Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဇန်နဝါရီ ၁ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️တိုင်းပြည်ကံကြမ္မာအလှည့်အပြောင်းအတွက် အင်တိုက်အားတိုက် တော်လှန်ရေး ဆင်နွှဲဖို့ ယာယီသမ္မတ တိုက်တွန်း

၂၀၂၃ ခုနှစ်ဟာ တိုင်းပြည်ရဲ့ နိုင်ငံရေးကံကြမ္မာအလှည့်အပြောင်းအတွက် အင်မတန်အရေးကြီးတဲ့နှစ် တစ်နှစ်ဖြစ်တာကို လုံး၀ ယုံကြည်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားပြီး နှစ်သစ်တော်လှန်ရေးကို ဆက်လက်ဆင်နွှဲသွားကြဖို့ ဒီနေ့ တိုက်တွန်းပါတယ်။ ယာယီသမ္မတဟာ နှစ်သစ်ကူးနိုင်ငံတော်အခြေပြမိန်ခွန်းကတဆင့် တိုက်တွန်းခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုကို ဖယ်ရှားနိုင်ဖို့နဲ့ တိုင်းရင်းသားပြည်သူအားလုံးလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ထူထောင်ဖို့ဆိုရင် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးဆက်လက် အားစိုက်တော်လှန်ကြဖို့လိုတယ်လို့ ပြောပါတယ်။ တပြိုင်တည်းမှာ တော်လှန်ရေးကို ဦးဆောင်နေကြတဲ့ အစုအဖွဲ့တွေအနေနဲ့ ညီညီညွတ်ညွတ် စည်းစည်းလုံးလုံး မဟာဗျူဟာ ကျကျ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်လို့ ယာယီသမ္မတက ပြောပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုများ ခြေကုန်လက်ပန်းကျလာမယ့် အချိန်ကိုစောင့်နေတာကြောင့် တော်လှန်ရေးကို အရှိန်မြှင့်တင်ပြီး ဆက်လက်ကြိုးစားရမယ်လို့ ယာယီသမ္မတက တိုက်တွန်းပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလ
ယာယီသမ္မတ ဒူဝါလရှီးလ

▪️လူထုကိုမျက်နှာမူပြီး အသုံးသတ်တိုက်ပွဲဆင်နွှဲကြရမယ့် တော်လှန်ရေးဖြစ်ကြောင်း KNPP ဥက္ကဋ္ဌပြော

ပြည်တွင်းနဲ့ နိုင်ငံတကာခေါင်းဆောင်များ နေ့ညမပြတ်ပေါင်းစပ်ညှိနှိုင်းကာ လူထုတစ်ရပ်လုံးကို မျက်နှာမူလျက် ကျောချင်းကပ် ရင်ချင်းအပ်ပြီး အဆုံးသတ်တိုက်ပွဲဆင်နွှဲကြရမယ့် တော်လှန်ရေးကြီးဖြစ်တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဥက္ကဋ္ဌ ခူဦးရယ်က ပြောပါတယ်။ အဲဒီလိုလုပ်ဆောင်မှသာ ကရင်နီပြည်သူများနဲ့ နိုင်ငံတဝန်းလုံးရှိ ပြည်သူများအတွက် ထုထည်ကြီးမားနေတဲ့ ကဏ္ဍအသီးသီးမှ လိုအပ်ချက်များ၊ စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးတို့ကို ဖြည့်ဆည်းနိုင်မယ်လို့ ခူဦးရယ်က ၂၀၂၃ နှုတ်ခွန်းဆက်သဝဏ်လွှာမှာ ဖော်ပြပါတယ်။ လက်ရှိမှာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်အပါအဝင် အာဏာရှင်စနစ်မှန်သမျှကို ရဲရဲဝံ့ဝံ့ တွန်းလှန်ကာ အနာဂတ်ကို ပုံဖော်ကြမယ့် လူငယ်တွေနဲ့ လူထုတစ်ရပ်လုံးက အသက်သွေးချွေး ပေးဆပ်ရင်း အရှိန်အဟုန်မြင့်များစွာ ပါဝင်ဆင်နွှဲလာကြတဲ့ လူထုတော်လှန်ရေးဟာ လာမယ့် အဆက်ဆက်သော တိုင်းပြည်အနာဂတ်သစ်ရဲ့ ပြယုဂ်ပင်ဖြစ်တယ်လို့ KNPP ဥက္ကဋ္ဌက ပြောပါတယ်။

(KNPP ​၏ ရဲဘော်များအားအပတ်စဉ်(၇၄) သင်တန်းဆင်းပွဲ၌ တွေ့ရစဉ်၊ ဓာတ်ပုံ - KNPP)
(KNPP ​၏ ရဲဘော်များအားအပတ်စဉ်(၇၄) သင်တန်းဆင်းပွဲ၌ တွေ့ရစဉ်၊ ဓာတ်ပုံ – KNPP)

▪️ရွေးကောက်ပွဲနဲ့ပတ်သက်လို့ စစ်ခေါင်းဆောင်ပြောကြားချက်ကို KNU ပြောခွင့်ရသူ တုန့်ပြန်

စစ်ကောင်စီပြုလုပ်မယ့် ရွေးကာက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲ၊ လွတ်လပ်မှု တရားမျှတမှု လုံး၀မရှိဘဲ လက်ခံနိုင်မှာမဟုတ်ဘူးလို့ KNU ပြောခွင့်ရသူက တုံ့ပြန်လိုက်ပါတယ်။ စစ်ခေါင်းဆောင်ရဲ့ နှစ်သစ်ကူးပြောစကားမှာ တိုင်းရင်းသားများ ဒီမိုကရေစီအခွင့်အရေး မဆုံးရှုံးစေဖို့ ဆိုကာ တိုင်းရင်းသားဒေသအပါအဝင် တစ်နိုင်ငံလုံးနေရာအနှံ့မှာ ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုးစားဆောင်ရွက်နေတယ်လို့ ထည့်သွင်းထားမှုကို တုန့်ပြန်ခဲ့တာပါ။ စစ်ခေါင်းဆောင်က အခုလိုပြောဆိုနေပေမယ့် တကယ့်လက်တွေ့လုပ်ရပ်မှာ တိုင်းရင်းသားဒေသများအပါအဝင် နိုင်ငံတစ်ဝန်းမှာ ထိုးစစ်ဆင်မှုများ အဆက်မပြတ်ပြုလုပ်နေပြီး လူ့အခွင့်အရေးချိုးဖောက်မှုများစွာကို စစ်ကောင်စီက ကျူးလွန်နေတယ်လို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ပြောခွင့်ရသူ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက ပြောပါတယ်။

ရွေးကောက်ပွဲနှင့်ပတ်သက်၍ စစ်ခေါင်းဆောင်ပြောကြားချက်ကို KNU သဘောထားနှင့် တုံ့ပြန်
ရွေးကောက်ပွဲနှင့်ပတ်သက်၍ စစ်ခေါင်းဆောင်ပြောကြားချက်ကို KNU သဘောထားနှင့် တုံ့ပြန်

▪️မြန်မာပြည်သူတွေရဲ့ ခိုင်မာတဲ့ ဒီမိုကရေစီ မျှော်မှန်းချက်များကို ကနေဒါ ဆက်လက်အားပေးထောက်ခံမယ်

၂၀၂၃ မှာ ကနေဒါနိုင်ငံက မြန်မာပြည်သူတွေရဲ့ ခိုင်မာတဲ့ ဒီမိုကရေစီ မျှော်မှန်းချက်များကို ဆက်လက် အားပေးထောက်ခံသွားမှာ ဖြစ်ပြီး အကြမ်းဖက်မှု ကျူးလွန်သူများကို တာဝန်ခံခိုင်းရေး ကြိုးပမ်းမှုများကု ဆထက်ထမ်းပိုး လုပ်ဆောင်သွားမယ်လို့ ဒီနေ့ထုတ်ပြန်ပါတယ်။ မြန်မာပြည်သူတွေဟာ ပြီးခဲ့တဲ့နှစ်က တိုင်းတာလို့ မရအောင် ကြီးမားတဲ့ အခက်အခဲများနဲ့ လက်ခံနိုင်စရာ မရှိတဲ့ ဖိနှိပ်မှုများကို ရင်ဆိုင်ခဲ့ကြရာမှာ ရဲရင့်မှုနဲ့ ကြံ့ကြံ့ခံနိုင်စွမ်းတို့ကို ဆက်လက်ပြသခဲ့တယ်လို့ ကနေဒါသံရုံးက ချီးကျူးထားပါတယ်။ ဒီနှစ်သစ်အခါသမယမှာ မြန်မာနိုင်ငံ ကနေဒါသံရုံးက မြန်မာပြည်သူများနဲ့အတူ ရပ်တည်ကြောင်းနဲ့ မြန်မာပြည်သူများ မျှော်မှန်းတဲ့နည်းတူ ပိုမို ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ နှစ်သစ်ဖြစ်ပါစေကြောင်း ဆုတောင်းဖော်ပြပါတယ်။

▪️နှစ်သစ်ကူးည စစ်ကောင်စီတပ်စွဲထားတဲ့နေရာကို မဟာမိတ်များ သွားရောက်တိုက်ခိုက်

နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် ယင်းမာပင်မြို့နယ်အတွင်း စစ်ကောင်စီတပ်စွဲထားတဲ့ နေရာကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးမဟာမိတ်များက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်ရဲဘော်များက မနေ့ညက သွားရောက်တိုက်ခိုက်ခဲ့တာပါ။ မဟာမိတ် ၉ ဖွဲ့ပေါင်းပြီး လက်နက်ကြီး အလုံး ၄၀ ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သူ့ကျွန်မခံမြေဆိုးတစ်သိုက်က ပြောပါတယ်။

▪️နေပြည်တော်စစ်ဆေးရေးဂိတ်တိုက်ခိုက်မှု နောက်ဆက်တွဲထုတ်ပြန်

နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ရွှေနံသာရပ်ကွက် V4 လမ်းဆုံရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်အားတိုက်ခိုက်မှုမှာ စစ်ကောင်စီလက်ပါးစေ ရဲအရာရှိတစ်ဦးသေဆုံးပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာရသွားတယ်လို့ နေပြည်တော်(ပ.က.ဖ)က ဒီနေ့ နောက်ဆက်တွဲ ထုတ်ပြန်ပါတယ်။ အဲဒီစစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)နဲ့ လယ်ဝေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းကာ ဒီဇင်ဘာ ၁၉ ရက် ည ၁၀နာရီခွဲက တိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်မှုမှာ ရဲအရာရှိတစ်ဦး သေဆုံးခဲ့ပြီး ရဲတပ်သားနှစ်ဦးပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့လို့ ဆေးကုသမှုခံယူနေကြောင်း အသိပေးပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်တွေက လက်ပစ်ဗုံးနှစ်လုံး ပစ်ခတ်ဖောက်ခွဲခဲ့ပေမယ့် တစ်လုံးသာပေါက်ကွဲသွားခဲ့တာလို့ သိရပါတယ်။

(နေပြည်တော်ရှိစစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခုအား အဝေးမှမြင်ရစဥ်၊ဓာတ်ပုံ - CJ)
(နေပြည်တော်ရှိစစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခုအား အဝေးမှမြင်ရစဥ်၊ဓာတ်ပုံ – CJ)

▪️နွားထိုးကြီး-မြင်းခြံလမ်းမှာ စစ်ကောင်စီယာဥ်တစ်စီးကို မိုင်းဆွဲတိုက်ခိုက်

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာ မြင်းခြံမှ နွားထိုးကြီးမြို့သို့ ထွက်လာတဲ့ စစ်ကောင်စီယာဥ်တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ်(၄)တပ်ရင်း Natogyi People Defence Force သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့ မနက်ပိုင်းက မြင်းခြံမြို့နယ်မှ နွားထိုးကြီးမြို့နယ်အတွင်းသို့ ထွက်လာတဲ့ အင်အား ၅၉ ဦးခန့်ပါ စစ်ကောင်စီယာဥ်တစ်စီးကို ဘဟက်တောကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီလိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများရှိခဲ့ပေမယ့် အရေအတွက် အတိအကျကို စုံစမ်းစစ်‌ဆေးနေဆဲဖြစ်တယ်လို့ NPDF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

(အာဏာသိမ်းပြီးနောက် မြင်းခြံမြို့တွင် ဆန္ဒပြပြည်သူများအား စစ်ကောင်စီတပ်က အကြမ်းဖက် ဖြိုခွင်းနေစဥ်၊ ဓာတ်ပုံ - Myingyan Citizen Journalist)
(အာဏာသိမ်းပြီးနောက် မြင်းခြံမြို့တွင် ဆန္ဒပြပြည်သူများအား စစ်ကောင်စီတပ်က အကြမ်းဖက် ဖြိုခွင်းနေစဥ်၊ ဓာတ်ပုံ – Myingyan Citizen Journalist)

▪️အရာတော်နယ် နောင်ကြီးအိုင်ရွာရှိ စစ်ကောင်စီစခန်းကို သွားရောက် ပစ်ခတ်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင် ကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီစခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးမိုးကြိုးမုန်တိုင်းတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ မနေ့ မနက်ပိုင်းက နောင်ကြီးအိုင်ကျေးရွာမှာ အထိုင်ချနေထိုင်တဲ့ စစ်သားနဲ့ ရဲတွေရဲ့ စခန်းကို (၄၀) မမ နဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီစစ်ကောင်စီတပ်သားနဲ့ ရဲတွေဟာ ပြည်သူတွေရဲ့ အဖိုးတန်ပစ္စည်းများကို ခိုးယူရောင်းချခြင်း၊ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေတယ်လို့ အသိပေးပါတယ်။ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပြီး ရဲဘော်များ အထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

You May Also Like