Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ ညနေခင်းသတင်းလွှာ”

ဒီနေ့ (မတ်လ ၃ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ဦးဖြိုးမင်းသိန်း၊ ဒေါ်စန္ဒာမင်းတို့အပါ ၄ ဦးကို ပါတီဝင်အဖြစ်မှ NLD ထုတ်ပယ်

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း၊ တိုင်းလွှတ်တော်အမတ်ဟောင်း ဒေါ်စန္ဒာမင်းတို့ကို ပါတီက ပေးအပ်ထားတဲ့ တာဝန်များအားလုံး ရပ်ဆိုင်းတဲ့အပြင် ပါတီဝင်အဖြစ်မှပါ အပြီးအပိုင် ထုတ်ပယ်လိုက်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ဒီနေ့ ထုတ်ပြန်ပါတယ်။ ဦးဖြိုးမင်းသိန်း (ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်)၊ ဒေါ်စန္ဒာမင်း (ဗဟိုကော်မတီဝင်)၊ ဦးတိုးလွင် (ဗဟိုကော်မတီဝင်)၊ ဦးဝင်းမြင့်အောင် (ဗဟိုကော်မတီဝင်)တို့ကို ပါတီမှ အပြီးအပိိုင်ထုတ်ပယ်ကြောင်းနဲ့ ၎င်းတို့ရဲ့ ပြောဆိုဆောင်ရွက်မှုများဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မည်သို့မျှ သက်ဆိုင်ခြင်းမရှိဘူးလို့ NLD ဗဟိုအလုပ်ကော်မတီက ဖော်ပြပါတယ်။ ပါတီရဲ့ အပတ်စဉ်ပုံမှန်အစည်းအဝေးတွေမှာ တက်ရောက်လာတဲ့ ဗဟိုကော်မတီဝင်များ၊ တိုင်းနဲ့ ပြည်နယ်အလုပ်အမှုဆောင်များ၊ ဗဟိုရေးရာကော်မတီများကလည်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပေါ် မမှန်မကန်သက်သေထွက်ဆိုသူများနဲ့ ပြည်သူ့ဆန္ဒကိုကျောခိုင်းပြီး ပါတီရဲ့မူဝါဒများကို ဆန့်ကျင် လုပ်ဆောင်နေသူများကို အရေးယူပေးဖို့ တင်ပြလာချက်များအရ မတ်လ ၂ ရက်မှာ ကျင်းပတဲ့ အစည်းအဝေးမှာ ဗဟိုအလုပ်ကော်မတီက ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

▪️အမျိုးသားလွှတ်တော်ဒုဥက္ကဋ္ဌဟောင်းနေအိမ်အပါအဝင် စစ်ရေးပစ်မှတ်လေးခုကို ​တော်လှန်​ရေးအဖွဲ့ဖောက်ခွဲတိုက်ခိုက်

နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌဟောင်း ဦးမြငြိမ်းရဲ့ နေအိမ်အပါအဝင် စစ်ရေးပစ်မှတ်လေးခုကို NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန MOD ရဲ့ မြို့ပြအထူးစစ်ဆင်ရေးဌာနမှ UG အဖွဲ့က ​တိုက်ခိုက်ခဲ့တယ်လို့ နေပြည်တော်စစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဖေဖော်ဝါရီ ၂၇ ရက်မှာ ဇေယျာသီရိမြို့နယ် သိုက်ချောင်းနဲ့ မုဆိုးမအိမ်ရာကြားရှိ တံတားစောင့် စစ်တပ်ဂိတ်၊ ဖေဖော်ဝါရီ ၂၈ ရက်က ပြည်ခိုင်ဖြိုးပါတီ ထိပ်တန်းခေါင်းဆောင်ဟောင်း၊ အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌဟောင်း ဦးမြငြိမ်းရဲ့နေအိမ်၊ မတ်လ ၁ ရက်မှာ ဆည်​မြောင်းညွှန်ချုပ်​ဟောင်းရဲ့ဆိုင်၊ မတ်လ ၂ ရက်မှာ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ် စတဲ့ နေရာတွေကို လေးရက်ဆက် တိုက်ခိုက်ခဲ့တာလို့ ပါတယ်။

▪️ဝက်လက်မှာ (ပကဖ) ရဲဘော်များအပါအဝင် ၇ ဦးကိို စစ်ကောင်စီတပ် သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်က ကျေးရွာနှစ်ရွာကို မီးရှို့ဖျက်ဆီးပြီး ဒေသခံပြည်သူနဲ့ (ပကဖ) ရဲဘော်များအပါအဝင် ၇ ဦးကိို သတ်ဖြတ်သွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက လှတောမှ ကားနဲ့ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စိုင်နိုင်ကြီးကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ အဲဒီနောက် စစ်ကောင်စီတပ်ဟာ ကျီးကန်ရွာကိုပါ မီးရှို့ဖျက်ဆီးပြီး (ပကဖ)ရဲဘော်အပါအဝင် ၇ ဦးကို သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။

(ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က စိုင်နိုင်ကြီးကျေးရွာအား မီးရှို့ဖျက်ဆီးနေသည်ကို အဝေးမှမြင်တွေ့ရစဉ်။ ဓာတ်ပုံ-Cj)
(ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က စိုင်နိုင်ကြီးကျေးရွာအား မီးရှို့ဖျက်ဆီးနေသည်ကို အဝေးမှမြင်တွေ့ရစဉ်။ ဓာတ်ပုံ-Cj)

▪️ရိုးမတစ်နေရာ စစ်ကောင်စီတပ်ကို မဟာမိတ်တပ်ဖွဲ့များ တိုက်ခိုက်၊ စစ်ကောင်စီစစ်ကြောင်း အထိနာ

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်နဲ့ ထိစပ်နေတဲ့ ရိုးမတစ်နေရာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အရာရှိတစ်ဦးအပါအဝင် လေးဦးသေဆုံးခဲ့တယ်လို့ အင်္ဂပူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ မနေ့ကတိုက်ခိိုက်မှုမှာ စစ်ဗိုလ်တစ်ယောက်နဲ့ တပ်သားလေးယောက် ပွဲချင်းပြီးသေဆုံးကာ ဒဏ်ရာရရှိသူ များပြားတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းမှာတော့ အင်္ဂပူမြို့နယ်နဲ့ မဲဇလီကုန်းမှာ စစ်ကောင်စီရဟတ်ယာဥ် နှစ်စီးပျံဝဲနေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

▪️ခင်ဦးနယ် မကျီးအုပ်ရွာတိုက်ပွဲ စစ်ကောင်စီတပ် အထိနာ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ မကျီးအုပ်ကျေးရွာအနီးတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁ဝ ဦးသေဆုံးပြီး PDF ရဲဘော် နှစ်ဦးကျဆုံးခဲ့တယ်လို့ ခင်ဦးနယ်ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု – KURDAF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ခင်ဦးမြို့နယ်မှာ ဖေဖော်ဝါရီ ၂၆ ရက်က မြင်းဒေါင်းကျေးရွာမှာ တပ်စွဲညအိပ်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဖေဖော်ဝါရီ ၂၇ ရက် မနက်ပိုင်းမှာ မကျီးအုပ်ကျေးရွာ တောင်ပိုင်းမှ စတင်ကာ အင်အား ၃၀ နဲ့ စစ်ကြောင်းထိုးခဲ့ပါတယ်။ ဒါ့အပြင် လက်နက်ကြီး၊ လက်နက်ငယ်များနဲ့ ဆက်တိုက်ပစ်ခတ်ကာ ဒေသခံ ကင်းထောက်ရဲဘော်များနဲ့ ထိတွေ့မှု ဖြစ်ပွားခဲ့ပါတယ်။ ထိတွေ့မှုမှာ ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု – Kurdaf(KURDAF) အဖွဲ့ဝင် TIGER – Local People Defence Force Khin U ရဲ့ ရဲဘော် နှစ်ဦးဖြစ်သူ အသက်(၃၂) နှစ်အရွယ် ရဲဘော် နဂါးလေးနဲ့ အသက်(၂၅) နှစ်အရွယ် ရဲဘော် ၇၆၀ တို့ စစ်ကောင်စီကို ခုခံရင်းကျဆုံးခဲ့ပါတယ်။

(စစ်တပ်ကသတ်ဖြတ်ခဲ့​သော တာတိုင်ရွာမှပြည်သူအချို့၏ ရုပ်အ​လောင်းအချို့ကို မတ်လ ၃ ရက်ကသယ်​ဆောင်လာစဥ်။ဓါတ်ပုံ-CJ)
(စစ်တပ်ကသတ်ဖြတ်ခဲ့​သော တာတိုင်ရွာမှပြည်သူအချို့၏ ရုပ်အ​လောင်းအချို့ကို မတ်လ ၃ ရက်ကသယ်​ဆောင်လာစဥ်။ဓါတ်ပုံ-CJ)

▪️မင်းကင်း​ဒေသမှာ အင်အားအများအပြားနဲ့ စစ်​ကြောင်းထိုးလာ​တဲ့ စစ်တပ်ကို PDF များမိုင်းဆွဲ

မင်းကင်းမြို့နယ်၊​ တောင်တွင်း​ဒေသ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာ‌တဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ ငါးဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရရှိသူများပြားတယ်လို့ TDPDF မင်းကင်းတပ်ရင်းမှ တာဝန်ရှိသူက ပြောပါတယ်။ မနေ့ မနက်ပိုင်းမှ ညနေပိုင်းအထိ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ကို ငါးကြိမ်တိုင် ထိရောက်စွာ မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ၁၇ ဦး ဒဏ်ရာရပြီး ငါးဦးသေဆုံးတယ်လို့ TDPDF က အသိပေးပါတယ်။ ဒါပေမဲ့ စစ်ကောင်စီစစ်ကြောင်းမှာ စခန်းကြီး၊ မိုင်တရာ၊ တိန်ကုန်း၊ မြောက်ကုန်း၊ သာစည်၊ ခင်ဦး၊ မြင်ဦးနဲ့ ဆုံဗလက် ကျေးရွာများမှ ပြည်သူ ၅၀ ဦးကို ဖမ်းဆီးထားပြီး လူသားဒိုင်သဖွယ် ခေါ်ဆောင်ကာ လက်ရှိအချိန်ထိ ပြန်လွှတ်ပေးခြင်းမရှိသေးဘူးလို့ သိရပါတယ်။

▪️မော်လမြိုင်ကျွန်း ပြည်သူ့စစ်ခေါင်းဆောင်အသတ်ခံရမှုကြောင့် မြို့ခံ ၁၄ ဦးကို စစ်ကောင်စီ မတရားဖမ်းဆီး

မော်လမြိုင်ကျွန်းမြို့မှ ပြည်သူ့စစ်ခေါင်းဆောင် ကျော်တင့်ဦး အသတ်ခံရပြီးနောက် အမှုနဲ့ မပတ်သက်တဲ့ မြို့ခံအမျိုးသား ၁၄ ဦးကို စစ်ကောင်စီက မတရားဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျော်တင့်ဦးကို မော်လမြိုင်ကျွန်းမြို့‌ (၁၂) ရပ်ကွက်ရှိ Happy လက်ဖက်ရည်ဆိုင်မှာ ထိုင်နေစဉ် ဖေဖော်ဝါရီ ၂၄ ရက် မနက်ပိုင်းမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဧရာဝတီလင်းပိုင်အဖွဲ့(မော်ကျွန်း) က ရှင်းလင်းခဲ့တာပါ။ ဒါပေမဲ့ ဖေဖော်ဝါရီ ၂၅ ရက်မှာ မော်လမြိုင်ကျွန်းမြို့ အမှတ် (၁၂)ရပ်ကွက်နဲ့ အမှတ် (၉)ရပ်ကွက်ကို စစ်‌ကောင်စီနဲ့ ရဲတပ်ဖွဲ့ဝင်များက ဝင်မွှေပြီး ဒေသခံ ၁၄ ဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

▪️ကွန်ဟိန်းမြို့နယ်မှာ ရှမ်းတပ်အချင်းချင်း တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်မှာ မနေ့က ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)က သတင်းထုတ်ပြန်ပါတယ်။ SSPPက အင်အား ၁၀၀ခန့်နဲ့ ကွန်ဟိန်းမြို့နယ် နမ့်တွတ်ဖက်ဒေသရှိ RCSS တပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်လာတာလို့ ဖော်ပြပါတယ်။ တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်ကျဆုံးအခြေအနေကို မသိရသေးဘဲ RCSSဟာ တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ထားချိန်တွင် SSPPက တိုက်ပွဲနဲ့ တုံ့ပြန်အဖြေပေးခဲ့တယ်လို့ RCSSက ထုတ်ပြန်ပါတယ်။

You May Also Like