close
Connect with us

Hi, what are you looking for?

ဆောင်းပါး

ရန်ကုန်မှာ ခပ်လန်းလန်း ဝတ်မယ်ဆို သတိထား

စာဖတ်သူဟာ ရန်ကုန်ဒေသခံဖြစ်ပြီး ခေတ္တအဝေးရောက်နေရင်ဖြစ်ဖြစ်၊ ဒါမှမဟုတ် ရန်ကုန်ဒေသခံမဟုတ်ပေမဲ့ ရန်ကုန် မရောက်တာကြာပြီဆိုရင်ဖြစ်ဖြစ် စာဖတ်သူ ပါးစပ်အဟောင်းသား ဖြစ်သွားစေနိုင်တဲ့ ရန်ကုန်မြို့ကြီးပေါ်က လုယက်မှု ဖြစ်စဥ်တွေအကြောင်း ပြောပြချင်ပါတယ်။

Scorpio/People’s Spring

စာဖတ်သူဟာ ရန်ကုန်ဒေသခံဖြစ်ပြီး ခေတ္တအဝေးရောက်နေရင်ဖြစ်ဖြစ်၊ ဒါမှမဟုတ် ရန်ကုန်ဒေသခံမဟုတ်ပေမဲ့ ရန်ကုန် မရောက်တာကြာပြီဆိုရင်ဖြစ်ဖြစ် စာဖတ်သူ ပါးစပ်အဟောင်းသား ဖြစ်သွားစေနိုင်တဲ့ ရန်ကုန်မြို့ကြီးပေါ်က လုယက်မှု ဖြစ်စဥ်တွေအကြောင်း ပြောပြချင်ပါတယ်။

စစ်အုပ်စု အာဏာသိမ်းထားတဲ့ကာလ လုယက်မှုဖြစ်တာ ဘာဆန်းတုန်းလို့ မေးရင် ဟုတ်ကဲ့ မဆန်းပါဘူး။ ဒါပေမယ့် အခုဖြစ်တာက ရွှေလုတာ၊ ဖုန်းလုတာလည်းမဟုတ်ဘူး။ ကားတွေ ဆိုင်ကယ်တွေ လုတာလည်းမဟုတ်ဘူး။ ဒါဆိုဘာများလဲလို့မေးလာရင် ဟုတ်ကဲ့ အင်္ကျီတွေ လုတာပါတဲ့ခင်ဗျာ။

မကြာသေးမီက ရန်ကုန်မြို့ရဲ့လူစည်ကားရာ လှည်းတန်း၊ မြေနီကုန်း၊Myanmar Plaza၊ M Tower နဲ့ Center ကြီးတွေမှာ ဆယ်ကျော်သက် လူငယ်အုပ်စုတွေက အခြား လူငယ်တွေကို အုပ်စုဖွဲ့ ဝိုင်းဝန်းရိုက်နှက်ပြီး ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေကို အတင်းအဓမ္မ ချွတ်ယူလုယက်တဲ့ ဖြစ်စဉ်တွေ ခပ်စိပ်စိပ် ဖြစ်ပွားနေတာပါ။

Public Service Announcement

Public Service Announcement

​အဓိကအားဖြင့် လူငယ်တွေကြား ခေတ်စားနေတဲ့ NRF, SIS, IWYWH, NFC စတဲ့ Local Brand အဝတ်အစားတွေကို ပစ်မှတ်ထားကြတာပါ။

ဒီအဝတ်အစားတွေဟာ Limited Edition (အရေအတွက် ကန့်သတ်ချက်ဖြင့် ထုတ်လုပ်ခြင်း) ဖြစ်တာကြောင့် ပြန်လည်ရောင်းချတဲ့ ဈေးကွက်မှာ မူရင်းဈေးထက် အဆမတန် မြင့်မားနေတတ်ပါတယ်။ အင်္ကျီတစ်ထည်ကို ကျပ် ရှစ်သောင်း၊ တစ်သိန်းကနေ သိန်းကျော်အထိ ပေါက်

ဈေးရှိနေတာကဒီဆယ်ကျော်သက်တွေကို ဒုစရိုက်မှု ကျူးလွန်ဖို့ တွန်းအားပေးသလို ဖြစ်နေတာပါ။

နောက်တစ်ခုကတော့ လုလာတဲ့ အဝတ်အစားတွေကိုဝတ်ဆင်ပြီးနောက်ရက်တွေမှာRich Kid ပိုက်ဆံရှိသမီးပုံစံ သွားလာကြတယ်၊ Tiktok ရိုက်ကြတယ်လို့ ရန်ကုန်က လူငယ်တွေက ပြောပါတယ်။

လုယက်သူတွေဟာ အသက် ၁၃ နှစ်ကနေ ၁၈ နှစ်ကြား ဆယ်ကျော်သက်တွေ ဖြစ်ကြပြီး အင်အား ၅ ယောက်ကနေ ၃၀ ဝန်းကျင်အထိ အုပ်စုဖွဲ့ လှုပ်ရှားကြပါတယ်။

အများပြည်သူသုံး အိမ်သာတွေ၊ လူပြတ်တဲ့ လမ်းကြားတွေနဲ့ မှတ်တိုင်တွေမှာ စောင့်ဆိုင်းကြပါတယ်။လိုချင်တဲ့အင်္ကျီဝတ်ထားသူကိုတွေ့ရင် ခါးပတ်တွေနဲ့ ရိုက်တာ၊ ဝိုင်းဝန်းထိုးကြိတ်တာတွေ ပြုလုပ်ပြီး အဝတ်အစားတွေကို ဆွဲချွတ်ယူသွားကြပါတယ်။

တကယ်လို့ လုစရာမရှိရင်တောင် “ ဘာကြည့်တာလဲ” ဆိုတဲ့အကြောင်းပြချက်နဲ့ ရန်ရှာရိုက်နှက်တတ်ကြတယ်လို့ ကိုယ်တွေ့ကြံဖူးသူတွေက ပြောပါတယ်။

“ သူတို့လိုချင်တဲ့ အင်္ကျီဝတ်ထားတဲ့လူတွေ့ရင် toilet ထဲထိလိုက်ပြီး အဖွဲ့လိုက် ရိုက်လုကြတာပါ” လို့ ကိုယ်တွေကြုံဖူးတဲ့ အသက် ၂၀ အရွယ်ရန်ကုန်မြို့ခံလူငယ်တစ်ဦးက ပြောပါတယ်။ဒီလုပ်ရပ်ရဲ့ အဆိုးဝါးဆုံး အပိုင်းကတော့ ကျူးလွန်သူတွေဟာ သူတို့ လုယူထားတဲ့ အဝတ်အစားတွေကို Telegram Channel တွေမှာ ပြန်လည်ကြွားဝါကြတာပဲ ဖြစ်ပါတယ်။ “ အဲ့က​လေး​တွေက Telegram မှာ channel​ ထောင်ပြီး ဒီ​နေ့​တော့ ဘယ်ဘရန်းထဲက ဘာအဝတ်အစားလုနိုင်ခဲ့တယ်ဆိုပြီး ပြန်ကြွားတင်ကြတာတဲ့။” လို့ ရန်ကုန်ဒေသခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။

​ခံရတဲ့လူငယ်အချို့မှာလက်ကျိုးတာ၊ သွေးထွက်သံယိုဖြစ်တာတွေအထိ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိနေကြပါတယ်။ အချို့ဆိုရင် ရရှိတဲ့ လစာလေးနဲ့ စုဆောင်းဝယ်ထားတဲ့ အင်္ကျီကို အလုခံရရုံတင်မကဘဲ လူအုပ်နဲ့ ဝိုင်းခံရတာကြောင့် စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်မှုတွေ ရှိနေပါတယ်။

အဲဒီအဖွဲ့တွေကို စစ်ကောင်စီလက်အောက်ခံ ရဲတွေကို တိုင်ဖူးသူတွေရှိပါတယ်။ ဘာများထူးမယ်ထင်ပါသလဲ။ “ ရဲနဲ့တိုင်လည်းဒီကောင်တွေတစ်ရက်နှစ်ရက်နဲ့ပြန်လွတ်လာတာ” လို့ လူင​ယ်​တစ်ဦးက ပြောပါတယ်။

အုပ်စုဖွဲ့ ကျူးလွန်တဲ့ ဆယ်ကျော်သက်တွေဟာ တစ်ယောက်တည်းဆိုရင် ဒီလောက် ရဲတင်းမှာ မဟုတ်ပေမဲ့ အုပ်စုထဲ ရောက်သွားတဲ့အခါ “ ငါ” ဆိုတဲ့ တစ်ကိုယ်ရေ တာဝန်ခံမှုကို မေ့သွားပြီး “ ငါတို့” ဆိုတဲ့ အုပ်စုနောက်ကိုပါသွားတတ်ပါတယ်။ အုပ်စုလိုက် ဖြစ်သွားတဲ့အခါ ကိုယ်ကျင့်တရားဆိုင်ရာ ထိန်းချုပ်မှု လျော့နည်းသွားပြီး ပိုမို ကြမ်းတမ်းတဲ့ လုပ်ရပ်တွေကို ဝန်မလေးဘဲ လုပ်ဆောင်တတ်ကြပါတယ်။

​ဆယ်ကျော်သက်အရွယ်မှာ မိဘ ဒါမှမဟုတ် လူ့အသိုင်းအဝိုင်းထက် မိမိတို့ အပေါင်းအသင်းရဲ့ အသိအမှတ်ပြုမှုကို ပိုပြီး အလေးထားတတ်ကြပါတယ်။ Telegram မှာ ပြန်ကြွားတာတွေ၊ ဘာဘရန်းကို လုနိုင်ခဲ့တယ်လို့ ပြောတာတွေဟာ သူတို့အချင်းချင်းကြားမှာ “ ငါဟာ အစွမ်းအစရှိတယ်၊ သတ္တိရှိတယ်” ဆိုတာကို ပြသချင်တဲ့ ပုံစံမှား တစ်ခုဖြစ်နေပါတယ်။

နောက်ပြီး ရုပ်ဝတ္ထုကို အလွန်အကျွံအလေးထားတာ၊အဲ့ဒီ အဝတ်အစားကို ဝတ်ထားခြင်းဖြင့် သူတို့ကိုယ်သူတို့ ခေတ်မီတယ်လို့ ထင်မြင်စေတဲ့ စိတ်ကူးယဉ်မှုကြောင့်လည်း ပါပါတယ်။

ဆယ်ကျော်သက်တွေရဲ့ဦးနှောက် ဖွံ့ဖြိုးမှုအရ ဆုံးဖြတ်ချက်ချတဲ့အပိုင်းက အပြည့်အဝ မရင့်ကျက်သေးတဲ့အတွက် အကျိုးအပြစ်ထက် ရင်ခုန်စိတ်လှုပ်ရှားမှုကိုဦးစားပေးတတ်ကြပါတယ်။ဒီလို လုယက်တာကို ရာဇဝတ်မှုလို့ မမြင်ဘဲ စိန်ခေါ်မှုရှိတဲ့ ဂိမ်းတစ်ခုလို သဘောထားပြီး ကျူးလွန်ကြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

​အချုပ်အားဖြင့်တော့ ဒါဟာ အုပ်စုလိုက် လွှမ်းမိုးမှုနဲ့ တန်ဖိုးထားမှု မှားယွင်းခြင်းတို့ ပေါင်းစပ်သွားတဲ့ ရလဒ်လို့ ပြောလို့ရပါတယ်။ ဒီလို လုပ်ရပ်တွေဟာ ရေရှည်မှာ ရာဇဝတ်မှု အကြီးစားတွေဆီကို ဦးတည်သွားနိုင်တဲ့အတွက် လူမှုရေးအရရော၊ ဥပဒေအရပါ ထိထိရောက်ရောက် ကိုင်တွယ်ဖို့ လိုအပ်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။ ခက်တာက ဘယ်မလဲ ဥပဒေ။ ဘယ်မလဲ တရားမျှတမှု။

စစ်ခေါင်းဆောင် အာဏာသိမ်းလိုက်တာဟာ အခုဆိုရင်ဖြင့် ရန်ကုန် ရွှေမြို့တော်ကြီးမှာကိုယ်ကြိုက်နှစ်သက်ရာ အဝတ်အစားကို လွတ်လပ်စွာ ဝတ်ဆင်ဖို့တောင် ဘေးကင်းလုံခြုံမှု မရှိတော့တဲ့ အခြေအနေကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်ခင်ဗျာ။ ။

ဆက်စပ်သတင်းများ

ဆောင်းပါး

ည ၈နာရီကျော် ဆိုတာညဦးပိုင်းသာရှိ​သေးပေမယ့်ရန်ကုန်မြို့​တော်မှာမလုံခြုံတော့တဲ့ အကြောင်တာမွေမြို့နယ်မှာနေထိုင်တဲ့လူငယ်တစ်ဦးက ဧပြီလဆန်းမှာရင်ဖွင့်ပါတယ်။

သတင်း

​မန္တလေးမြို့မှာ ဧပြီ၅ရက် ညက ဆိုင်ကယ်စီးလာတဲ့ လူငယ်တစ်ဦးကို စစ်အုပ်စုက ရိုက်နှက်ဖမ်းဆီးကာ လူငယ်ရဲ့ ဆိုင်ကယ်နဲ့ ဖုန်းကို လုယူသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

သတင်း

​မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်က ရဲမွန်တောင်ရပ်ကွက်မှာ အိုးဝေသုံးဘီးယာဥ်တစ်စီး ဓားနဲ့ တိုက်ခိုက် လုယက်ခံရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ လျှပ်စစ်မီးပြတ်တောက်မှု‌တွေကြောင့် CNGကားတွေ Gas အလုံအလောက်မရလို့ တချို့YBS ယာဉ်လိုင်းတွေက ကားအရေအတွက်နည်းပြီး ခရီးသည်တွေအခက်ကြုံနေရပါတယ်။