close
Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“ ကျောက်ဖြူ နဲ့ စစ်တွေ တ၀ိုက်မှာပဲ စစ်ကောင်စီက ခံစစ်သဘောမျိုးပြန်ဖြစ်နေတာကိုး။စစ်ကောင်စီကခံစစ် သဘောမျိုး ပြန်ဖြစ်နေတာကိုကပဲ ULA/AAကသူ့ရဲ့ လွတ်မြောက်နယ်မြေတွေ မဆုံးရှုံးရအောင်အကောင်းဆုံးလုပ်ဆောင်နေတာလို့ပဲ တွေ့မြင်နိုင်ပါတယ်”

ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်နဲ့ မေးမြန်းခန်း

ULA/AA နဲ့ CPU/CPA ​ခေါင်း​ဆောင်​တွေရခိုင်ပြည်နယ်မှာ​တွေ့ဆုံ​​နေကြစဥ်။ ဓါတ်ပုံ-CPU/CPA

●ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်နဲ့ မေးမြန်းခန်း

ချင်းပြည်နယ်တောင်ပိုင်းက ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ လေးဖွဲ့ဖြစ်တဲ့ CDF မင်းတပ်၊ CDF ကန်ပက်လက်၊ CDF မတူပီ နဲ့ CDF ဒိုင်ရ် တို့ ပေါင်းစည်းထားတဲ့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) ခေါင်းဆောင်တွေဟာ အာရက္ခတပ်တော်(AA) ရဲ့ ဖိတ်ကြားချက်အရ အခုနှစ် ဖေဖော်ဝါရီလဆန်းမှာရက္ခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။ အာရက္ခတပ်​တော် ​ခေါင်း​ဆောင်​တွေနဲ့​တွေ့ဆုံခဲ့တဲ့ ခရီးစဥ် သတင်းကိုCPU/CPAက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။ချင်းညီနောင် အဖွဲ့ဝင်လည်းဖြစ်တဲ့ CPU/CPA အနေနဲ့ ရက္ခိုင်ခရီးစဉ်မှာ ULA/AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်အပါအဝင် အာရက္ခတပ်တော် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ကြတာနဲ့ပတ်သက်ပြီး CPU/CPA အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်ကို လူထု​နွေဦးကမေးမြန်းထားပါတယ်။

-ထားမြတ်/People’s Spring

မေး-CPU/CPA ခေါင်းဆောင်တွေရဲ့ရက္ခိုင်ပြည်နယ် ခရီးစဉ်ဖြစ်ပေါ်လာပုံကိုရှင်းပြပေးပါလား။

Public Service Announcement

Public Service Announcement

ဖြေ-ကျနော်တို့ချင်းပြည်တောင်ပိုင်းမှာရှိတဲ့ CDF မင်းတပ်၊ မတူပီ၊ ကန်ပလက် ပြီးတော့မှ CDF ဒိုင် အဲဒီလိုမျိုး လေးဖွဲ့ကိုတဖွဲ့အဖြစ်စုစည်းနိုင်ခဲ့တယ်။ အဲဒီလို စုစည်းပြီးမှ လုပ်ခဲ့တာကို သူတို့ ကြိုဆိုတဲ့အနေနဲ့ ဂုဏ်ပြုတဲ့အနေနဲ့ရော ဖိတ်ခေါ်တာပါ။ ULA/AAက အဲဒီလို ဖိတ်ခေါ် တဲ့အပေါ် ကျနော်တို့ CPUက ဗဟိုအလုပ်အမှုဆောင် ၁၀ဦး သွားရောက်ခဲ့ကြတာပါ။

မေး- ULA/AA ခေါင်းဆောင်တွေနဲ့ တွေ့ဆုံကြတဲ့အခါ ဘာတွေ ဆွေးနွေးကြပါသလဲ။

ဖြေ- ဆွေးနွေးတာတော့နွေဦးတော်လှန်ရေးနဲ့ ပတ်သက်တဲ့ ဖြစ်ပေါ်တိုးတက်ပုံအခြေအနေတွေ၊ ပြီးတော့ အိမ်နီးချင်း ရက္ခိုင် နဲ့ ချင်း နဲ့ အပြန်အလှန် ပူးပေါင်း လုပ်ဆောင်ကြဖို့ အပြန်အလှန် အကျိုးကျေးဇူးပြုကြဖို့ အဲဒါတွေကို အများအားဖြင့် ဆွေးနွေးဖြစ်ကြတာပါ။

မေး- အရင်ကလည်း ချင်းညီနောင်စုဖွဲ့မှုအနေနဲ့ သွားဖူးတာရှိတယ်။ အခု သွားတာက CPU/CPA အနေနဲ့ သွားတာဆိုတော့AAဘက်က CPU/CPA စုဖွဲ့မှုအပေါ် ဘာတွေအကြံပြုတာရှိပါသလဲ။

ဖြေ-အကြံပြုတာရယ်လို့တော့မရှိပါဘူး။ ULA/AAက ကျနော်တို့ဆီမှာချင်းတွေနှစ်ဖွဲ့ကွဲတဲ့ ပုံစံဖြစ်တယ်ဆိုတော့သူတို့ကစုစည်းစေချင်တဲ့သဘောရှိတယ် ပေါင်းစည်းစေချင်တဲ့သဘောရှိတယ်။ဒါပေမဲ့တအားကြီးအကြံပြုတယ်ဆိုလည်း ချင်းအရေးကို တအားစွက်ဖက်သလို ဖြစ်မှာရော ဆိုတဲ့အတွက်ကြောင့် အဲဒါနဲ့သိပ်ပြီး မပြောဖြစ်ပါဘူး။ကျနော်တို့ကို ဘယ်လိုလုပ်ဘာဘာညာလုပ်ပါမပြောဘူး။ ဒီတော်လှန်ရေးနဲ့ပတ်သက်ပြီး သူတို့ တပ်ကို ဘယ်လိုဦးဆောင်လာခဲ့ရတယ်။ဌာနတွေကိုဘယ်လိုRunရတယ်။အရင်တုန်းကသူတို့ကနဦးတွေ့ကြုံခဲ့တဲ့ တော်လှန်ရေးအခက်အခဲတွေရှိခဲ့တယ်။ပြီးတော့မှရက္ခိုင်တော်လှန်ရေးအစမှာဘယ်လိုမျိုးအခက်အခဲတွေပေါ ရက္ခိုင်လောက်တော်လှန်တာလည်းရက္ခိုင်ပဲ ရက္ခိုင်လောက်မအောင်မြင်တာလည်းရက္ခိုင်ပဲပေါ့လေ။အဲဒီမှာသူတို့ဘယ်လိုလုပ်ခဲ့တယ်။ ဘယ်လိုသင်ခန်းစာတွေယူခဲ့တယ်ပေါ့။အဲဒါတွေနဲ့ပတ်သက်ပြီးသူတို့ဘယ်လိုဖြတ်သန်းတယ် ဘယ်လိုရုန်းကန်ကြတယ်ဆိုတာ ဆွေးနွေးတာပေါ့။ အဲဒါကပဲ ကျနော်တို့မှာ လေ့လာစရာ သင်ခန်းစာယူစရာ ရှိတာပေါ့နော်။ အဲဒီလိုမျိုးပါ။

ULA/AA နဲ့ CPU/CPA ​ခေါင်း​ဆောင်​တွေရခိုင်ပြည်နယ်မှာ​တွေ့ဆုံ​​နေကြစဥ်။ ဓါတ်ပုံ-CPU/CPA

မေး-သူတို့ဆန္ဒကချင်းမှာချင်းညီနောင်ချင်းပြည်ကောင်စီဆိုပြီး အစုအဖွဲ့ ကွဲနေတဲ့အပေါ် ပေါင်းစည်းစေချင်တဲ့ ဆန္ဒမျိုးလား။

ဖြေ-အဲဒါနဲ့ပတ်သက်ပြီးမှတော့သူတို့ ဘာမှတော့ မပြောဘူး။ပြောချင်တာကကျနော်တို့ ဒီဘက်က အခြေအနေက သူတို့ ပြောရင်ကို လိုရာဆွဲတွေးပြီး ယိုးစွတ်တဲ့သဘောမျိုးတွေ ဖြစ်တဲ့အတွက်ကြောင့် အဲဒါနဲ့ ပတ်သက်လို့ သူတို့ဘာမှမပြောဘူး။ သူတို့ ပြောတာ အကုန်လုံး ပေါင်းစည်းရင်ကောင်းတယ်ပေါ့နော်။ပေါင်းစည်းကြတယ် စည်းလုံးညီညွတ်ကြရင်ကောင်းတယ်ဆိုတာပဲ။ဘယ်သူနဲ့ ဘယ်သူ ပေါင်းဖို့ သော်လည်းကောင်း ဘယ် အဖွဲ့အမည်ပြောဆိုခြင်းမှ မရှိဘူးခင်ဗျ။

မေး-ဒီခရီးစဉ်ဖြစ်လာတာက အရင်ကတည်းက လုပ်ဆောင်နေတဲ့စစ်ရေးနိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုတွေ ပိုအားကောင်းစေတဲ့ အခြေအနေမျိုးလား။

ဖြေ -ဟုတ်တာပေါ့။ကျနော်တို့နယ်မြေတွေ CPU/CPA ရဲ့ နယ်မြေတွေ အကုန်လုံးသည် စစ်ကောင်စီ ကင်းစင်တဲ့နယ်မြေဖြစ်တယ်။အဲဒီCPU/CPAနယ်မြေတွေသည်လည်းပဲ အာရက္ခဒေသနဲ့ ဆက်စပ်နေတယ်။အဲဒါမှာ ကျနော်တို့ ကုန်သွယ်ရေးကို ဘယ်လိုလုပ်ကြမလဲ ချင်းပြည်သူလူထုနဲ့ ရက္ခိုင်ပြည်သူလူထုရဲ့ ပူးပေါင်းချိတ်ဆက်မှုကို ဘယ်လိုမြှင့်တင်ကြမလဲ ပြီးတော့မှ ကျနော်တို့ရဲ့ အစိုးရ ပြည်သူ့ဝန်ဆောင်မှု ပေးတဲ့အပိုင်းမှာ ဘယ်လို ပူးပေါင်းအလုပ်လုပ်စရာရှိမလဲ၊ ကျနော်တို့ တပ်တွေမှာ ပိုပြီးမှ စနစ်ကျလာဖို့အတွက် ဘာတွေ ရှေ့ဆက်လုပ်ကြမလဲ အဲဒီလိုမျိုးအပိုင်းတွေပေါ့နော် စသဖြင့် ဆွေးနွေးခဲ့ကြတာ အများကြီးရှိပါတယ်။

မေး – AA တပ်မှူးချုပ်ကရောတော်လှန်ရေးအပေါ် စစ်ရေး နိုင်ငံရေးအပေါ် သူ့သဘောထားတွေ ပြောပြတာ ရှိပါသလား။ ရှိရင် ဘာတွေ ပြောတယ်ဆိုတာ အသိပေးလို့ရရင် ပြောပြပေးပါလား။

ဖြေ-ကျနော်တို့က အပြန်အလှန် ဆွေးနွေးဖြစ်တဲ့ သဘောမျိုးပါပဲ။ဒီလိုဖြစ်ရမယ့် မြန်မာ့တော်လှန်ရေးက ဘယ်လိုဖြစ်လာပြီဆိုတာမျိုးထက် ကျနော်တို့ အကြမ်းဖျင်းပဲ ပြောမလား ။ ကျနော်တို့ တွေ့ဆုံခဲ့တာ ဖေဖော်ဝါရီ လဆန်းပိုင်းပေါ့။ အဲဒီလိုဆိုတော့ နဂါးကိစ္စတွေ မဖြစ်သေးဘူး။SCEF (ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ) တွေမရှိသေးဘူး။ မကွေး မြိုင်က ကိစ္စတွေ မဖြစ်သေးဘူး။ ဒီအခြေအနေတွေမှာလည်းပဲ တော်လှန်ရေးသက်လုံကောင်းဖို့ အဲဒီ တုန်းက နောင်ချိုတို့ တောင်ခမ်းတို့ သီပေါတို့ ပြန်ပါသွားပြီလေ။ဆိုတော့ စစ်ကောင်စီက တန်ပြန်ထိုးစစ်တွေ ပြန်ဆင်လာမယ်စစ်ကောင်စီရဲ့ထိုးစစ်ကို ဘယ်လိုရင်ဆိုင်ကြမလဲ။စစ်ကောင်စီရဲ့ ထိုးစစ်တွေ ကျနော်တို့ ဘယ်လိုအတူတူ ကျော်လွှားကြမလဲ။ အဲဒီကနေ ဖြစ်ပေါ်လာမယ့် နိုင်ငံရေးအခြေအနေတွေက ဘယ်လိုမျိုးဖြစ်လာနိုင်သလဲ ဒါတွေကို ကျနော်တို့ ဘယ်လိုကိုင်တွယ်ကြမလဲ စသဖြင့် သူတို့ စဉ်းစားထားတာလေးတွေ အဲဒါမျိုးတော့ ဆွေးနွေးဖြစ်တာရှိပါတယ်။

ULA/AA နဲ့ CPU/CPA ​ခေါင်း​ဆောင်​တွေရခိုင်ပြည်နယ်မှာ​တွေ့ဆုံ​​နေကြစဥ်။ ဓါတ်ပုံ-CPU/CPA

မေး-အခုအချိန်က စစ်ရေးဟာအရေးကြီးတဲ့ကဏ္ဍဖြစ်တော့ CPU/CPAနဲ့ AA အကြား ပူးပေါင်းဆောင်ရွက်မှုသာမက တော်လှန်ရေးအတွက် ပိုထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်လာစေဖို့ ဆွေးနွေးကြတာရှိပါသလား။

ဖြေ- အဲဒီတုန်းကတော့ ULA နဲ့ CPU/CPA အကြားပဲ ပူးပေါင်းချိတ်ဆက်ဖို့ ပြောကြပါတယ်။ ကျနော်တို့ အတိုင်းအတာနဲ့ဆိုရင် ကျနော်တို့ အဖွဲ့အတွက်ပဲ ကျနော်တို့ကပြောလို့ရမှာကိုး။ ကျန်တဲ့အဖွဲ့တွေ ကျတော့ သူတို့ ဘယ်လိုအခြေအနေရှိတယ် ဘယ်လိုသဘောထားရှိတယ် ဘယ်လိုမျိုးအရင်းအမြစ်တွေနဲ့ ဘယ်လို လည်ပတ်တယ်ဆိုတာ မပြောနိုင်ဘူး ကိုယ့်ရဲ့ ဩဇာလည်းမရှိဘူး အာမလည်းခံလို့မရဘူးဆိုတော့ ULA/AAနဲ့ CPU/CPA ကြားပဲ ဦးတည်ပြီးဆွေးနွေးခဲ့တာရှိပါတယ်။

မေး-အကိုတို့ တွေ့တဲ့အချိန်တုန်းက SCEFက မပေါ်သေးဘူးပေါ့ အဲဒီလိုဦးဆောင်ကောင်စီ သဘောမျိုး စုဖွဲ့ဖို့ ကြိုးပမ်းနေတဲ့ ကာလဖြစ်တော့ အဲဒီလို ကြိုးပမ်းမှု အခြေအနေတွေ အပေါ်မှာရော ဆွေးနွေးဖြစ်တာရှိလား။

ဖြေ-မရှိဘူးဗျ။ တနိုင်ငံလုံး အတိုင်းအတာအနေနဲ့တော့ ဟိုးအရင်တုန်းကချင်းညီနောင်အနေနဲ့ တွေ့ဆုံတုန်းက ဆွေးနွေးကြတာတော့ ရှိပါတယ်။ တနိုင်ငံလုံးကိုစုစည်းဖို့ဆိုတာ။တနိုင်ငံလုံးရဲ့အင်အားတွေ စုစည်းနိုင်ဖို့ဆိုတာကောင်းပါတယ်။ ဒါပေမဲ့ အမည်ခံသပ်သပ်စုစည်းတာမျိုးသော်လည်းကောင်းပေါနော် တကယ်ထိရောက်တဲ့ စုစည်းမှုမျိုးဖြစ်လာဖို့ပဲကိုး။ ဒါတော်လှန်ရေးသမားမှ မဟုတ်ပါဘူး ရိုးရိုးပြည်သူကအစ လက်နက်ကိုင်တွေကအစ အကုန်လုံးကတော့ စုစည်းစေချင်တဲ့ သဘောတော့ရှိပါတယ်။ဒါပေမဲ့တကယ့်ထိရောက်တဲ့ ဦးဆောင်နိုင်မှု ပေးဖို့ကတော့ သူ့မှာ လိုအပ်တဲ့ ဖြတ်သန်းမှုတွေ ယုံကြည်မှုတွေ စနစ်ကျမှုတွေ တည်ဆောက်ထားဖို့လိုတယ်။ အဲဒီတုန်းက ဒီဟာနဲ့ပတ်သက်ပြီး မဆွေးနွေးဖြစ်ခဲ့ကြပါဘူး။ ဒါပေမဲ့ ​ယေဘူယျအားဖြင့် ပေါ့နော် တနိုင်ငံလုံးရဲ့ အခြေအနေနဲ့ အင်အားတွေ စုစည်းဖို့ လိုတဲ့အကြောင်းတွေ ထိရောက်တဲ့ အရွေ့ဖြစ်တဲ့ တော်လှန်ရေး တွေ လုပ်ဖို့ လိုတာတွေ အဲဒီလိုမျိုးတွေတော့ ဆွေးနွေးဖြစ်ပါတယ်။

မေး-ခရီးစဉ်က စကစ ကင်းစင်တဲ့ဒေသသွားတယ်။ တဖက်မှာလည်း စကစ ကလည်း ရက္ခိုင်အပါအဝင်သူတို့ ဆုံးရှုံးတဲ့နယ်မြေတွေ ပြန်ရဖို့ ကြိုးပမ်းနေတာပေါ့။အကိုတို့ အနေနဲ့ရော အဲဒီ ခရီးစဉ်မှာ AAက သူတို့ နယ်မြေတွေ မဆုံးရှုံးဖို့ ပြင်ဆင်ထားတာတွေ လက်ရှိစစ်ပွဲတွေပေါ် ဘယ်လိုမြင်မိတွေ့မိပါသလဲ။

ဖြေ-ဒါကတော့ အားလုံးလည်း မြင်နေတွေ့နေကြတဲ့ အပိုင်းပါ။ စစ်ကောင်စီအနေနဲ့ ကျန်တဲ့နေရာ အကုန်လုံးကို ထိုးစစ်ဆင်နေတာတွေ များတယ်လေ။ ဥပမာ ချင်းပြည်မြောက်ပိုင်းကို ထိုးစစ်ဆင်တာရှိတယ်။ ရှမ်းပြည်မြောက်ပိုင်းထိုးစစ်ဆင်တာရှိတယ်။ အညာဘက် မကွေး၊စစ်ကိုင်းကိုထိုးစစ်ဆင်တာရှိတယ်။ စစ်ကောင်စီက လတ်တလောတွေ့နေရတာကအမ်း-ပဒါန်းလမ်းဖက်၊ပန်းတောင်း-တောင်ကုတ်ဘက်ပေါ့ သို့မဟုတ်ရင်လည်း ဧရာ၀တီ ရေကြည်ဘက်ပေါ့ ။ဒီကျောက်ဖြူ နဲ့ စစ်တွေ တ၀ိုက်မှာပဲ စစ်ကောင်စီက ခံစစ်သဘောမျိုးပြန်ဖြစ်နေတာကိုး။ စစ်ကောင်စီကခံစစ် သဘောမျိုး ပြန်ဖြစ်နေတာကိုကပဲULA/AAကသူ့ရဲ့ လွတ်မြောက်နယ်မြေတွေမဆုံးရှုံးရအောင်အကောင်းဆုံးလုပ်ဆောင်နေတာလို့ပဲ တွေ့မြင်နိုင်ပါတယ်။

မေး- ဒီခရီးစဉ်နဲ့ပတ်သက်ပြီးဘာတွေဖြည့်စွက်ပြောလိုပါသလဲ။

ဖြေ-ဒီတွေ့ဆုံမှုကတော့ အဓိကတော့ အိမ်နီးချင်းကောင်းတွေပေါ့ ကျနော်တို့ချင်းနဲ့ ရက္ခိုင်ဆိုတာက ကျနော်တို့ ချင်းတွေ ရက္ခိုင်ကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေလက်တွဲရမှာပဲ။ရက္ခိုင်မှ မဟုတ်ပါဘူး ကျနော်တို့ ချင်းနဲ့ ဗမာလည်းအနီးကပ်ရှိနေတာပဲ။ ဗမာနဲ့ချင်းနဲ့လည်း အမြဲတမ်း ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ လက်တွဲရမှာပဲ။ဒါက ပထဝီပေးထားချက်အရ နီးကပ်စွာ တည်ရှိနေပြီဖြစ်တယ်။ချင်းပြည်နယ်ရောချင်းတွေရော အကုန်လုံး မသွားပြီးမှ အမေရိကန်တို့ ဂျပန်တို့ ဒါမှမဟုတ် တခြားနေရာရွှေ့နိုင်ရင်တော့ တမျိုးပေါ့ရက္ခိုင်တွေလည်း အဲဒီလို မျိုးရွှေ့ပြောင်းနိုင်ရင်တမျိုးပေါ့။ အဲဒီလိုမျိုးမရှိဘူး ဖြစ်လည်းမဖြစ်နိုင်ဘူး ဆိုတော့ ကျနော်တို့ အကုန်လုံး ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အပြန်အလှန် အကျိုးရှိအောင်ပူးပေါင်းရမယ်။တဦးနဲ့တဦးအတူတူအလုပ်လုပ်လိုသည်ဖြစ်စေ မလုပ်လိုသည်ဖြစ်စေ အပြန်အလှန် စောင့်ရှောက်ရမယ် အပြန်အလှန် ပူးပေါင်းရမယ်အပြန်အလှန်ညှိနှိုင်းပြီးမှအလုပ်လုပ်ရမယ်။ ပြည်သူတွေ ကုန်သည်တွေ အလုပ်သမားတွေအကုန်လုံးပေါ့ ၊ကျောင်းသူကျောင်းသားတွေ ကအစအကုန်လုံးအပြန်အလှန်ချိတ်ဆက်ပြီးမှအကျိုးရှိအောင်လုပ်ရမယ် ပူးပေါင်းရမယ် အခက်အခဲ ပြဿနာတွေကို ဆွေးနွေးတိုင်ပင် ညှိနှိုင်းအဖြေရှာရမယ်ပေါ့။ဒါပြည်သူတွေ Level ပေါ့နော်။ ကျနော်တို့ တော်လှန်ရေးအဖွဲ့အစည်းတွေ ကြားကာလအစိုးရ အဖွဲ့အစည်းတွေ အုပ်ချုပ်သူတွေအနေနဲ့တော့ ဒီထက်ပိုပြီး ပူးပေါင်းချိတ်ဆက်အလုပ်လုပ်တာတွေရှိပါတယ်။ ။

ဆက်စပ်သတင်းများ

Facebook