Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကန့်ဘလူနယ် ချပ်ကြီးတပ်စခန်း တိုက်ခိုက်သိမ်းပိုက် မှု စစ်ကောင်စီတပ်သေဆုံးမှုရှိ

ချပ်သင်းတိုက်နယ်သည် အမြဲစစ်ဘေးရှောင်ရသည့် တိုက်နယ်တစ်ခုဖြစ်ပြီး အချို့ကျေးရွာများမှ ဒေသခံများစစ်ဘေးရှောင်နေရသည်မှာ တစ်နှစ်နီးပါး အထိကြာမြင့်နေပြီဖြစ်ကြောင်း ဖော်ပြထားသည်။

(ကန့်ဘလူမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။ ဓာတ်ပုံာ- Infinity Group)
(ကန့်ဘလူမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။ ဓာတ်ပုံာ- Infinity Group)

▪️PDF ရဲဘော်သုံးဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ချပ်ကြီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းအား ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းအဖွဲ့က ယနေ့နံနက်တွင် တိုက်ခိုက်ခဲ့ရာ စခန်းအားအောင်မြင် စွာသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးမှုရှိသည်ဟု PDF ရဲဘော်တစ်ဦးက ပြောသည်။

မတ်လ ၂ ရက် နံနက် ၈နာရီခန့်တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ချပ်သင်းတိုက်နယ် ချပ်ကြီးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးအထိုင်စခန်းအား ကန့်ဘလူခရိုင်ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့များမှ အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့သည်ဟုလည်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ကလည်း ထုတ်ပြန်ထားသည်။

ယနေ့ နံနက် ၅ နာရီခွဲတွင် ချပ်သင်းတိုက်နယ် ချပ်ကြီးပျူရွာရှိ စစ်ကောင်စီတပ်သား ရှစ်ဦး ၊ရဲ နှစ်ဦး နှင့် ပျူစောထီး ၃၆ ဦး စုစုပေါင်းအင်အား ၄၆ ဦးရှိ စစ်ကောင်စီအထိုင်စခန်းအား KB2 တပ်ရင်း ၊တောညီနောင်တော်လှန်ရေးအဖွဲ့နှင့် ချပ်သင်းတိုက်နယ် ပကဖများ စုပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နံနက် ၈နာရီ ဝန်းကျင်တွင် ချပ်ကြီးပျူရွာစခန်းအား အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီး စခန်းအားမီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

“ ကိုယ့်ဘက်က သိမ်းနိုင်တဲ့အနေအထားပဲ။ လေယာဉ်လာလို့ ပြန်ဆုတ်ခဲ့ရတာ။ သူတို့အကျအဆုံးစာရင်းကအခုအချိန်ထိ မသိရသေးဘူး။ လက်နက်ရရှိတာတွေကအခုအချိန်ထိ အတိအကျ မပြောနိုင်သေးဘူးဆိုတာက လေယာဉ်နဲ့ ပစ်တော့ အကုန်လုံး ပြန်ဆုတ်ခဲ့ရတာဆိုတော့ လူတွေက ပြန်စုနေရတုန်းဆိုတော့ စာရင်းတွေက အတိအကျ မဖြစ်သေးဘူး။ ကိုယ့်ဘက်ကတော့ သုံးယောက်ထိခိုက်တယ်။ ထိပ်တိုက် ရင်ဆိုင်ရင်းနဲ့ ထိခိုက်တာ” ဟု ကန့်ဘလူ PDF ရဲဘော်တစ်ဦးက ပြောသည်။

ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့၏ ထုတ်ပြန်ချက်၌ တိုက်ပွဲတွင် ကာကွယ်ရေး ရဲဘော် နှစ်ဦး ဒဏ်ရာရပြီး အသက်အန္တရာယ် မစိုးရိမ်ရဟုအသိပေးသည်။

ချပ်သင်းတိုက်နယ်သည် အမြဲစစ်ဘေးရှောင်ရသည့် တိုက်နယ်တစ်ခုဖြစ်ပြီး အချို့ကျေးရွာများမှ ဒေသခံများစစ်ဘေးရှောင်နေရသည်မှာ တစ်နှစ်နီးပါး အထိကြာမြင့်နေပြီဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အတူ ချပ်ကြီးရွာတွင် စစ်ကောင်စီအထိုင်စခန်းချထားသည်မှာ ကြာမြင့်နေပြီ ဖြစ်သောကြောင့် ရွာထဲတွင် ပျူမိသားစုများမှလွဲ၍ အပြစ်မဲ့ပြည်သူများ မနေရဲဘဲ တောထဲတွင် စစ်ဘေးရှောင်နေရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်သည်။

ချပ်ကြီးရွာ စစ်ကောင်စီအထိုင်စခန်းသိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ကန့်ဘလူမြို့နယ် ပိတောက်ပင်ရွာအနီးကို ၂ချက် ပစ်ခတ်ခဲ့ကြောင်း၊ ထို့နောက် အင်ငုတ်တိုရွာနှင့် အုတ်ခင်းရွာကြား ရမ်းသမ်းပစ်ခတ်ခဲ့ပြီး Mi 35 မှာ ကန့်ဘလူ၆၀၀၆ တပ်သို့ ဆင်းသက်သွားသည်ဟု ဖော်ပြထားသည်။

ထို့ပြင် ကျွန်းလှမြို့ပေါ်မှ စစ်ကူထွက်လာသော ပျူစောထီးများစီးလာသည့် တုန်ဖုန်းကား နှစ်စီးအား ပေကုန်းရွာမြောက်ဘက် ချောင်းကြားရွာအနီး တံတားတွင် ဒေသခံကာကွယ်ရေးအဖွဲ့များမှလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အထိအခိုက်ရှိကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်သည်။

“ ကျွန်းလှဘက်ကနေ ပင့်သာဘက်ကို စစ်ကြောင်းတွေထိုးလာတယ်။ ထိုးလာတော့ ကြားထဲမှာ တိုက်ခိုက်တာ ပြောက်ကျားလုပ်တာမျိုး လုပ်တာနေမယ်” ဟု ကန့်ဘလူ PDF ရဲဘော်က ပြောသည်။

ယင်းပျူစောထီးများမှာ ချောင်းကြားရွာသို့ ဝင်ရောက်ပြီး ရမ်းသမ်းပစ်ခတ်နေကြောင်း မြေပြင်သတင်းပေးပို့ချက်ကို ကိုးကားပြီး ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်သည်။

You May Also Like

သတင်း

ပွိုင့်(၁၄၄၁)စခန်းသည် စခန်း(၂)ခုရှိပြီး လက်နက်ကြီးတပ်စုအခြေပြုသည့် ပထမစခန်းကို မိနစ်ပိုင်းအတွင်း လွယ်ကူစွာဝင်ရောက်စီးနှင်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

သတင်း

စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်းမြန်မာနိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကို ထိရောက်စွာကိိုင်တွယ်ဖြေရှင်းနိုင်ရနန် အာဆီယံအနေဖြင့် ဘုံဆုံးဖြတ်ချက် အသစ်တစ်ရပ်ကို ထပ်မံချမှတ်ရမည်ဟု မလေးရှားဝန်ကြီးချုပ်က ဖိလစ်ပိုင်သမ္မတ မားကို့စ်ဂျူနီယာနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့သည်ဟု သိရသည်။

သတင်း

တာတိုင်ကျေးရွာသည် လွန်ခဲ့သည့် တစ်လ ဖေဖော်ဝါရီ ၂ ရက်ကလည်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရပြီး နေအိမ် ၆၀ ကျော် မီးလောင်ပြာကျခဲ့သည်။

သတင်း

စစ်ကောင်စီတပ်သည် ယင်းမာပင်မြို့နယ် ကုန်းရွာအား ဖေဖော်ဝါရီ ၂၈ရက် ညနေပိုင်းမှစ၍ မီးရှို့ခဲ့ပြီး မတ်လ ၁ရက်တွင်လည်း မီးဆက်ရှို့ခဲ့၍ အိမ်ခြေ ၄၀၀ခန့် လောင်ကျွမ်းပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။