနိုင်ငံရဲ့ ၂၀၂၁အာဏာမသိမ်းခင် ဆယ်စုနှစ်ဟာ အဲဒီ့လောင်းကြေးထပ်မှုရဲ့ ချွတ်ခြုံကျမှုကို သရုပ်ဖော် သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။ တရားမျှတမှုကို စတေးလို့ တည်
ငြိမ်မှု ရမလာခဲ့ပါဘူး။ တရားမျှတမှုကို စတေးတာဟာ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကိုကာကွယ်ပေးရာသာ ရောက်ပါတယ်။ အဲဒီ့ ပြစ်ဒဏ်ကင်းလွတ်မှုကပဲ စစ်တပ်ရဲ့ကြီးစိုးခြယ်လှယ်ဗိုလ်ကျမှုနဲ့ နောက်ထပ်ရက်စက်ကြမ်းကြုတ်မှုတွေ အသစ်တဖန် ပြန်လည်ဖြစ်ပေါ်လာစေဖို့ အခြေအနေတွေကို သက်ဆိုးရှည်အောင် ကူညီပေးခဲ့ပါတယ်။
ခြုံငုံကြည့်လိုက်ရင် ဒီ စနစ်အဆောက်အအုံဆိုင်ရာ အင်္ဂါရပ်တွေရယ်၊ ရက်စက်ကြမ်းကြုတ်မှုနဲ့ အံဝင်ခွင်ကျဖြစ်တဲ့ မိုးကုပ်စက်ဝိုင်းတွေရယ်ဟာ ဒီမိုကရေစီတံခါးဖွင့်ကျင့်သုံးမှုမှာ အမှတ်မထင် ကျန်ရစ်နေတဲ့ အပြစ်အနာဆာလေးတွေ မဟုတ်ပါဘူး။ အဲဒါတွေဟာ တံခါးဖွင့်မှုကို ဘောင်ခတ်ပြဌာန်းထားတဲ့ အဓိကအကန့်အသတ်တွေ ဖြစ်ပါတယ်။ ၂၀၂၁ခုနှစ်မှာ ဖြုတ်ချခံလိုက်ရတာဟာ အလုပ်ဖြစ်လည်ပတ်နေတဲ့ ဒီမိုကရေစီကြီး မဟုတ်ပါဘူး။ စစ်တပ်ရဲ့ခွင့်ပြုချက်အပေါ်မှာ မူတည်နေခဲ့ရတဲ့၊ ကန့်သတ်ဘောင်ခတ်ထားပြီး အချိန်မရွေး နောက်ပြန်လှည့်သွားနိုင်တဲ့ အစီအမံတခုသာ ဖြစ်ပါတယ်။
(ဒုတိယပိုင်းဆက်လက်ဖော်ပြပါမယ်)
(ငြိမ်းငြိမ်းပြည့်ဟာ မြန်မာနိုင်ငံက သတင်းထောက်နဲ့ တော်လှန်ရေးသမားတဦး ဖြစ်ပြီး၊ ဖိနှိပ်မှုတွေကိုဆန့်ကျင်တဲ့ ရုန်းကန်မှုနဲ့ အင်တာဆက်ရှင်နယ် တရားမျှတမှု၊ တန်းတူညီမျှမှုနဲ့ လွတ်မြောက်ရေးတို့အတွက် ရပ်တည်လှုပ်ရှားသူ ဖြစ်ပါတယ်။ ဒီဆောင်းပါးဟာ သူ့ဆောင်းပါးတွဲတွေထဲက အစိတ်အပိုင်းတခု ဖြစ်ပါတယ်။)






















































