Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဒီဇင်ဘာ ၃၁ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️စစ်အုပ်စု အပြစ်ကင်းလွတ်ခွင့်ရနေမှု အဆုံးသတ် မယ်လို့ NUG ကတိပြု

စစ်အုပ်စုရဲ့ ပြစ်ဒဏ်ခံရထိုက်သူများ ပြစ်ဒဏ်ခံရခြင်းဘေးက ကင်းလွတ်နေသည့်အလေ့အထ (Impunity)ကို အဆုံးသတ်နိုင်ရေး မမေ့မလျော့နှလုံးသွင်းကာ တော်လှန်ရေးအောင်မြင်ပြီးမြောက်သည်အထိ တစိုက်မတ်မတ် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကတိပြုထုတ်ပြန်ပါတယ်။ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို အကြမ်းဖက်စစ်ကောင်စီက မတရားထောင်ဒဏ်များ ချမှတ်ခဲ့ခြင်းအပေါ် ဒီနေ့ ထုတ်ပြန်လိုက်တာပါ။ စစ်အုပ်စုလက်အောက်ခံ တရားရုံးအသီးသီးက အမိန့်တွေဟာ မူလကပင် ပျက်ပြယ်ပြီးဖြစ်တယ်လို့ NUG က ထပ်မံဖော်ပြပါတယ်။ နိုင်ငံတော်ပုန်ကန်မှုနဲ့ ပြည်သူလူထုအပေါ် အခြားသော ပြစ်မှုပေါင်းများစွာကို ကျူးလွန်ထားတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ အပေါင်းအပါတွေကသာ အပြစ်ရှိသူတွေဖြစ်ပြီး ပြည်သူ့တရားစီရင်မှုကို မလွဲမသွေခံယူရမယ့်သူတွေဖြစ်တယ်လို့ NUG က ကြေညာပါတယ်။

▪️မြို့သစ်တိုက်ပွဲ စစ်အုပ်စုလက်ပါးစေ ၇ ဦးကိုရှင်းလင်းနိုင်ခဲ့ဟု တမူးPDFပြော

စစ်ကိုင်းတိုင်း တမူးခရိုင်အထက်ပိုင်း မြို့သစ်မြို့နယ် အတွင်းမှာ စစ်ကောင်စီလက်အောက်ခံတွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီရဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)မှ အရာရှိ အပါအဝင် စစ်ကောင်စီ လက်ပါးစေ ၇ ဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး သူတို့ရဲ့ လက်နက်တွေကို ရရှိခဲ့တယ်လို့ တမူးပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ရင်း(၁) တာဝန်ရှိသူက​ပြောပါတယ်။ တမူး PDF တပ်ရင်း(၁)၊ KNA(Burma)နဲ့ KCNDF မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ မြို့သစ်မြို့နယ်အတွင်းနယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ဒီဇင်ဘာ ၂၈ ရက် မနက်ပိုင်းက စစ်ကောင်စီလက်အောက်ခံ SNAနဲ့ ပျူစောထီးအဖွဲ့ဝင်(၇)ဦး မောင်းနှင်လိုက်ပါလာတဲ့ ကားတစ်စီးနဲ့ ထိပ်တိုက်တွေ့ဆုံကာ ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့တာပါ။ အဲဒီကားကို မိုင်းတစ်လုံးဆွဲပြီး အနီးကပ် ဝင်ပစ်ခဲ့တာလို့ ဆိုပါတယ်။ နောက်ပြီး (၄၀)မမ(၁)လက်နဲ့ ၄၀မမ ဗုံးသီး(၁၄)လုံး၊ M4-16(၁)လက်၊ AK-47(၁)လက်၊ M-92(၁)၊ 81 (၁)လက်၊ 9mm ပစ္စတို(၁)လက်၊ 380 ပစ္စတို(၁)လက်၊ ကျည်အိမ်(၆)ခု၊ 7.62mmကျည်(၉၅)တောင့်၊ 9mmကျည်(၄)တောင့်၊ 380ကျည်(၄)တောင့်နဲ့ ဆက်သွယ်ရေးစကားပြောစက်(၁)လုံးတို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဓာတ်ပုံနဲ့အတူ ဖော်ပြထားပါတယ်။

(ပျူ အုပ်စုထံမှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-တမူးPDF)
(ပျူ အုပ်စုထံမှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-တမူးPDF)

▪️KNU တပ်မဟာ(၆)နယ်မြေ တစ်ပတ်အတွင်း စစ်ကောင်စီတပ် ၅၆ ဦးကျော်သေ

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေမှာ တစ်ပတ်အတွင်း တိုက်ပွဲ (၁၁) ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၅၆ ဦးကျော်သေဆုံးကာ ၄၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒူးပလာယာခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။ KNU ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ဟာ ဒီဇင်ဘာ ၁၆ ရက်ကစပြီး ကော့ကရိတ်ဒေသမှာ တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒီဇင်ဘာ ၂၂ မှ ၂၈ရက်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့မှုများကို ဖော်ပြခဲ့တာပါ။ ကော့ကရိတ်တိုက်ပွဲမှာ ပူးပေါင်းတပ်ဘက်က ကျဆုံးထိခိုက်မှု အချို့ရှိပေမယ့် ဒီနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။ တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးထိခိုက်မှုနဲ့ အိုးအိမ်ပျက်စီးမှုများရှိခဲ့တယ်လို့ အသိပေးပါတယ်။ ဒီနေ့ မနက်ပိုင်းမှာလည်း ကော့ကရိတ်မြို့နယ် ကော့နွဲ့ရွာမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံက ပြောပါတယ်။

(KNU မှ အမျိုးသမီးတပ်သားများအား တွေ့ရစဥ်၊ ဓာတ်ပုံ - transbordernews)
(KNU မှ အမျိုးသမီးတပ်သားများအား တွေ့ရစဥ်၊ ဓာတ်ပုံ – transbordernews)

▪️မြောင်နယ်အမျိုးသမီးဒရုန်းတပ်ဖွဲ့က စစ်အုပ်စုကို သုံးရက်ဆက် ဗုံးချတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အခြေစိုက် အမျိုးသမီးဒရုန်းတပ်ဖွဲ့က ချောင်းဦးနဲ့ ငါန်းဇွန်မြို့နယ်များရှိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို သုံးရက်ဆက် ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ T.G.R အမျိုးသမီးဒရုန်းတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ ၂၇ ရက်က ငါးဇွန်းမြို့နယ်၊ သကျင်းကျေးရွာ စာသင်ကျောင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ T.G.R အမျိုးသမီးဒရုန်းတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ဒီဇင်ဘာ ၂၈ ရက်မှာ ငါန်းဇွန်မြို့နယ် မြေတိုင်းကျေးရွာ ပျူစောထီးခေါင်းဆောင်နေအိမ်မှာ စစ်ကောင်စီတ​ပ်သားများရောက်ရှိနေချိန် ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ပါတယ်။ ဒီဇင်ဘာ ၂၉ ရက်မှာလည်း ချောင်းဦးမြို့နယ်၊ အမြင့်ရွာရှိ ဘုရားဝင်းအတွင်း အရက်သောက်နေကြတဲ့ စစ်ကောင်စီတပ်သားတွေကို ဗုံးသီးချ ထပ်မံ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

▪️ရွှေဘို-မြစ်ကြီးနားလမ်းဆုံရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို လက်နက်ကြီးနဲ့ ပစ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားလမ်းဆုံမှာ ပြည်သူတွေကို ခြိမ်းခြောက်စစ်ဆေးနေတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို လက်နက်ကြီးနဲံ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BLACK WOLF – ARMY သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ဟာ ရွှေဘို – မြစ်ကြီးနားလမ်းဆုံမှာ ခရီးသွားပြည်သူတွေကို အင်အား ၁၅ ဦးခန့်​နဲ့ စစ်ဆေးရေးဂိတ်ချကာ ခြိမ်းခြောက်စစ်ဆေးနေခဲ့ပါတယ်။ အဲဒီစစ်ကောင်စီတပ်ကို (၄၀) မမ သုံးလုံးနဲ့ သတိပေးပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု စုဖွဲ့နေတဲ့ နေရာအနီးကျရောက်ပေါက်ကွဲကာ စစ်သားနှစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

▪️နမခမှ ထွက်လာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ တစ်ဦးသေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ ဘုတလင်မြို့သို့ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ကို မုံရွာ-ဘုတလင် လမ်းမကြီးပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားတစ်ဦးသေဆုံးခဲ့တယ်လို့ Chindwins Brothers အဖွဲ့ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။ မနေ့ နေ့ခင်းက မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ အင်အား ၆၃ ဦးနဲ့ ဘုတလင်မြို့သို့ ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်သားတွေကို ဘုတလင်မြို့အနီး မြို့ရဲ့တောင်ဘက် (၁)မိုင်ခန့်အကွာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုမှာ စစ်သားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာပြင်းထန်ရရှိသွားတယ်လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

▪️ဒီပဲယင်းနယ်မှာ မီးရှို့ဖျက်ဆီးတဲ့ စစ်အု​ပ်စု တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ယင်းတွေကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးရာ နေအိမ် ၄၀ ကျော် ပျက်စီးဆုံးရှုံးပြီး မီးရှို့စစ်အုပ်စုကို တန်ပြန်တိုက်ခိုက်ရာ ထိခိုက်ကျဆုံးမှုရှိတယ်လို့ ဒီပဲယင်းအခြေစိုက် အဖြူရောင်ပြည်သူကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ မနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ဟာ ဒီပဲယင်းမြို့နယ်၊ ကြည်ကျေးရွာနဲ့ သာစည်ကျေးရွာတို့မှတဆင့် ရွာသစ်ကျေးရွာအနီးသို့ ရောက်ရှိလာရာ FRF တပ်ဖွဲ့က(၄၀)မမ နှစ်လုံး ပစ်ကာတိုက်ခိုက်ခဲ့တာလို့ အဖြူရောင် ပကဖအဖွဲ့က အသိပေးပါတယ်။ အဲဒီနောက် စစ်ကောင်စီတက်ဟာ ရွာသစ်ဘုန်းကြီးကျောင်းထဲသို့ နှစ်ဖွဲ့ပေါင်း ဝင်ရောက်သွားခဲ့ပြီး အဲဒီကတဆင့် ယင်းတွေကျေးရွာ စာသင်ကျောင်းသို့ ဦးတည်ထွက်ခွာလာရာ အဖြူရောင်တပ်ဖွဲ့မှ စနိုက်ပါသမား လက်ချက်နဲ့ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

You May Also Like

သတင်း

ဒီနေ့(ဒီဇင်ဘ ၂၉ရက်)ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဒီဇင်ဘာ ၂၃ ရက်) ညနေခင်းသတင်းတွေကို People’s Springက တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့(ဒီဇင်ဘာ၂၂ ရက်)ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့(ဒီဇင်ဘာ၂၀ရက်)ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။