Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထန်တလန်မြို့ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့သည့် ချင်းတပ်များကို ယာယီသမ္မတ ချီးကျူး

ပြည်သူ့ကာကွယ်ရေးအဖွဲ့များကို အမျိုးသားညီညွတ်ရေးအစိုးရ၏ Chain of Command ထဲ၌ ပိုမိုကျင်လစ်စွာ စုစည်းနိုင်ရေး အစဉ် ကြိုးစားရန်လိုအပ်ကြောင်းလည်း ယာယီသမ္မတက ပြောသည်။

ထန်တလန်ရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - CJ
ထန်တလန်ရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - CJ

▪️လက်တွေ့နိုင်ငံရေးရလဒ်ဖြင့်သာ လူထုကို စည်းရုံးရန် NUG ဝန်ကြီးများအား ထပ်လောင်းသတိပေး

စစ်ကောင်စီတပ်နှင့်ရဲများ တပ်စွဲထားသည့် ထန်တလန်ရဲစခန်းအားသိမ်းပိုက်နိုင်ခဲ့သည့် ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA) နှင့် ချင်းကာကွယ်ရေးတပ်(CDF)များကို ဦးညွှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

ယနေ့ ပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေး၌ ယာယီသမ္မတက ချင်းတပ်ဖွဲ့များ၏ အောင်ပွဲကိစ္စကို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီအတွင်း ချင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ထန်တလန်ရဲစခန်း နှင့် ထွေအုပ်ရုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၄၅ဦးထက်မနည်းသေဆုံးကာ လက်နက်မျိုးစုံ အလက် ၅၀ကျော် သိမ်းဆည်းနိုင်ခဲ့သည်။ စစ်ကောင်စီတပ်နှင့် ရဲ တပ်ဖွဲ့ဝင်များကိုလည်း အရှင်ဖမ်းဆီးနိုင်ခဲ့သည်။

“စစ်ကိုင်းတိုင်းဒေသနဲ့ ဆက်စပ်ပြီးတော့ ချင်းပြည်နယ်ရဲ့ ခုခံတော်လှန်စစ်ကလည်း မြေပြင်စိုးမိုးမှုကို ခြေကုတ်ယူနိုင်စွမ်း မြင့်မားတာကို တွေ့ရပါတယ်။ ချင်းပြည်နယ်မှာ လူထုအားကိုးအားထားရတဲ့ ချင်းအမျိုးသားတပ်ဦးနဲ့ ချင်းပြည်နယ်တွင်းက ပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေရဲ့ စွမ်းဆောင်မှုတွေကို လေးစားဦးညွှတ်လျက်ရှိကြောင်း သတင်းစကားပါးလိုပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့များကို အမျိုးသားညီညွတ်ရေးအစိုးရ၏ Chain of Command ထဲ၌ ပိုမိုကျင်လစ်စွာ စုစည်းနိုင်ရေး အစဉ် ကြိုးစားရန်လိုအပ်ကြောင်းလည်း ယာယီသမ္မတက ပြောသည်။

“ခုခံတော်လှန်စစ်မှာ အမိန့်ပေးကွပ်ကဲမှု စည်းစနစ်ကျနရေးဟာ အင်မတန် အရေးကြီးပါတယ်။ ဒါ့ကြောင့် နိုင်ငံရေးနည်းအရ ခေါင်းဆောင်မှုပေးရမှာသော်လည်းကောင်း / စစ်ရေးအရ စီမံကွပ်ကဲရာမှာသော်လည်းကောင်း NUG အစိုးရအဖွဲ့ဝင်တွေ အားလုံး ဂရုတစိုက် လုပ်ဆောင်ရပါလိမ့်မယ်”ဟု ၎င်းက ဆိုသည်။

ထိုသို့လုပ်ဆောင်ရာ၌ ခေါင်းဆောင်မှုအရည်အသွေး၊ နိုင်ငံရေး အမြှော်အမြင်ကို ပိုအားကောင်းအောင် တည်ဆောက်နေရမည်ဟု ယာယီသမ္မတက ပြောသည်။

“လူထုကို ခေါင်းဆောင်တဲ့သူတွေဟာ တော်ရုံ ကိုယ်ရည်ကိုယ်သွေးမျိုးနဲ့ ရပ်တန့်နေလို့ မရပါဘူး။ ဒါ့အပြင် နိုင်ငံရေးအမြော်အမြင် စူးရှထက်သန်မှုမှာလည်း လက်နက်ကိုင်တော်လှန်ရေး တပ်ကို ဦးဆောင်နိုင်စွမ်းရှိတဲ့ အရည်အသွေးမျိုး ဖြစ်အောင် တည်ဆောက်ထားရပါလိမ့်မယ်။ ဒါမှသာလျှင် နိုင်ငံရေးအရ တပ်ဦးမှာ ခေါင်းဆောင်မှုကို အထင်အရှားပြနိုင်ပါလိမ့်မယ်”ဟု ယာယီသမ္မတက ပြောသည်။

နွေဦးတော်လှန်ရေး (၃)နှစ်တာကာလထဲကို ချည်းနင်း ဝင်ရောက်လာမှု၌ တိကျတဲ့ နိုင်ငံရေးရလဒ်များ ထွက်အောင် ကြိုးစားရန်လိုအပ်သည်ဟုလည်း ၎င်းကဆိုသည်။

“ကျွန်တော်တို့ဟာ ယေဘုယျရှုမြင်ချက်တွေနဲ့ပဲ ရှေ့ဆက်လို့ မရပါဘူး။ တိတိကျကျ ဆုပ်ဆုပ်ကိုင်ကိုင်ပြလို့ ရမယ့် နိုင်ငံရေး ရလဒ်တွေကို ပြည်သူတွေကို ပေးဝေဖို့ လိုနေပါပြီ။ လူထုနဲ့ ယုံကြည်မှု တည်ဆောက်တဲ့အခါမှာ လက်တွေ့ရလဒ်နဲ့ စည်းရုံးမှုတွေကသာလျှင် ရေရှည်တည်တံ့တယ်ဆိုတာ ကျွန်တော်တို့ NUG အစိုးရအဖွဲ့ဝင် အားလုံးကို သိစေချင်ပါတယ်”ဟု ယာယီသမ္မတက ပြောကြားပြီး လက်တွေ့နိုင်ငံရေးရလဒ်များနှင့်သာ လူထုကို စည်းရုံးရန် တိုက်တွန်းခဲ့သည်။

You May Also Like

သတင်း

"အိမ်နီးချင်းနိုင်ငံတွေနဲ့ မိတ်ဖက်နိုင်ငံတွေ အဖြစ် အသွင်ပြောင်းတည်ဆောက်ရေးကို လက်တွေ့ကျကျ လုပ်ရပါလိမ့်မယ်" လို့ NUG ယာယီသမ္မတက ဆိုပါတယ်။

သတင်း

ဖေဖော်ဝါရီ ၁ရက်မှ ၁၁ရက်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကို ထုတ်ပြန်ခဲ့ရာ မတူပီမြို့နယ်၊ ထန်တလန်မြို့နယ်အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်များ အထိနာခဲ့သည်။

သတင်း

အကြမ်းဖက်စစ်အုပ်စုကြောင့် ဝမ်းနည်းကြေကွဲရခြင်း၊ အာဏာရှင်များ၏ ရက်စက်မှုကို ခါးစည်းခံနေရခြင်းများ ကြုံနေရသော်လည်း အနာဂတ်သည် ဝေဝါးမနေကြောင်း ယာယီသမ္မတက ပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် ၂၀၂၁ နှစ်ကုန်ပိုင်းမှစ၍ ထန်တလန်မြို့ကို အကြိမ်ကြိမ်မီးရှို့ခဲ့ရာ ဘုရားကျောင်းနှင့် ဘာသာရေးအဆောက်အဦးများအပါအဝင် အိမ်ခြေနှင့် အဆောက်အဦး ၁,၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့သည်။