▪︎KIA တပ်ရင်း(၆)ကို စစ်ကောင်စီတပ်လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ရင်း(၆) နေရာကို စစ်ကောင်စီတပ်က မနေ့ညသန်းခေါင်ယံမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဖားကန့်ဒေသခံကပြောပါတယ်။ တိုက်ခိုက်ရေး ဂျက်ဖိုက်တာ နှစ်စီးနဲ့ လာရောက်ဗုံးကြဲခဲ့ပြီး ဘုရားကျောင်းတွေ၊ အဆောက်အဦးတွေ ထိခိုက်မှုရှိခဲ့တယ်လို့ သိိရပါတယ်။ လူထိခိုက်မှု ရှိ၊မရှိကို စုံစမ်းနေဆဲလို့ သိရပါတယ်။ မနေ့ညက တံတားဦးလေတပ်မှရုးရှားနိုင်ငံထုတ် YAK-130 တိုက်လေယာဥ် နှစ်စီးမှာ ည ၁၂ နာရီ ၁၆ မိနစ်နဲ့ ည ၁၂ နာရီ ၁၈ မိနစ်မှာ တက်သွားပြီး KIA တပ်မဟာ(၉)နယ်မြေ တပ်ရင်း (၆)ကို ည ၁ နာရီနဲ့ ၁ နာရီ ၄ မိနစ်မှာ လေကြောင်း တိုက်ခိုက်မှုလုပ်ဆောင်ခဲ့တယ်လို့ စစ်တပ်လေကြောင်း စောင့်ကြည့်သူ သတင်းရင်းမြစ်အချို့က အသိပေးထားပါတယ်။
▪︎ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကိုသိမ်းပိုက်မီးရှို့ခဲ့ဟု ရေးဘီလူးအဖွဲ့ ပြော
မွန်ပြည်နယ် ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲရာ တပ်စခန်းတစ်ခုကို ဝင်ရောက်သိမ်းဆည်းနိုင်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက မွန်ပြည်နယ် ရေးမြို့နယ် ကန်သင်းတံတားဘေးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီစခန်းကို မီးရှို့နိုင်ခဲ့ပြီး စစ်အုပ်စုဘက်က ထိခိိုက်သေဆုံးသူ ၆ ဦးခန့်ရှိနိိုင်တယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။ စစ်ကောင်စီစခန်းမှာ ၁၅ ဦးခန့်ရှိိပေမယ့် အများစုထွက်ပြေးသွားခဲ့ပြီး ရေးဘီလူးအဖွဲ့က ပိုင်ပိုင်နိုင်နိုင်ကို စခန်းတွင်းကို ဝင်ရောက်နိုင်ခဲ့တာလိို့ ရှင်းပြပါတယ်။
▪︎ဒီးမော့ဆိုအရှေဘက်ခြမ်းကိုစစ်တပ်ထိုးစစ်ဆင်လာ၍တိုက်ပွဲအပြင်းအထန်ဖြစ်
စစ်ကောင်စီတပ်ရဲ့ အမှတ်(၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂)မှတပ်ရင်းများက ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်သို့ ထိုးစစ်စတင်လာလို့ တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်များက ပြောပါတယ်။
ဒီးမော့ဆိုမြို့ နယ်အရှေ့ဘက်ခြမ်း နန်းဟူးတွေ နဲ့ ဒေါစဲကျေးရွာ အနီးမှာ စစ်တပ်က အင်အား ၂၀၀ ဝန်းကျင်နဲ့ ထိုးစစ်ဆင်လာတာဖြစ်ပြီး ဒီနေ့မနက်ပိုင်းကစလို့ တိုက်ပွဲများစတင်ဖြစ်ပွားနေတာပါ။ မနေ့ကလည်း ဒီးမောဆိုအခြေစိုက် ခလရ (၁၀၂)တပ်နဲ့ အမြောက်တပ်အမတ (၃၆၀)တို့က ဒီးမော့ဆိုအရှေ့ခြမ်းကို တစ်နေကုန် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိိရပါတယ်။
▪︎နယ်စပ်ရှိ စစ်စခန်းသို့ ရိက္ခာပို့လာတဲ့ ခမရ(၅၁၀)တပ်ကို ကရင်နီပူးပေါင်းတပ်သုံးကြိမ်တိုက်ခိုက်
ကရင်နီပြည်နယ် ရှားတောမြို့နယ် မြန်မာ- ထိုင်းနယ်စပ် ရှိစစ်ကောင်စီတပ်စခန်းများကို ရိက္ခာပို့လာတဲ့ စစ်ကောင်စီတပ် ခမရ(၅၁၀) တပ်ရင်း စစ်ကြောင်းကို လမ်းခရီးမှာ သုံးကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေးပါတယ်။ ရိက္ခာပို့ဆောင်ရေးနဲ့ လမ်းလုံခြုံရေးတာဝန်ယူနေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ကျိုင်းခမ်းမြို့အခြေစိုက်ခမရ(၅၁၀)တပ်ရင်းကို မနေ့က တစ်ကြိမ်၊ မတ်လ ၆ ရက် နဲ့ ဖေဖော်ဝါရီ ၂၆ ရက်တို့မှာ ကရင်နီတပ်မတော်(KA)က တိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်မှ အနည်းဆုံး ၅ ဦးသေဆုံးကာ ဒဏ်ရာရှိသူတွေလည်း ရှိတယ်လို့ သိရပါတယ်။
▪︎မုံရွာ – မန္တလေးလမ်းပိုင်း ကြေးနီသယ်လာတဲ့ စစ်ယာဉ်တန်း မိုင်းဆွဲခံရ
စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမပေါ်မှာ စစ်ကောင်စီတပ်က ကြေးနီများသယ်ဆောင်လာစဥ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဥ်များပျက်စီးပြီး ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသတွင်း တော်လှန်ရေးအင်အားစုများက ပြောပါတယ်။ မနေ့ နေ့ခင်းက မုံရွာ – မန္တလေးလမ်းပေါ်မှာ မုံရွာဘက်မှ စစ်ကိုင်းမြို့ဘက်သို့ ထွက်ခွာလာတဲ့ ကြေးနီတင်ဆောင်လာတဲ့ ၁၂ဘီးကား ၁၂ စီးအနက် ငါးစီးမြောက်ယာဉ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ညနေပိုင်းမှာလည်း မုံရွာမှ စစ်ကိုင်းမြို့ဘက်သို့ ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ် အစီးရေ ၃၀ အနက် တပ်ဖွဲ့ဝင် အပြည့်ပါလာတဲ့ ၁၂ စီးမြောက်ယာဉ်ကို ပဒေသာမိုင်းငါးလုံးနဲ့ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
▪︎မုံရွာစက်မှုဇုန်လမ်းခွဲရှိကင်းပုန်းဝပ်စစ်သားသုံးဦး ပစ်ခတ်ခံရပြီး နှစ်ဦးသေ
စစ်ကိုင်းတိုင်း၊ မုံရွာစက်မှုဇုန်လမ်းခွဲမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သား သုံးဦးကို သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ နှစ်ဦးသေဆုံးသွားတယ်လို့ Golden Eagle Force-Monywa-V2 အဖွဲ့ခေါင်းဆောင် ဗိုလ်လင်းယုန်က ပြောပါတယ်။ မနေ့ မနက်ပိုင်းက မုံရွာမြို့၊ စက်မှုဇုန်လမ်းခွဲမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သား သုံးဦးကို သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ နှစ်ဦးသေဆုံးပြီး တစ်ဦးခြေထောက်ထိမှန်သွားတယ်လို့ ဆိုပါတယ်။ ခြေထောက်ထိတဲ့ စစ်ကောင်စီတပ်သားက PDFရဲဘော်တွေရဲ့ကားကို ပြန်လည်ပစ်ခတ်ပေမယ့် အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ရှင်းပြပါတယ်။
▪︎ပခုက္ကူနယ် စစ်ကောင်စီကင်းစခန်းကို ပစ်ခတ်တိုက်ခိုက်
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဘုန်းကံကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီကင်းစခန်းကို လက်နက်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးတယ်လို့ Yesagyo Revolution Group (YRG) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့ ညနေပိုင်းက ပခုက္ကူမြို့နယ်၊ ဘုန်းကံကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီကင်းစခန်းတစ်ခုကို ဒေသတွင်းPDFများက (၆၀)မမ၊ (၈၀) မမ၊( ၁၂၀) မမတို့နဲ့အလုံး (၅၀)ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား နှစ်ဦး နေရာမှာ လဲကျသေဆုံးပြီး ညပိုင်းမှာ တစ်ဦးထပ်မံ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
▪︎ရန်ကုန်မြို့ တွင်ကျောင်းသားများ ၂ ရက်ဆက်ဆန္ဒပြ
ရန်ကုန်မြို့ တစ်နေရာမှာ မနေ့ညပိုင်းက ဗကသ ကျောင်းသားလူငယ်များ ဦးဆောင်ကာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။ ကျောင်းသားလူငယ်များက လမ်းမထက်မှာ “ ပေးဆပ်စတေးခံသွားသော ကျောင်းသားလူငယ်သွေးတွေ မခြောက်သေး” ၊ “ နှောင်ကြိုးမှတစ်ပါးဆုံးရှုံးစရာမရှိ” စာသားပါ ဘန်နာများနဲ့အတူ ကားတာယာကွင်းများကို မီးရှို့ခဲ့ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။