Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ငါန်းဇွန်တွင် စစ်ကောင်စီတပ်နှင့် ​ဒေသတွင်း PDF များတိုက်ပွဲဖြစ်

ယမန်နေ့ (ဖေဖော်ဝါရီ ၂ဝ ရက်)ည ၇ နာရီခန့်က ငါန်းဇွန်မြို့နယ် သားကျင်ရွာ(အ.ထ.က) ကျောင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်၏ ကင်းပတ်ထွက်ချိန် ဒေသတွင်း PDF များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မန္တလေးမြို့၌ ၂၀၂၁ရဖေဖော်ဝါရီ ၂၀ ရက်နေ့က တွေ့ရစဉ်၊ဓာတ်ပုံ - CJ
စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မန္တလေးမြို့၌ ၂၀၂၁ရဖေဖော်ဝါရီ ၂၀ ရက်နေ့က တွေ့ရစဉ်၊ဓာတ်ပုံ - CJ

▪️ဗိုလ်ကြီးတစ်ဦးအပါအဝင် လေးဦးသေဆုံးပြီးသေနတ်တစ်လတ်သိမ်းဆည်းနိုင်ခဲ့ဟုဆို ပကဖပြော

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် ကင်းပတ်ထွက်လာသည့် စစ်ကောင်စီတပ်နှင့် တိုက်ခိုက်ရန်စောင့်ဆိုင်းနေသည့် ဒေသတွင်းPDFများ တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုမှ ဗိုလ်ကြီးတစ်ဦးအပါအဝင် လေးဦးသေဆုံးကာ သေနတ်တစ်လတ်သိမ်းဆည်းနိုင်ခဲ့ကြောင်း ငါန်းဇွန်(ပကဖ)အဖွဲ့ ပြန်ကြားရေး တာဝန်ခံက ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၂ဝ ရက်)ည ၇ နာရီခန့်က ငါန်းဇွန်မြို့နယ် သားကျင်ရွာ(အ.ထ.က) ကျောင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်၏ ကင်းပတ်ထွက်ချိန် ဒေသတွင်း PDF များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

စစ်အုပ်စုကင်းပတ်ထွက်လာချိန်ကို ငါန်းဇွန် (ပကဖ)အပါအဝင် ဒေသတွင်း PDFအဖွဲ့များက စောင့်ဆိုင်းနေခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးထွက်လာပြီး ရွာလယ်ဘုရားအရောက်တွင် ဒေသကာကွယ်ရေးအဖွဲ့ဝင်များရှိနေကြောင်း သတင်းကြိုရသွား၍ စစ်အုပ်စုဘက်က စတင်ပစ်ခတ်ရာမှ တိုက်ခိုက်မိနစ် ၂၀ခန့် အပြန်အလှန်ပစ်ခတ်ခဲ့ကြကြောင်း ငါန်းဇွန်(ပကဖ) အဖွဲ့ တာဝန်ရှိသူက ပြောသည်။

အဆိုပါ ဖြစ်စဥ််တွင် စစ်အုပ်စုဘက်က ဗိုလ်ကြီး နန္ဒာမင်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး​​ သေဆုံးကြောင်း မျက်မြင်တွေ့ရှိခဲ့ရပြီး စစ်ကောင်စီတပ်သား ခုနစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း၊စစ်ကောင်စီတပ်ထံမှ MA 2 သေနတ်တစ်လက်၊ ဖုန်းတစ်လုံး သိမ်းဆည်းနိုင်ခဲ့ကြောင်း ပကဖအဖွဲ့က ထုတ်ပြန်သည်။

“သူတို့ကင်းပတ်တာ ရွာ့အပြင်ထွက်ချိန် တစ်ရွာနဲ့တစ်ရွာကူးချိန်မှာဖြစ်တာ။ ရွာထဲဖြစ်ရင် ပြည်သူထိခိုက်မှာစိုးလို့ ရွာ့အပြင် တစ်ရွာနဲ့တစ်ရွာကူးချိန် လမ်းခုလတ်မှာ ခြုံခိုတိုက်ခိုက်ဖို့ဆိုပြီး ချဥ်းကပ်တာ။ အထိုင်စခန်းကိုချဥ်းကပ်လာတော့ ကြိုတင်သတင်းရသွားပြီး ဒီကောင်တွေကတန်းပစ်တာ။ ဖြစ်တာ ဘောလုံးကွင်းထဲ ဖြစ်သွားတာ။ ကျည်တစ်ကမ်းကိုမဟုတ်တော့ဘူး။ အပြန်အလှန် Battle ရင်ဆိုင်တဲ့သဘောဖြစ်သွားတာ။”ဟု ငါန်းဇွန် (ပကဖ)အဖွဲ့ တာဝန်ရှိသူက ပြောသည်။

ထို့အပြင် ကျောင်းအတွင်းရှိ စစ်ကောင်စီတပ်က (၆၀)မမ လက်နက်ကြီးဖြင့် ပစ်ခတ်၍ သားကျင်ရွာတွင်းရှိ နေအိမ်တစ်လုံးထိမှန်ပြီး ဒေသခံပြည်သူနှစ်ဦးလက်နက်ကြီးစထိမှန် ဒဏ်ရာရခဲ့ကြောင်း ပကဖပြန်ကြားရေးတာဝန်ခံက ပြောသည်။

သို့သော် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကိုမူ လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“မနေ့ညက ငါန်းဇွန်အနောက်ကသေနတ်သံတွေကြားနေရတယ်။ ဘာကြောင့်လဲတော့မသိဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ TGYR – Youth Guerrilla Counter Revolution(LPDF)၊ MN PDF MyitNge၊ မာန်စွယ်ကျားပြည်သူ့ကာကွယ်ရေတပ်ဖွဲ့၊ ဇာမဏီ ပျောက်ကျားတပ်ဖွဲ့၊ SINTGAING LPDF၊ မြင်းခြံခရိုင် တပ်ရင်း ၆ ( ငါန်းဇွန်) စသည့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့​ပြီး PDF ရဲဘော်များ အထိအခိုက်မရှိကြောင်း အသိပေးထားသည်။

ယမန်နေ့ နံနက် ၃ နာရီခန့်က သားကျင်ရွာ အ.ထ.ကတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ထံမှ စစ်သားနှစ်ဦး လက်နက်ဖြင့်ထွက်ပြေးသည်ဟု သတင်းထွက်ပေါ်နေပြီး စစ်အုပ်စုက မြို့သာ စက်မှုဇုံနှင့် ကျွန်းရွာ ၁၂ရွာဘက်သို့ အင်အားဖြန့်၍ ရှာဖွေခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

Facebook

You May Also Like

သတင်း

အဆိုပါ စစ်ဆင်ရေးကို မြင်းခြံခရိုင် တပ်ရင်း (၁၊ ၃၊ ၄၊ ၅ ) နှင့် ကျေးရွာတပ်ပေါင်းစု တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

သတင်း

ဖေဖော်ဝါရီ ၁၈ရက်ညပိုင်းက တပ်မဟာ(၃)၊ မူးမြို့နယ်၊ တုံးတောကျေးရွာတွင် အခြေချတပ်စွဲထားသော စစ်ကောင်စီတပ်က ကျွန်းတောကျေးရွာတွင်းသို့ လက်နက်ကြီးပစ်ခတ်ခဲ့ရာ နေအိမ် တစ်လုံးသို့ ကျရောက်ပေါက်ကွဲခဲ့သည်။

သတင်း

ကျောက်မဲမြို့နယ်ဟာ TNLA လှုပ်ရှားရာနယ်မြေဖြစ်ပြီး အဲဒီဒေသထဲ စစ်ကောင်စီစစ်ကြောင်းဝင်လာ လို့တိုက်ပွဲဖြစ်တာလို့ TNLA ဘက်ကဆိုထားပါတယ်။

သတင်း

KNU တပ်မဟာ(၁)နယ်မြေရှိ သထုံ- ဘီးလင်း- ကျိုက်ထို လမ်းပိုင်းတွင် စစ်ကောင်စီယာဉ်တန်းများကို KNLA ပူးပေါင်းတပ်ဖွဲ့က မကြာခဏ တိုက်ခိုက်လျက်ရှိသည်။