Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ပုပ်ရဟန်းမင်းကြီးဟောင်း ဘင်နဒစ် ကွယ်လွန်

ဒီဇင်ဘာ ၃၁ ရက် မနက်ပိုင်းမှာ ပုပ်ရဟန်းမင်းကြီးဟောင်း ကွယ်လွန်သွားတယ်ဆိုတဲ့ သတင်းကို လေးလံတဲ့ စိတ်နှလုံးနဲ့ အသိပေး ကြေညာလိုကြောင်း ဗာတီကန် နန်းတော် ပြန်ကြားရေးဌာန အကြီးအကဲ မက်တီယို ဘရူနီက ထုတ်ပြန်ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟောင်း ဘင်နဒစ် ကွယ်လွန်
ပုပ်ရဟန်းမင်းကြီးဟောင်း ဘင်နဒစ် ကွယ်လွန်

ပုပ်ရဟန်းမင်းကြီးဟောင်း အမ်ရီတက်စ် ဘင်နဒစ် (၁၆)ဟာ အသက် ၉၅ နှစ် အရွယ်မှာ ကွယ်လွန်သွားကြောင်း ဗာတီကန် နန်းတော်က အတည်ပြု ကြေညာခဲ့ပါတယ်။

ဒီဇင်ဘာ ၃၁ ရက် မနက်ပိုင်းမှာ ပုပ်ရဟန်းမင်းကြီးဟောင်း ကွယ်လွန်သွားတယ်ဆိုတဲ့ သတင်းကို လေးလံတဲ့ စိတ်နှလုံးနဲ့ အသိပေး ကြေညာလိုကြောင်း ဗာတီကန် နန်းတော် ပြန်ကြားရေးဌာန အကြီးအကဲ မက်တီယို ဘရူနီက ထုတ်ပြန်ပါတယ်။

ပုပ်ဘင်ဒနစ်ရဲ့ ကြွင်းကျန် ရုပ်ကလပ် ထည့်ထားတဲ့ ခေါင်းတလားဟာ ဗာတီကန်မှာရှိတဲ့ စိန့်ပီတာ ဝတ်ကျောင်းတော်မှာ ဇန်နဝါရီ ၂ ရက်ကနေ ၄ ရက်ထိ ရှိနေမှာဖြစ်ပြီး ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာဝင်တွေရဲ့ နောက်ဆုံး နှုတ်ဆက် ဂါရဝပြုမှုကို ခံယူမှာပါ။ ဇန်နဝါရီ ၅ ရက်ကျရင်တော့ ထုံးတမ်း ဓလေ့တွေနဲ့အညီ သင်္ဂြိုဟ်သွားဖို့ ဗာတီကန် နန်းတော်က စီစဉ်ထားပါတယ်။

ဂျာမနီ နိုင်ငံသား ပုပ်ဘင်နဒစ်ဟာ ၂၀၁၃ ခုနှစ်၊ အသက် ၈၅ နှစ် အရွယ်မှာ ရိုမန်ကက်သလစ် သာသနာပိုင်ချုပ်လို့ ဆိုရမယ့် ပုပ်ရဟန်းမင်းကြီး ရာထူးကနေ ရုတ်တရက် နုတ်ထွက်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ပုပ်ရဟန်းမင်းကြီးဟောင်းဟာ လူမြင်ကွင်းကနေ အတော်လေး ပျောက်ကွယ်နေခဲ့သလို ဗာတီကန်ကနေ မခွာသလောက်နီးပါး နေထိုင်ခဲ့ပါတယ်။ ပုပ်ဘင်နဒစ်ဟာ လူကြီးရောဂါကြောင့် ကျန်းမာရေး ယိုယွင်း ကျဆင်းလာရာက ဗာတီကန်မှာရှိတဲ့ မက်တာ အက္ကလီဆိုင် ဘုန်းကြီးကျောင်းမှာ အနိစ္စ ရောက်ခဲ့တာပါ။

ပုပ်ရဟန်းမင်းကြီးဟောင်း ကွယ်လွန်မှု သတင်းကို ကြားသိရတဲ့နောက် သူ့ရဲ့ အရိုက်အရာကို ဆက်ခံခဲ့တဲ့ လက်ရှိ ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်နဲ့ ကမ္ဘာ့နိုင်ငံ အသီးသီးရဲ့ ခေါင်းဆောင်တွေ၊ ထင်ရှားကျော်ကြားသူတွေ အပါအဝင် လူသန်းပေါင်းများစွာက သူတို့ရဲ့ ဝမ်းနည်း ကြေကွဲမှုတွေကို အသီးသီး ထုတ်ဖော် ပြသခဲ့ကြပါတယ်။

ပုပ်ဖရန်ဆစ်က ပုပ်ဘန်နဒစ်ဟာ ရိုမန်ကက်သလစ် ခရစ်ယာန် ကျောင်းတော်အတွက် ဘုရားသခင် ချီးမြှင့်ခဲ့တဲ့ လက်ဆောင်တစ်ခုဖြစ်ပြီး မွန်မြတ်သိမ်မွေ့သူ တစ်ဦးလို့ အမှတ်တရ ညွှန်းဆိုခဲ့ပါတယ်။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်၊ ဗြိတိန် ဘုရင် ချားလ်စ်နဲ့ ဝန်ကြီးချုပ် ရီရှီဆူနက်ခ်၊ ပြင်သစ် ဝန်ကြီးချုပ် အီမန်နျူရယ်လ် မာခရွန်တို့ အပါအဝင် နိုင်ငံအများအပြားရဲ့ ခေါင်းဆောင်တွေကလည်း ပုပ်ဘင်နဒစ်ရဲ့ ဂုဏ်ကျေးဇူးကို ချီးကျူးပြီး အမှတ်တရ ဂုဏ်ပြုခဲ့ကြပါတယ်။

ပုပ်ဘင်နဒစ်ဟာ ကျန်းမာရေး မကောင်းတဲ့အတွက် ၂၀၁၃ ခုနှစ်မှာ ပုပ်ရဟန်းမင်း အဖြစ်ကနေ နုတ်ထွက်ခဲ့တာပါ။ ဒါဟာ နှစ်ပေါင်း ၆၀၀ အတွင်း ပုပ်ရဟန်းမင်းတစ်ဦး ကွယ်လွန်လို့ မဟုတ်ဘဲ ရာထူးစွန့်တဲ့ ပထမဆုံးအကြိမ် အနေနဲ့ မှတ်တမ်းဝင်ခဲ့ပါတယ်။

You May Also Like

နိုင်ငံတကာ

ပီလီဟာ နိုဝင်ဘာ လကုန်ပိုင်းက အသက်ရှူလမ်းကြောင်း ပိုးဝင်တဲ့ ဝေဒနာကြောင့် ဆာအိုပေါ်လိုမြို့က ဆေးရုံတစ်ခုကို တက်ရောက်ခဲ့ရပါတယ်။ နောက်တော့ သူအရင်က ဖြစ်ဖူးတဲ့ အူမကြီး ကင်ဆာရဲ့ ရှုပ်ထွေးတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကိုပါ ခံစားလာရပါတယ်။

သတင်း

ဦးမြင့်ကြည်သည် အသက်(၇၇)နှစ်အရွယ်ရှိပြီး စစ်ကိုင်းတိုင်းရှိ ၎င်း၏ နေအိမ်၌ ကွယ်လွန်​ခဲ့ခြင်းဟု ဒီချုပ်ပါတီဝင်တစ်ဦးက ပြောသည်။

နိုင်ငံတကာ

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ ဂီယန်နီ အင်ဖာတီနိုကလည်း ဝှားလ်ကွယ်လွန်သွားတာဟာ ဘောလုံးကို ချစ်မြတ်နိုးသူ အားလုံးအတွက် ဆုံးရှုံးမှုကြီး တစ်ခုဖြစ်ကြောင်း ပြောကြားသွားပါတယ်။

သတင်း

ယနေ့(ဒီဇင်ဘာ ၃ရက်) နေ့စွဲဖြင့်ပေးပို့သည့်သဝဏ်လွှာသည် လက်ရှိတရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိထံသို့ လိပ်မူပေးပို့ ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။