Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့(ဇန်နဝါရီ ၂၉ရက်)ညနေခင်းသတင်းတွေကိုPeople’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎ခုခံတွန်းလှန်စိတ်မလျော့ကြောင်းကို အသံတိတ်သပိတ်နဲ့ သက်သေပြကြဖို့ မန္တလေး PDF တိုက်တွန်း

စစ်အာဏာသိမ်းမှု (၂)နှစ်ပြည့် ဖေဖော်ဝါရီ ၁ ရက်မှာ ပြုလုပ်မယ့် အသံတိတ်သပိတ်မှာ ပြည်သူအားလုံး ပူးပေါင်းပါဝင်ကြဖို့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်က တိုက်တွန်းလိုက်ပါတယ်။ အသံတိတ်သပိတ်မှာ လူတန်းစားအလွှာအသီးသီးရှိ ပြည်သူတစ်ရပ်လုံးမှ အင်တိုက် အားတိုက် ပူးပေါင်းပါဝင်ကြဖို့ ရှေ့တန်းရောက် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် ရဲမေတစ်ဦးက ပြောပါတယ်။ ပြည်သူတွေရဲ့ ခုခံတွန်းလှန်စိတ် လျော့ကျမသွားဘူးဆိုတာကို ဆက်လက်ပြသဖို့အတွက် အသံတိတ်သပိတ်မှာပြည်သူအားလုံး ပါဝင်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်လို့ အဲဒီ မန္တလေး PDF ရဲမေက ဆိုပါတယ်။ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်ကို ဖေဖော်ဝါရီ ၁ရက် မနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ ပြုလုပ်သွားမှာပါ။

အသံတိတ်သပိတ်မှာ ပူးပေါင်းပါဝင်ကြဖို့ မန္တလေးတော်လှန်ရေးအင်အားစုတွေတိုက်တွန်း
အသံတိတ်သပိတ်မှာ ပူးပေါင်းပါဝင်ကြဖို့ မန္တလေးတော်လှန်ရေးအင်အားစုတွေတိုက်တွန်း

▪︎စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ခိုင်မာစွာ ဆန့်ကျင်ကန့်ကွက်မယ်လို့ NLD ကြေညာ

စစ်ကောင်စီကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ခိုင်မာစွာဆန့်ကျင်ကန့်ကွက်နေမှာဖြစ်ပြီး စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်မယ့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကိုလည်း နိုင်ငံတော်ပုန်ကန်မှုကျူးလွန်ရာမှာ အားပေးကူညီသူများအဖြစ်သတ်မှတ်မယ်လို့ ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။ တည်ဆဲဥပဒေများကိုချိုးဖောက်ပြီး နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ထားတဲ့ စစ်ကောင်စီရဲ့ ဆောင်ရွက်မှုမှန်သမျှဟာ တရားဝင်မှုမရှိဘူးလို့လည်း NLD က ဆိုပါတယ်။ NLD ဟာ တိုင်းရင်းသားပြည်သူလူထုရဲ့ ရည်မှန်းချက်များ ပြည့်ဝစေဖို့ တစိုက်မတ်မတ်ဆောင်ရွက်နေကြောင်းနဲ့ ရည်ရွယ်ချက်တူ အင်အားစုများအားလုံးနဲ့ လက်တွဲဆောင်ရွက်သွားမှာဖြစ်ပြီး အနာဂတ်နိုင်ငံတော်သစ်ကိုလည်း အတူတကွ ပူးပေါင်းအကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်ဖို့ သံန္နိဋ္ဌာန်ချထားပြီးဖြစ်တယ်လို့ NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ပါတယ်။ အာဆီယံအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့လည်း မြန်မာပြည်သူတွေရဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးလမ်းစဉ်နဲ့ စစ်ကောင်စီက ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာဥပဒေတွေနဲ့အညီ ဖော်ထုတ်အရေးယူနိုင်မယ့် လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ရေးတို့အတွက် အခုထက်ပိုမိုထိရောက်စွာ ကူညီပေးကြဖို့ မေတ္တာရပ်ခံတိုက်တွန်းထားပါတယ်။

(NLD ပါတီအလံလွှင့်ထူ​နေ​သောပါတီ​ထောက်ခံသူတစ်ဦးကို ၂၀၂၀ ​ရွေး​ကောက်ပွဲကြိုကာလတွင်​တွေ့ရစဥ်။ ဓါတ်ပုံ-ရိုက်တာ)
(NLD ပါတီအလံလွှင့်ထူ​နေ​သောပါတီ​ထောက်ခံသူတစ်ဦးကို ၂၀၂၀ ​ရွေး​ကောက်ပွဲကြိုကာလတွင်​တွေ့ရစဥ်။ ဓါတ်ပုံ-ရိုက်တာ)

▪︎စစ်ကောင်စီရဟတ်ယာဉ်ဆင်းသက်စဥ် ချင်းတပ်ဖွဲ့ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်

ချင်းပြည်နယ် ထန်တလန်မြို့နယ်ရှိ စစ်ကောင်စီရှေ့တန်း စခန်းတခုသို့ ရဟတ်ယာဉ်နဲ့ လက်နက်ခဲယမ်းရိက္ခာ၊ လူအင်အား ဖြည့်တင်းဖို့ လာရောက်စဉ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။ ဒီနေ့ နေ့ခင်းက ထန်တလန်နဲ့ သီးမြစ်ကြားရှိ ထန်တလန်နဲ့နီးတဲ့ တောင်ကုန်းတစ်ခုသို့ ထောက်ပို့ ရဟတ်ယာဉ် တစ်စီး၊ တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးနဲ့ လာရောက်ရာ ထောက်ပို့ ရဟတ်ယာဉ် မြေပြင်သို့ ဆင်းသက်စဉ် ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ဗုံးသီး ချပြီး မီးခိုးနဲ့အတူ ရဟတ်ယာဥ်ပြန်တက်သွားခဲ့ပြီး အနည်းနဲ့အများ ထိခိုက်မှုရှိတာ တွေ့ရတယ်လို့ ဆလိုင်းထက်နီက ရှင်းပြပါတယ်။ အခင်းဖြစ်ပွားရာနေရာများကို စစ်ကောင်စီက တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

▪︎KRU ရဲ့ အထူးစစ်ရေးဗျူဟာနဲ့ အရည်အသွေးမြင့်စွမ်းဆောင်ရည် သင်တန်းဆင်း

အထူးစစ်ရေးဗျူဟာနဲ့ အရည်အသွေးမြင့်စွမ်းဆောင်ရည် သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU)က ဒီနေ့ ထုတ်ပြန်ပါတယ်။ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU)ရဲ့ အပတ်စဉ် (D) အထူးမွမ်းမံသင်တန်းကို ဇန်နဝါရီ ၂၃ ရက်က သင်တန်းဆင်းခဲ့တာလို့ ဖော်ပြပါတယ်။ အပတ်စဉ် (D) မွမ်းမံသင်တန်းရဲ့ ရည်ရွယ်ချက်မှာ ရဲဘော် များ စွမ်းဆောင်ရည်ပိုမိုမြင့်မားစေဖို့၊ စစ်ဗျုဟာ ကျကျတိုက်ပွဲဝင်ဖို့နဲ့ စည်းလုံးညီညွတ်မူရှိစေဖို့ ‌ရည်ရွယ် ပြုလုပ်ခဲ့တာလို့ KRUက ဆိုပါတယ်။ အရင်က မွမ်းမံသင်တန်းမျိုးပြုလုပ်ခဲ့တာရှိပေမယ့် အခုအခြေအနေအရ စစ်ရေးဗျူဟာက ပိုအရေးကြီးလာလို့လည်း သေသေချာချာပြင်ဆင်နေတယ်လို့ KRUတာဝန်ရှိသူက ပြောပါတယ်။

KRU ၏ အပတ်စဉ် (D)အထူးမွမ်းမံသင်တန်းမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - KRU
KRU ၏ အပတ်စဉ် (D)အထူးမွမ်းမံသင်တန်းမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ – KRU

▪︎တောင်ကိုရီးယားမှာ စစ်အာဏာသိမ်းမှု (၂)နှစ်ပြည့် ချီတက်ဆန္ဒပြ၊ အမေရိကန်မှာလည်း သံပုံးတီးဆန္ဒပြ

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ပြည်ပရောက်မြန်မာများ စုပေါင်းကာ စစ်တပ် အာဏာသိမ်းမှု (၂)နှစ်ပြည့် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲကို ဆိုးလ်မြို့ရှိ စစ်သံရုံးနဲ့ မြန်မာသံရုံးရှေ့တို့မှာ ပြုလုပ်ခဲ့ပြီး တောင်ကိုရီးယားနိုင်ငံရောက် မြန်မာများ ရာနှင့်ချီ ပူးပေါင်းပါဝင်ခဲ့ကာ “စစ်ခွေးနိဂုံး ၂၀၂၃” စာတန်းများကို ကိုင်ဆောင် ချီတက်ဆန္ဒပြခဲ့ပါတယ်။ အမေရိကန်နိုင်ငံ နယူးယောက်မြို့တော်ရဲ့ အထင်ကရ နေရာတစ်ခုဖြစ်တဲ့ Time Square မှာလည်း မနေ့က ပြည်ပရောက်မြန်မာများတွေက မြန်မာ့နွေဦးတော်လှန်ရေး(၂)နှစ်ပြည့်အကြိုအဖြစ် သံပုံးတီး ဆန္ဒပြခဲ့ကြပါတယ်။

▪︎စစ်ကောင်စီတပ်သတင်းပေးလုပ်နေတဲ့ ဗိုလ်ကြီးဟောင်းတစ်ဦးနဲ့ဇနီးဖြစ်သူ ပစ်ခတ်ရှင်းလင်းခံရ

မန္တလေးတိုင်း မြင်းခြံမြို့နယ်မှာ စစ်ကောင်စီသတင်းပေးလုပ်နေတဲ့ ဗိုလ်ကြီးဟောင်းနဲ့ ၎င်း​ရဲ့ ဇနီးဖြစ်သူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ လူကြမ်းကြီးအထူးပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၂၆ ရက် မနက်ပိုင်းက မြင်းခြံမြို့နယ်၊ ပျော်ဘွယ်စံပြကျေးရွာရှိ ရတနာထွန်း သစ်ဝါး အိမ်ဆောက်ပစ္စည်းဆိုင်ပိုင်ရှင် သတင်းပေး လင်မယားနှစ်ဦးကို ကျည်ဆံ ငါးတောင့်နဲ့ သုတ်သင်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။ ဗိုလ်ကြီးဟောင်းလင်မယားဟာ စစ်တပ်အတွင်း အဝင်အထွက်ရှိပြီး ၎င်းတို့ထံမှ စာရွက်စာတမ်းမှအပ အခြားပစ္စည်းများလုံးဝမယူခဲ့ဘူးလို့ လူကြမ်းကြီးအထူးပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

▪︎စစ်ကောင်စီတပ် အကြောင်းမဲ့သတ်ဖြတ်ခဲ့သူ ၃,၃၀၀ ကျော်ရှိပြီး NLD ပါတီဝင် ၈၀ ကျော်ပါဝင်

စစ်ကောင်စီတပ်က ဥပဒေမဲ့ မတရားဖမ်းဆီးထိမ်းသိမ်းခြင်း၊ သတ်ဖြတ်ခြင်းများလုပ်ဆောင်ခဲ့ရာ စစ်ကော်စီတပ် ဖမ်းဆီးထားစဉ်အတွင်းနဲ့ အကြောင်းမဲ့ သတ်ဖြတ်ခံရသူ ၃,၃၀၀ ကျော်ရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ပါတယ်။ စစ်ဖက်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူတွေရဲ့ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ကန့်ကွက်ခဲ့မှုတွေကို အာဏာလုစစ်ကောင်စီဟာ အကြမ်းဖက်ပစ်ခတ်ဖြိုခွဲခြင်း၊ ပါဝင်သူများကိုဖမ်းဆီးခြင်း၊ စစ်ကြောရေးစခန်းတွေမှာ နှိပ်စက်သတ်ဖြတ်ခြင်း၊ ကျေးရွာများ၊ လူနေအိမ်များနဲ့ လူသားများကိုပါ မီးရှို့ဖျက်ဆီး သတ်ဖြတ်ခြင်း၊ ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုများကို လုယက် ယူဆောင်ခြင်း စတာတွေ ကျူးလွန်ခဲ့ပါတယ်။ စစ်ကောင်စီတပ် ဖမ်းဆီးထားစဉ်အတွင်းနဲ့ အကြောင်းမဲ့ သတ်ဖြတ်ခံရသူ ၃,၃၄၆ ဦးရှိရာတွင် လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးပါဝင်ခဲ့ပြီး ပါတီဝင် ၈၄ ဦး ပါဝင်ခဲ့တယ်လို့ NLD က ထုတ်ပြန်ပါတယ်။

▪︎ရှင်မတောင် တောင်ပေါ်မှ ဆင်းလာတဲ့ စစ်အုပ်စု ကြားဖြတ်တိုက်ခိုက်ခံရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ရှင်မတောင် တောင်ပေါ်မှ ထော်လာဂျီနဲ့ဆင်းလာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးနေရာမှာပဲ သေဆုံးကြောင်း ရေစကြို(ပကဖ)အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ မနေ့ မနက်ပိုင်းက ရှင်မတောင်တောင်ပေါ်မှ ထော်လာဂျီနဲ့ဆင်းလာတဲ့ အင်အား ၆၀ ခန့်ပါ စစ်ကောင်စီတပ်ကို ထန်းတိုကျေးရွာနဲ့ဘောင်ဘဲ့တန်းကျေးရွာကြားမှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ရေစကြို(ပကဖ)အဖွဲ့က အသိပေးပါတယ်။

You May Also Like