Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ ညနေခင်းသတင်း”

ဒီနေ့ (မတ်လ ၂၀ ရက်)ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎မင်းအောင်လှိုင် မုံရွာ(နမခ)ရောက်ရှိချိန် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) သို့ရောက်ရှိချိန် လက်နက်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဂိတ်များသို့ကျရောက်ထိမှန်ခဲ့ပြီး စစ်ကောင်စီတပ်က ဓါတုလက်နက်များနဲ့ ပြန်လည်ပစ်ခတ်ခဲ့လို့ ဆုတ်ခွာခဲ့တယ်လို့ ရှင်းပြပါတယ်။ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဟာ မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) သို့ မနေ့က ရောက်ရှိနေတာပါ။

(အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် မနခ၌ ရောက်ရှိတွေ့ဆုံနေစဥ်။ ဓာတ်ပုံ - cincds)
(အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် မနခ၌ ရောက်ရှိတွေ့ဆုံနေစဥ်။ ဓာတ်ပုံ – cincds)

▪︎တော်လှန်ရေးအင်အားစုတွေနဲ့ ပိုမို ထိတွေ့ ချိတ်ဆက်ဖို့ အမေရိကန် နိုင်ငံခြားရေးအတိုင်ပင်ခံ တိုက်တွန်း

ဂျပန် အပါအဝင် အင်ဒို-ပစိဖိတ် ဒေသက လက်တွဲဖော်နိုင်ငံတွေအနေနဲ့ မြန်မာ့တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့ ချိတ်ဆက်ပြီး ဒီမိုကရေစီရေး အနာဂတ်နဲ့ ပတ်သက်လို့ သူတို့ရဲ့ မျှော်လင့်ချက်တွေကို အလေးအနက် နားထောင်ပေးဖို့ အမေရိကန်က လိုလားကြောင်း အမေရိကန် နိုင်ငံခြားရေး မူဝါဒရေးရာ ထိပ်တန်းအကြံပေး ဒဲရစ်ရှိုလက်က ပြောပါတယ်။၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်တပ်အပေါ် အမေရိကန်နဲ့ ဥရောပ နိုင်ငံတွေက တင်းမာတဲ့ အရေးယူပိတ်ဆို့မှုတွေ သတ်မှတ် ကျင့်သုံးနေပြီး စစ်အာဏာရှင်တွေနဲ့ ပတ်သက်ရင် အမေရိကန်က လေးလေးနက်နက် အယုံအကြည် ကင်းမဲ့နေတယ်လို့ ရှိုလက်က ဆိုပါတယ်။ အမေရိကန်ဟာ ရွေးကောက်ခံလွှတ်တော်အမတ်တွေ ဦးဆောင်ပြီး ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို ထောက်ခံရပ်တည်ကြောင်း သဘောထား ပြသထားပြီး NUGရဲ့ ကိုယ်စားလှယ်တွေနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အကြီးတန်း အရာရှိတွေ တွေ့ဆုံ ဆွေးနွေးတာမျိုးတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။

▪︎ဆင်မ​တောင်မှာ တပ်စွဲထား​တဲ့ စစ်တပ်ကို KNDF ကစနိုက်ပါနဲ့တိုက်ခိုက်၊ ​လေးဦး​သေဟုဆို

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ ဆင်မတောင်မှာတပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားသုံးဦးကို စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာ လေးဦး​သေဆုံးတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၅ က ဒီနေ့ ထုတ်ပြန်ပါတယ်။ KNDF တပ်ရင်း ၁၊ ၅၊ ၆ နဲ့ ၇ မှ စနိုက်ပါ အဖွဲ့များ ပူးပေါင်းကာ ဆင်မ​​တောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မတ်လ ၁၁ ရက်က သွားရောက် တိုက်ခိုက်ခဲ့တာလို့ ဖော်ပြပါတယ်။ ဒါပေမဲ့ စနိုက်ပါနဲ့ ပစ်ခတ်တဲ့တိုက်ပွဲမှာ KNDF တပ်ရင်း ၇ မှ တပ်ဖွဲ့၀င်နှစ်ဦးမှာ မိုင်းနင်းမိခဲ့ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

(KNDF မှတပ်ဖွဲ့ဝသ်တစ်ဦးတိုက်ပွဲဝင်​နေစဥ်။ ဓါတ်ပုံ-KNDF B-05)
(KNDF မှတပ်ဖွဲ့ဝသ်တစ်ဦးတိုက်ပွဲဝင်​နေစဥ်။ ဓါတ်ပုံ-KNDF B-05)

▪︎စစ်ကောင်စီ သာလွန်အင်အား အဆမတန်သုံးစစ်ရှိန်မြင့်လာလို့ ကြိုပြင်ထားဖို့ CNA စစ်ဦးစီးချုပ် သတိပေး

စစ်ကောင်စီတပ်က သာလွန်အင်အား အဆမတန်သုံးနေကာ စစ်ရှိန်ပိုမြင့်လာပြီး အခုထက်ပိုမိုတဲ့ အခက်အခဲများ ကြုံကြရမယ်လို့ ချင်းအမျိုးသားတပ်မတော်(CNA) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ငွန်လဲထန်က ပြောပါတယ်။ မတ်လ ၁၀ ရက်က ကျင်းပခဲ့တဲ့ အပတ်စဉ် (၅၀) အခြေခံစစ်သင်တန်းဆင်းပွဲအခမ်းအနားမှာ CNA စစ်ဦးစီးချုပ်က ပြောကြားခဲ့တာပါ။ ရန်သူ့စစ်တပ်ဘက်က မျှော်မှန်းအင်အားကြီးမားပါစေ၊ ပြည်သူလူထုတစ်ရပ်လုံးရဲ့ အင်အားနဲ့ တော်လှန်ရေး လုပ်ဆောင်နေသူအားလုံးက စည်းစည်းလုံးလုံး တိုက်ခိုက်နေကြဖို့ပဲလိုအပ်တယ်လို့ CNA စစ်ဦးစီးချုပ်က ပြောပါတယ်။ အဲဒါမှသာ စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းပြီး ချင်းပြည်ထောင်တည်ဆောက်ရေး၊ တစ်တိုင်းပြည်လုံးရဲ့ ရည်မှန်းချက်ဖြစ်တဲ့ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး အကောင်အထည်ဖော်နိုင်မှာလို့ ထည့်သွင်းပြောပါတယ်။ ချင်းအမျိုးသားတပ်ဦး(CNF/CNA)ကလည်း ချင်းအမျိုးသားများ ဆုံးရှုံးနစ်နာခဲ့ရတဲ့ အခွင့်အရေးများအတွက် နိုင်ငံရေး၊ စစ်ရေးအပြင် သံတမန်ရေးလှုပ်ရှားမှု အရှိန်ကို တိုးမြှင့်တိုက်ပွဲဝင်သွားမှာဖြစ်လို့ ပြည်သူများအနေနဲ့ အခု ဆင်နွှဲနေတဲ့ တော်လှန်ရေးမှာ ကျွမ်းကျင်မှုအလိုက် အရေးတော်ပုံအောင်မြင်သည်အထိ လက်တွဲ တိုက်ပွဲဝင်ကြဖို့ ချင်းတော်လှန်ရေးနေ့ ကြေညာချက်ကတဆင့် တိုက်တွန်းပါတယ်။

▪︎နိုင်ငံတဝန်းပြည်သူနေအိမ် ခြောက်သောင်းကျော်ကို စစ်​ကောင်စီ မီးရှို့ဖျက်ဆီးထားဟု Data For Myanmar ထုတ်ပြန်

စစ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီနဲ့လက်အောက်ခံအဖွဲ့အစည်းများက နိုင်ငံတဝန်းမီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူ နေအိမ်ပေါင်း ၆၀,၄၅၉ လုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ Data For Myanmar က မနေ့က ထုတ်ပြန်ပါတယ်။ အရပ်သားပြည်သူ နေအိမ်ပေါင်းခြောက်သောင်းကျော် ပျက်စီးဆုံးရှုံးမှုဟာ ဖေဖော်ဝါရီ ၂၈ ရက်အထိ ရေတွက်ကောက်ယူထားခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်းမှာ ၄၇,၇၇၈ လုံး၊ မကွေးတိုင်းမှာ ၉,၀၁၉ လုံး၊ ချင်းပြည်နယ်မှာ ၁,၄၈၅ လုံးနဲ့ ကျန်ပြည်နယ်၊ တိုင်းများမှာ ၂,၁၇၇ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒါပေမဲ့ စစ်တပ်ဟာ နိုင်လို့ ရှို့တာမဟုတ်ဘဲ ရှုံးလို့၊ ထောက်ခံမှု မရှိလို့ ရှို့တာဖြစ်ပြီး မကြာခင် စစ်အာဏာရှင်တွေ ပြုတ်ကျဖို့ အလားအလာအကောင်းဆုံးအချိန်ဖြစ်တယ်လို့ ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ကိုဂျိန်းစ်ဘွန်းက ပြောပါတယ်။

▪︎KNU တပ်မဟာ(၅)နယ်မြေ လဝက်အတွင်း တိုက်ပွဲများမှာ စစ်ကောင်စီတပ် ဒုဗိုလ်အပါအဝင် ၃၀ ကျော် သေ

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၅) နယ်မြေမှာ မတ်လ ၁ ရက်မှ ၁၅ရက်အတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပေါင်း ၇၂ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ တပ်မဟာ (၅)က သတင်းထုတ်ပြန်ပါတယ်။ တိုက်ပွဲများမှာ စစ်ကောင်စီတပ်မှ ဒုဗိုလ်တစ်ဦးနဲ့ ဒုအရာခံဗိုလ် တစ်ဦးအပါအဝင် ၃၁ ဦးသေဆုံးပြီး ၂၁ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။ စစ်ကောင်စီတပ်မှ ယာဉ်သုံးစီးနဲ့ မော်တော်ဆိုင်ကယ် တစ်စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တပ်မဟာ(၅)ဘက်က တပ်သား တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ အသိပေးပါတယ်။

▪︎ဒီးမော့ဆိုမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် ငါးဦးထက်မနည်း သေ

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် တနီးလာလဲကျေးရွာအနီးတိုက်ပွဲမှာ စစ်ကောင်စီတပ်မှ ငါးဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရမိတယ်လို့ ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့(KMIC)က ဒီနေ့ ထုတ်ပြန်ပါတယ်။ မတ်လ ၁၈ ရက်က တနီးလာလဲကျေးရွာအနီးတိုက်ပွဲမှာ တစ်နေကုန်နီးပါး ပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲမှာ စစ်ကောင်စီတပ် ခမရ(၅၁၃)တပ်မှ ငါးဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာ အများအပြားနဲ့ ဆုတ်ခွာသွားခဲ့ရတယ်လို့ KMICက အသိပေးပါတယ်။ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့မှတစ်ဦး မစိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်တပ်မှူးတစ်ဦးက ပြောပါတယ်။ အခြားသတင်းတစ်ရပ်မှာ ဒီးမော့ဆိုမြို့နယ်မှာ အထိနာနေတဲ့ စစ်တပ်ဟာ တိုက်လေယာဥ်ငါးစီးအထိ အသုံးပြု ခြိမ်းခြောက်ပျံသန်းနေတယ်လို့ ကရင်နီဒေသခံသတင်းရင်းမြစ်များက ပြောပါတယ်။

▪︎တမူးမြို့နယ်တိုက်ပွဲ ကျောင်းသားတပ်ဦးမှ ရဲဘော်တစ်ဦးကျဆုံး

စစ်ကိုင်းတိုင်း တမူးမြို့ ကွန်းတောင်းကျေးရွာမှာ မတ်လ ၁၇ ရက်က ဖြစ်ပွားတဲ့ စစ်ကောင်စီနဲ့ တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့မှ ABSDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။ ကွန်းတောင်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ရဲ၊ ပျူစောထီးများကို သွားရောက်တိုက်ခိုက်စဉ် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး( ABSDF) တပ်ရင်း (၅) တပ်ခွဲ – ၁ မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရတာပါ။ အသက် ၂၀ အရွယ် ရဲဘော်နေအောင် ဆိုသူ ကျဆုံးခဲ့ရတာဖြစ်ပြီး တမူးမြို့နယ်အတွင်း စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲဝင်ရင်း ကျဆုံးရတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော် ၁၆ဦး ရှိပြီလို့ တမူးခရိုင် တပ်ရင်း(၁)ထံမှ သိရပါတယ်။

Facebook

You May Also Like