Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုနယ် မအူရဲစခန်းတို​က်ခိုက်သိမ်းပိုက်ရာ စခန်းမှူးအပါအဝင် ခုနစ်ဦးခန့်သေဟု ပကဖ ပြော

အဆိုပါ စစ်ဆင်ရေးများကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြိုင်ပကဖ)၊ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ရေစကြို ပကဖ) ၊ Salingyi Special Task Force-SSTF၊ မြန်မာ့တော်ဝင်နဂါးတပ်တပ်တော်(MRDA) တပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

(မအူရဲစခန်းအား ၂၀၂၁ နိုဝင်ဘာ ၁၈ ရက်က PDFများ တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ - ရေစကြို- ပကဖ)
(မအူရဲစခန်းအား ၂၀၂၁ နိုဝင်ဘာ ၁၈ ရက်က PDFများ တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ - ရေစကြို- ပကဖ)

▪️စခန်းအား မီးရှို့ဖျက်ဆီး၊ စစ်ကူလာသည့်အဖွဲ့ကိုပါ မိုင်းဆွဲတိုက်ခို​က်ရာ သေဆုံးမှုများဟုဆို

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ မအူရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စခန်းမှူးအပါအဝင် ခုနစ်ဦးခန့်သေဆုံးပြီး စခန်းအား မီးရှို့ရှင်းလင်းခဲ့ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ရေစကြို – ပကဖ)မှ ရဲဘော်ဝေကြီးက ပြော​ကြားသည်။

ယနေ့ (ဧပြီ ၃ ရက်)နံနက် ၅ နာရီခန့်က ချောင်းဦး – ရေစကြိုလမ်းရှိ မအူရဲစခန်းအား ပခုက္ကူခရိုင်နှင့် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်တို့ရှိ ဒေသတွင်း PDF အဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်းမှူးအပါအဝင် စစ်သား ၇ဦးခန့်သေဆုံးကြောင်း၊ ထို့အပြင် G3 တစ်လက်၊ ဒရုန်းချလက်နက်တစ်ခု၊ ဗုံးသီးနှင့် စာရွက်စာတမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ရဲဘော်ဝေကြီးက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်နှစ်ဦးလည်း ကျ​ည်ထိမှန်ခဲ့ပြီး အသက်အန္တရာယ်ထိခိုက်နိုင်သည့်အခြေအနေမရှိကြောင်း စစ်ဆင်ရေးတွင်ပါဝင်သော ရဲဘော်များက ပြောသည်။

“မနက် ၈ နာရီလောက်မှာ စခန်းသိမ်းနိုင်တယ်။ တချို့တွေလည်း သေတယ်။ တချို့ထွက်ပြေးတယ်။ မီးရှို့လို့ရတဲ့အရာ မီးရှို့ခဲ့တယ်။ ၈ နာရီကျော်မှာတော့ လေယာဥ်နဲ့လာပြီး Air Strike လုပ်တယ်။ တစ်နာရီလောက်ကြာတယ်။ စခန်းမှူးလည်းသေတယ်။ သူအပါအဝင် ၇ ဦးလောက်သေတယ်။ စစ်သားတွေလည်းပါတယ်။”ဟု ရဲဘော်ဝေကြီးက ပြောသည်။

မအူရဲစခန်းတိုက်ခိုက်ခံနေရ၍ ရေစကြိုမြို့နယ်၊ ဇီးတော(ပျူ)ကျေးရွာမှ စစ်ကောင်စီတပ်နှင့်ပျူများ စစ်ကူထွက်လာရာ မိုင်းအလုံး ၂၀ခင်းထားသည့်မိုင်းကွင်းဖြင့် တိုက်ခိုက်ခဲ့ရာ ၁၇ဦး ထပ်မံခန့်သေဆုံးကြောင်း ရဲဘော်ဝေကြီးက ထပ်မံပြောကြားသည်။

အဆိုပါ စစ်ဆင်ရေးများကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြိုင်ပကဖ)၊ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ရေစကြို ပကဖ) ၊ Salingyi Special Task Force-SSTF၊ မြန်မာ့တော်ဝင်နဂါးတပ်တပ်တော်(MRDA) တပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

မအူရဲစခန်းကို ၂၀၂၁ ဒီဇင်ဘာအတွင်းကလည်း ဒေသတွင်း PDFများက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သေးသည်။