Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အာဏာရှင်တိုက်ဖျက်ရေးအဆုံးထိပါဝင်မည်ဟု BGF ဖွဲ့စည်းထားသည့် ကရင်နီ ကလလတအဖွဲ့က KA၊KNDF တို့နှင့်အတူ ပူးတွဲကြေညာ

လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ အနေဖြင့် ပြည်သူများနှင့်အတူ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးကို အတူတကွ အဆုံးထိ ဆက်လက်ပါဝင် သွားကြမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်သည်ဟု KA၊ KNDFနှင့် KNPLF တို့က ပူးတွဲသဘောထား ထုတ်ပြန်ခဲ့သည်။

စစ်အာဏာရှင်တိုက်ဖျက်ရေးအဆုံးထိပါဝင်မည်ဟု BGF ဖွဲ့စည်းထားသည့် ကရင်နီ ကလလတအဖွဲ့က KA၊KNDF တို့နှင့်အတူ ပူးတွဲကြေညာ
စစ်အာဏာရှင်တိုက်ဖျက်ရေးအဆုံးထိပါဝင်မည်ဟု BGF ဖွဲ့စည်းထားသည့် ကရင်နီ ကလလတအဖွဲ့က KA၊KNDF တို့နှင့်အတူ ပူးတွဲကြေညာ

စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ဖွဲ့စည်းထားသည့် ကရင်နီပြည်လူမျိုး ပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF)က စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးတွင် အဆုံးထိ ပါဝင် သွားမည်ဖြစ်ကြောင်း ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)တို့နှင့်အတူ ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့သည်။

ကလလတ ဟု ခေါ်ဆိုသည့် KNPLFတွင် စစ်ကောင်စီ လက်အောက်ခံနယ်ခြားစောင့်တပ်(BGF)အဖြစ် ဆက်လက်သွားလိုသည့် ခေါင်းဆောင်အချို့ရှိနေသကဲ့သို့ စစ်အာဏာရှင် တော်လှန်ရေး ဆောင်ရွက်နေသည့် ခေါင်းဆောင်အချို့ရှိနေသည်ဟု ကရင်နီ သတင်းရင်းမြစ်က ပြောသည်။

“ကြားတဲ့သတင်းအရတော့ ဗိုလ်မှူးထွန်းကျော်ရဲ့အောက်မှာ ဗိုလ်မှူးထွန်းရွှေဆိုတာ တစ်ယောက်ရှိသေးတယ်။ သူကတော့ တစ်ဖွဲ့လိုဖြစ်သွားတာပေါ့။ သူကတော့ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ဟိုး ဒီးမော့ဆို ဒေါငံခါးတို့ဘက်မှာ စဖြစ်ကတည်းက ပါနေတာပေါ့။ လူငယ်တွေပေါ့။လူငယ် တွေကလည်း KNDF ထဲမှာ ရောက်နေတယ်။ နဂိုရ်ကသာအဖွဲ့က ကလလတထဲ ရှိတယ်ဆိုပေမယ့် သူတို့ စိတ်ဓာတ်တွေက စစ်အာဏာရှင် တော်လှန်ရေးနဲ့ KNDF ထဲမှာ နဂိုရ်ကတည်းက အများကြီးရှိနေတာ။လူကြီးပိုင်းကသာ အဖွဲ့နာမည်ခံနေပေမယ့် လူငယ်ပိုင်းက PDF တွေထဲမှာ အများကြီး” ဟု ကရင်နီ သတင်းရင်းမြစ်က ပြောသည်။

ယခု ပူးတွဲထုတ်ပြန်ကြေညာချက်မှာ ဒီဇင်ဘာအတွင်းက ဘောလခဲမြို့နယ် ရွာသစ်မြို့နယ်ခွဲ ဟွေအောကျေးရွာအနီး၌ပစ်ခတ်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ KNPLF၊ KAနှင့် KNDF အကြား အဖြစ်မှန် ပေါ်ပေါက်ရေး ကော်မတီဖွဲ့ ဆောင်ရွက်ခဲ့ခြင်းအပေါ် လူထုအား အသိပေးရှင်းပြခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကြေညာချက်၌ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး ဆက်လက် ဆောင်ရွက်မည့် အခြေအနေကို ဖော်ပြခဲ့ခြင်းဖြစ်သည်။ ဟွေအောရွာဖြစ်စဉ်တွင် KNDF/KA ၏ တိုက်ခိုက်မှုကြောင့် KNPLF ရဲဘော်များ သေဆုံးထိခိုက်ရှိခဲ့သည်။

ပစ်ခတ်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့အစည်းများမှ အမြင့်ဆုံးအာဏာရှိထိပ်တန်းအဆင့် ခေါင်းဆောင်များ၏ ညွန်ကြားချက်အရ သတင်းအချက်အလက် အမှန်အကန်ရရှိရေး၊ စိစစ်မှတ်တမ်း ရယူခြင်းနှင့် အဖြစ်မှန်ပေါ်ပေါက်ရေးတို့အတွက် အဖြစ်မှန် ပေါ်ပေါက်ရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီး လုပ်ငန်းဆောင်ရွက်ခဲ့ရာတွင် တစ်လကျော်အတွင်း အခက်အခဲများကြားမှ ပြီးစီးအောင်မြင်စွာ ဆောင်ရွက်ခဲ့ကြောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီး၏ ထိပ်သီးခေါင်းဆောင်များထံ အစီရင်ခံ ပေးပို့ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ယခုဖြစ်စဉ်ကြောင့် ညီညွတ်ရေးကိုမထိခိုက်စေဘဲ ဆက်လက်ထိန်းသိမ်းထားနိုင်ရေး၊ စစ်အာဏာရှင်တော်လှန်ရေး အရှိန်မြင့်တင်နိုင်ရေးနှင့် ပြည်သူလူထု၏ ထောက်ခံယိုင်းပင်းမှု မကျဆင်းစေရေးတို့အတွက် ဖြစ်စဉ်တွင် ပါဝင် ပတ်သက်သည့် တပ်ဖွဲ့ဝင်များအား သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ ချမှတ်ထားသည့် စစ်စည်းမျဥ်းဥပဒေပြဌာန်းချက်နှင့်အညီ အပြစ်ပေး အရေးယူမှုများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်သွားမည် ဟုလည်း အသိပေးခဲ့သည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် စိုးရိမ်မှုများမဖြစ်ကြရန်၊ ကောလဟလများကိုမယုံကြရန်၊ သွေးခွဲသပ်လျိုမှုများကို တော်လှန်ရေး အသိဖြင့် အထူးသတိထားကြရန်၊ ပြည်သူတစ်ရပ်လုံးအနေဖြင့် တော်လှန်ရေးကို ဆက်လက်ထောက်ခံအားပေးကူညီကြပါရန် ဖော်ပြထားသည်။

ထို့ပြင် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ အနေဖြင့် ပြည်သူများနှင့်အတူ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးကို အတူတကွ အဆုံးထိ ဆက်လက်ပါဝင် သွားကြမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်သည်ဟု KA၊ KNDFနှင့် KNPLF တို့က ပူးတွဲသဘောထား ထုတ်ပြန်ခဲ့သည်။

You May Also Like

သတင်း

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဖက်မှ တိုက်လေယာဥ်(၁)စီးဖြင့် (၃)ကြိမ် တိုင်တိုင် လာရောက်ပစ်ကူပေးခဲ့ကာ ဘောလခဲမြို့အခြေစိုက်တပ်များဖက်မှလည်း လက်နက်ကြီးများအဆမတန် အသုံးပြုကာ ပစ်ကူပေးခဲ့ပြီး အဆိုပါစခန်းကုန်းအား ကရင်နီပူပေါင်းတပ်များ မှ မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။

သတင်း

စစ်ကောင်စီစစ်ကြောင်းများသည် ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းကစ၍ (၆)မိုင် ဘုရားကျောင်းနှင့် လမ်းမကြီးတစ်ကျောရှိ နေရာသုံးခုထက်မနည်းတွင် ဝင်ရောက်တပ်စွဲခဲ့သည် ဟု ဆိုသည်။

သတင်း

စုစည်းညီညွတ်မှုအား ၊စုစည်းညီညွတ်စွာဖြင့် ဟန်ချက်ညီ လုပ်နိုင်မှသာ စစ်အာဏာရှင်ကို အမြစ်ဖြုတ်နိုင်မည်ဖြစ်​သော​ကြောင့် နှစ်သစ်ကူး​နေ့မှစ၍ ယခင်ထက်အင်တိုက်အားတိုက်ကြိုးပမ်းလုပ်​ဆောင်သွားကြရန်လည်း ညီ​နောင်မဟာမိတ်သုံးဖွဲ့ကတိုက်တွန်းသည်။

သတင်း

AAက ထိုသို့ စစ်ကောင်စီနှင့် အပစ်ရပ်ခဲ့သော်လည်း AA အပေါ် သံသယမရှိကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ခေါင်းဆောင် ဗိုလ်ချုပ်ဂွန်မော်က မကြာသေးမီက ထုတ်ဖော်ပြောဆိုခဲ့ပြီး တချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အားလုံး တိုက်ပွဲတွင် ပါလာမည်ဟု ပြောဆိုခဲ့သည်။