Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အမေရိကန်ရဲ့ ပိတ်ဆို့မှုကနေ ကင်းလွတ်ခွင့်ရပြီး ဂျပန် ကုမ္ပဏီ တစ်ခုက စစ်ကောင်စီပိုင် လုပ်ငန်းဆီ ငွေကြေးလွှဲပြောင်း

မြန်မာနိုင်ငံရဲ့ စီးပွားရေး မြို့တော်ဖြစ်တဲ့ ရန်ကုန်မှာ ဂျပန် အစိုးရ ငွေကြေးထောက်ပံ့တဲ့ တံတားတည်ဆောက်မှု ပရောဂျက် တစ်ခုအတွက် အဲဒီလို ငွေကြေး လွှဲပြောင်း ပေးချေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်ရဲ့ ပိတ်ဆို့မှုကနေ ကင်းလွတ်ခွင့်ရပြီး ဂျပန် ကုမ္ပဏီ တစ်ခုက စစ်ကောင်စီပိုင် လုပ်ငန်းဆီ ငွေကြေးလွှဲပြောင်း
အမေရိကန်ရဲ့ ပိတ်ဆို့မှုကနေ ကင်းလွတ်ခွင့်ရပြီး ဂျပန် ကုမ္ပဏီ တစ်ခုက စစ်ကောင်စီပိုင် လုပ်ငန်းဆီ ငွေကြေးလွှဲပြောင်း

ဂျပန်ကုမ္ပဏီ တစ်ခုဟာ စစ်ကောင်စီလက်အောက်ခံ လုပ်ငန်းတစ်ခုဆီ ငွေပေးချေနိုင်ရေးအတွက် အမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့မှုကနေ လွတ်ကင်းခွင့် ရခဲ့ကြောင်း သိရပါတယ်။

အမေရိကန်ဟာ မြန်မာနိုင်ငံက အာဏာသိမ်း စစ်တပ်ရဲ့ ဝင်ငွေ ရင်းမြစ်တွေကို ဖြတ်တောက်ဖို့ ရည်ရွယ်ချက်နဲ့ အရေးယူ ပိတ်ဆို့မှုဆိုင်ရာ စည်းမျဉ်းတွေ တင်းကျပ် သတ်မှတ်ထားပေမယ့်လည်း ဂျပန် ဆောက်လုပ်ရေး ကုမ္ပဏီ Yokogawa Bridge ကော်ပိုရေးရှင်းကတော့ အဲဒီ ပိတ်ဆို့ အရေးယူမှုတွေကနေ ကင်းလွတ်ပြီး မြန်မာ စစ်ကောင်စီပိုင် လုပ်ငန်းတစ်ခုဆီ ငွေကြေး လွှဲပြောင်း ပေးချေခွင့် ရထားတယ်လို့ ဂျပန် အစိုးရ အရာရှိ တစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေး မြို့တော်ဖြစ်တဲ့ ရန်ကုန်မှာ ဂျပန် အစိုးရ ငွေကြေးထောက်ပံ့တဲ့ တံတားတည်ဆောက်မှု ပရောဂျက် တစ်ခုအတွက် အဲဒီလို ငွေကြေး လွှဲပြောင်း ပေးချေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးတော့ ဒီပရောဂျက်ကို မြန်မာနိုင်ငံမှာ စစ်တပ် အာဏာမသိမ်းခင် ကတည်းက သဘောတူညီမှု ရယူထားခဲ့တာလို့လည်း Reuters သတင်းဌာနက နာမည် ဖော်ပြမထားတဲ့ ဂျပန် အစိုးရ အရာရှိက ပြောပါတယ်။

အဲဒီ အစိုးရ အရာရှိဟာ နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ အလုပ်လုပ်နေသူ တစ်ဦးလို့လည်း Reutersက ဆိုပါတယ်။ အရေးယူ ပိတ်ဆို့မှုတွေကနေ ကင်းလွတ်ခွင့်ပြုပြီး ဂျပန် ကုမ္ပဏီ တစ်ခုက မြန်မာ စစ်ကောင်စီ လက်အောက်ခံ လုပ်ငန်းဆီ ငွေကြေး လွှဲပြောင်းပေးချေခွင့် ပြုခဲ့တယ်ဆိုတဲ့ ကိစ္စအပေါ် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနကတော့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။ ဘဏ္ဍာရေး ဝန်ကြီးဌာနဟာ အမေရိကန်ရဲ့ နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့မှု မူဝါဒတွေကို အဓိက တာဝန်ယူ ကိုင်တွယ်နေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

Reutersရဲ့ သတင်းရင်းမြစ် ဂျပန် အရာရှိကတော့ Yokogawa Bridge ကော်ပိုရေးရှင်းဟာ မြန်မာ စစ်ကောင်စီဆီကို ငွေကြေး ပေးချေရမယ့် ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် အာဏာပိုင်တွေနဲ့ တွေ့ဆုံ ညှိနှိုင်းခဲ့သေးတယ်လို့ ဆိုပါတယ်။ အဲဒီ ပရောဂျက်ကို ဂျပန် ကုမ္ပဏီက ရှေ့ဆက် လုပ်ကိုင်ခွင့် ရခဲ့တယ် ဆိုတာကလည်း အမေရိကန် အရာရှိတွေက အရေးယူ ပိတ်ဆို့မှု သတ်မှတ်ချက်တွေကနေ ကင်းလွတ်ခွင့် ပေးလိုက်တာကြောင့် ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)က Yokogawa Bridge ကော်ပိုရေးရှင်းဟာ စစ်အစိုးရ ထိန်းချုပ်ထားတဲ့ မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း (MEC)ဆီကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတုန်းက ဒေါ်လာ ၁.၃ သန်းလောက် လွှဲပေးခဲ့တယ်လို့ ပြောပါတယ်။ Yokogawa Bridge ကော်ပိုရေးရှင်းကလည်း MECကို ငွေကြေး လွှဲပြောင်းပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ ကုမ္ပဏီက ဖောက်သည် လုပ်ငန်းစုတွေနဲ့ ဆက်နွှယ်မှုကို သီးခြားစီ မှတ်ချက်ပေးမှာ မဟုတ်ဘူးလို့ တုံ့ပြန်ထားပါတယ်။ ငွေကြေး အလွှဲအပြောင်းကို အဓိက တာဝန်ယူခဲ့တယ်ဆိုတဲ့ Mizuho ဘဏ်ကလည်း ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ဘာမှတ်ချက်မှ မပေးပါဘူး။

ကွယ်လွန်သူ ဂျပန် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လက်ထက်၊ ၂၀၁၆ တုန်းက မြန်မာနိုင်ငံမှာ ၃ ကီလိုမီတာ ရှည်လျားတဲ့ တံတားသစ် စီမံကိန်းအတွက် ယန်းငွေ ၃၁ ဘီလီယံ (ဒေါ်လာ ၂၃၉ သန်းဝန်းကျင်) ချေးငွေ ထောက်ပံ့သွားမယ်လို့ ကြေညာထားခဲ့ပါတယ်။

You May Also Like

သတင်း

ထို့အပြင် မြင်းခြံမြို့နယ်အတွင်းရှိ စစ်ကောင်စီထောက်တိုင် လောင်းကစားဝိုင်းများ ဆက်လက်ပြုလုပ်ပါက ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း လူကြမ်းကြီး အထူးပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။

သတင်း

ယာယီသမ္မတက တိုင်းရင်းသား ပြည်သူလူထုများထံသို့ ယနေ့ (ဇန်နဝါရီ ၂၉ရက်)တွင် ပြောကြားသည့် သတင်းစကားကို ၎င်း၏ လူမှုကွန်ရက်မှတဆင့် ဖော်ပြခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၃လုံးနှင့် စပါးကျီ ၁၃လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ကျွန်းလှ - ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

သတင်း

Yangon Petrol အမည်ဖြင့် စက်သုံးဆီအရောင်းဆိုင်များဖွင့်လှစ်ရန်အတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက နှစ် ၆၀ ဂရန်များခွင့်ပြု​ပေးခဲ့ရာ စစ်ကောင်စီက ပယ်ဖျက်လိုက်ကြောင်းယနေ့ထုတ်ပြန်ခြင်းဖြစ်သည်။