Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရမှု ထပ်မဖြစ်စေရန် ခုခံကာကွယ်သွားမည်ဟု စစ်ကောင်စီအောက် BGF ဖွဲ့စည်းထားသည့် ကလလတ ထုတ်ပြန်

KAနှင့် KNDF တို့အား ကြိုတင်အသိပေးအကြောင်းကြားခဲ့သော်လည်း KA/KNDF တို့က တိုက်ခိုက်ခဲ့မှုကြောင့် ကလလတ တပ်ဖွဲ့ဝင် ၆ဦးနှင့် ပြည်သူ ၂ဦး ကျဆုံးခဲ့ပြီး ရဲဘော် ၃ဦး ဒဏ်ရာဖြင့် ဖမ်းဆီးခံရကာ ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သည်ဟု ကလလတက ထုတ်ပြန်ခဲ့သည်။

တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရမှု ထပ်မဖြစ်စေရန် ခုခံကာကွယ်သွားမည်ဟု စစ်ကောင်စီအောက် BGF ဖွဲ့စည်းထားသည့် ကလလတ ထုတ်ပြန်
တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရမှု ထပ်မဖြစ်စေရန် ခုခံကာကွယ်သွားမည်ဟု စစ်ကောင်စီအောက် BGF ဖွဲ့စည်းထားသည့် ကလလတ ထုတ်ပြန်

စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်နေသည့် ကရင်နီတပ်မတော်(KA)နှင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) တို့၏ တိုက်ခိုက် မှုကြောင့် ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့ လွတ်မြောက်ရေးတပ်ဦး(ကလလတ) တပ်ဖွဲ့ဝင်များ သေဆုံးခဲ့မှု နှင့်ပတ်သက်ပြီး ကလလတက ယမန်နေ့တွင် ကြေညာချက် ထုတ်ပြန်ရာ မိမိကိုယ်ကိုယ် ခုခံကာကွယ်သွားမည်ဟု ဖော်ပြခဲ့သည်။

ကလလတသည် စစ်ကောင်စီ လက်အောက်တွင် နယ်ခြားစောင့်တပ်ဖွဲ့စည်းမှု ပြုလုပ်ထားသည့် လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။ ယခုဒီဇင်ဘာ ၁၇ရက်တွင် ဘောလခဲမြို့နယ် ရွာသစ်မြို့နယ်ခွဲ ဟွေဟောရွာအလွန်တွင် ကလလတ တပ်ဖွဲ့ဝင်များပါသည့် ယာဉ်ကို KA တပ်ရင်း(၂)နှင့် KNDF တပ်ရင်း (၂၁) တို့က တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်အပေါ် ကလလတက ဒီဇင်ဘာ ၂၃တွင် သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့သည်။

KAနှင့် KNDF တို့အား ကြိုတင်အသိပေးအကြောင်းကြားခဲ့သော်လည်း KA/KNDF တို့က တိုက်ခိုက်ခဲ့မှုကြောင့် ကလလတ တပ်ဖွဲ့ဝင် ၆ဦးနှင့် ပြည်သူ ၂ဦး ကျဆုံးခဲ့ပြီး ရဲဘော် ၃ဦး ဒဏ်ရာဖြင့် ဖမ်းဆီးခံရကာ ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သည်ဟု ကလလတက ထုတ်ပြန်ခဲ့သည်။

ကလလတအနေဖြင့် စတင်တည်ထောင်ချိန်မှ နွေဦးတော်လှန်ရေးအထိ ပြည်နယ်အတွင်းရှိ လက်နက်ကိုင် အဖွဲ့ အားလုံး စည်းလုံးညီညွတ်ရေး ၊ ကရင်နီပြည်နယ်အတွင်းရှိ လူထုများ မထိခိုက်စေရေး ကြိုးစားရပ်တည်ခဲ့ကြောင်း၊ ယင်းသို့ ကြိုးစားခဲ့သော်လည်း ၎င်းတို့ ရဲဘော်များ တိုက်ခိုက်ခံခဲ့ရကြောင်း၊ ညီညွတ်ရေးအတွက် သည်းခံခဲ့မှုတိုင်းသည် အဖွဲ့အစည်းအတွက် ဆုံးရှုံးမှုများ ရှိခဲ့သည်သာ ဖြစ်ကြောင်း ထုတ်ပြန်ကာ ခုခံကာကွယ် သွားမည်ဟု အသိပေးခဲ့သည်။

အဆိုပါ ကလလတ တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရမှု နှင့်ပတ်သက်ပြီး KNDF အဖွဲ့တွင်း စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ရန် KNDF ဥက္ကဋ္ဌက ညွှန်ကြားထားသည်။ ဖြစ်စဉ်နှင့်ပတ်သက်ပြီး KNDF တပ်ရင်း (၂၁)သို့ ဆက်သွယ်ရာ အဆက်အသွယ်မရသေးပေ။ KA နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) တို့အား ဆက်သွယ်ရာတွင်လည်း အဆက်အသွယ်မရသေးပေ။

ကရင်နီဒေသခံတစ်ဦးကမူ ကလလတက စစ်ကောင်စီတပ်နှင့် တူညီသည့် ယူနီဖောင်းဝတ် ခရီးသွားလာ၍ မှားယွင်း တိုက်ခိုက်ခံရသည်ဟု သိရကြောင်း ပြောသည်။

“ကြားတာကတော့ သူ့နယ်နဲ့ သူပေါ့ KNPP လည်း KNPP ရဲ့နယ်မြေ သူတို့ သတ်မှတ်ချက်တွေရှိတယ်။ အဲဒီထဲမှာကို ဒီ ကလလတက နယ်ခြားစောင့်တပ်ဆိုတော့ စစ်ယူနီဖောင်းနဲ့တူတယ် လေ။ ဘက်တံဆိပ်လောက်ပဲ ကွာတယ်ဆိုတော့ အဲဒီမှာ မှားပြီး ဖြစ်ကြတယ်လို့ ပြောတယ်။ ဖြေတော့ ဖြေရှင်းပြီးပြီလို့ ပြောတယ်။ အခုလိုစာထုတ်တယ်ဆိုတာကလည်း သူတို့နယ်မြေထဲ လာရင်တော့လည်း ဒီ KNPP(KA) ကို ပစ်ခတ်မယ်ဆိုတဲ့ သဘောပြောတာပဲထင်တယ်။ အမှန်တော့ သူတို့က အရင်နယ်ကျော်ပြီးတော့ သူတို့က နယ်ခြားစောင့်တပ် ဖြစ်တဲ့အတွက် ယူနီဖောင်းက တပ်နဲ့တူနေတာလေ” ဟု ကရင်နီဒေသခံက ပြောသည်။

ကလလတ၏ စာတွင် ခရီးစဉ်အတွက် ကြိုတင်အကြောင်းသည်ဟု ဖော်ပြထားသော်လည်း ဒေသခံကမူ ကြိုတင်အကြောင်းကြားမှုမရှိဟု ကြားသိရကြောင်း ပြောသည်။

“သူတို့က ဒီနယ်မြေကို လာမယ်ဆိုတာ ဘာမှ ကြိုတင်သတင်းပို့တာမရှိဘူးလို့ ကြားတယ်။အမှန်မှာက တကယ်လို့ သွားလာဖို့ ကိစ္စရှိခဲ့မယ်ဆိုရင် လက်ရှိက KNPPနဲ့ ကလလတနဲ့ ဘာမှ ပြဿနာမရှိတော့ သတင်းပို့ရင်သွားလာခွင့်ပေးတယ်ပြောတယ်။ သူတို့ သတင်းမပို့တဲ့အတွက် တပ်လို့ ထင်လိုက်ပြီးတော့ ပစ်လိုက်တယ်လို့ အဲဒီလိုကြားတယ်” ဟု ကရင်နီဒေသခံကပြောသည်။

အဆိုပါ ပစ်ခတ်မှု နှင့်ပတ်သက်ပြီး အောက်ခြေ၌ ရှင်းလင်းပြီးပြီဟု ကြားသိရသော်လည်း အသေးစိတ် အခြေအနေကို မသိရဟု ၎င်းကဆိုသည်။

“ အခုအခြေအနေက ကယန်းပြည်သစ်ရော၊ ကလလတ ရောက ခေါင်းဆောင်ပိုင်းကသာ ဟိုလိုလို ဒီလိုလို နဲ့ ကြားနေတယ်ပေါ့လေ။ သူတို့ လူငယ်တွေကတော့ KNDF တို့ KA တို့ဘက်ပေါ့လေ စကစကို တွန်းလှန်ဖို့ ဘက်မှာ ပိုအားသန်နေကြတယ်ကြားတယ်။ ကျေးရွာတွေက အစ ပျက်စီးတာကိုး။ အဲဒါကြောင့် အကြီးပိုင်းကသာ အခွင့်ခံစားရတာ အငယ်တွေက သိတဲ့အတိုင်းပဲလေ အငယ်တွေက တော်လှန်ရေးကို ပိုစိတ်ဝင်စားတယ်။ အဲဒါကြောင့် အောက်ခြေပိုင်းက နောက်ပိုင်းတော့ သတင်းပို့ပြီးနားလည်မှုယူသွားကြမယ်ထင်ပါတယ်။ဒါပေမယ့် နှစ်ဖက်လုံးကတော့ နဂိုရ်ထက်စာရင် ပိုသတိထားပြီးနေကြမယ်ထင်တယ်” ဟု ကရင်နီဒေသခံက ပြောသည်။

ကလလတ အောက်ခြေတပ်ဖွဲ့ဝင်များအနေဖြင့် ပြီးခဲ့သည့် တစ်နှစ် ခရစ္စမတ်ကာလက ဖရူဆိုမြို့နယ် မိုဆိုရွာ၌ စစ်ကောင်စီတပ်က ဒေသခံများကို ဖမ်းဆီးထားစဉ် ပြန်လွှတ်ပေးရန် သွားရောက်တောင်းဆိုရာ စစ်ကောင်စီတပ်က ၎င်းတို့ လက်အောက်ခံ BGF တပ်ဖွဲ့ဝင်များ ဖြစ်သော်လည်း ကလလတ ရဲဘော်များကို သတ်ဖြတ်ခဲ့သည်။ အရပ်သားပြည်သူ ၃၀ကျော်ကိုလည်း အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ကလလတက သဘောထား ထုတ်ပြန်ရာတွင် ၎င်းတို့ တပ်ဖွဲ့ဝင်များ သတ်ဖြတ်ခံရမှုကို ကန့်ကွက်ကြောင်းသာ ဖော်ပြခဲ့ပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မည်ဟု ရေးသားဖော်ပြခြင်းမရှိခဲ့ပေ။

You May Also Like

သတင်း

ယမန်နေ့ (ဒီဇင်ဘာ၂၃ ရက်)ညနေ ၄ နာရီခန့်က စစ်ကိုင်းမြို့နယ်၊ ညောင်ပင်လှကျေးရွာ ဇရပ်အနီးတွင် စစ်ကိုင်းတပ်မ (၃၃)သည် မြင်းမူမြို့ဘက်ကို မောင်းနှင်လာသည့် စစ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်။

သတင်း

မိုဆိုဖြစ်စဥ်အား ကရင်နီတစ်မျိုးသားလုံး ဝမ်း နည်းဖွယ်ရာ သမိုင်းဖြစ်စဥ်အဖြစ် မှတ်တမ်းတင် ထားသည်ဟု အသိပေးသည်။

သတင်း

စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးငယ် များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိကြောင်း ဒေါင်းကာရံက ပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၁၉ ရက်မှ ၂၂ ရက်အထိ တန့်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာ ၆ ရွာက နေအိမ် ၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားခဲ့သည်။