Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကာလရှည်ကြာ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ယူကရိန်းပိုင် ဘက်ခ်မတ်မြို့ကို သိမ်းပိုက်နိုင်ပြီလို့ ရုရှားကြေးစားတပ် အကြီးအကဲဆို

ယူကရိန်း ပူးပေါင်းစစ်ဆင်ရေး ဌာနချုပ်ရုံးကလည်း ဘက်ခ်မတ်ဟာ ရန်သူရဲ့ အလုံးအရင်း ထိုးစစ်ဆင်မှုကို ခံနေရတဲ့တိုင် ယူကရိန်း စစ်သားတွေက အစွမ်းကုန် ရဲရဲရင့်ရင့် ခုခံနေကြဆဲလို့ မှတ်ချက် ပေးထားပါတယ်။

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ဘက်ခ်မတ်မြို့ထဲမှာ ရုရှား အလံကို လွှင့်ထူနိုင်ခဲ့ပြီလို့ ရုရှား ကြေးစားတပ်ဖွဲ့ Wagnerရဲ့ အကြီးအကဲက ကြေညာပေမယ့် ယူကရိန်း ကာကွယ်ရေး တပ်တွေကတော့ အစွမ်းကုန် ခုခံ တိုက်ခိုက်နေဆဲလို့ သိရပါတယ်။

ညပိုင်းမှာ ရိုက်ကူးထားတဲ့ ဗီဒီယို တစ်ခုထဲမှာတော့ Wagnerရဲ့ အကြီးအကဲ ယက်ဗ်ဂျီနီ ပရီဂေါ့ဇင်းက ဘက်ခ်မတ်မြို့မှာ ရုရှားအလံ လွှင့်ထူလိုက်ပြီဖြစ်ပြီး မြို့ကို သူ့တပ်တွေက တိုက်ခိုက် သိမ်းယူလိုက်ပြီလို့ တရားဝင် သတ်မှတ်နိုင်ကြောင်း ပြောကြားထားပါတယ်။

ဒါပေမဲ့ ယူကရိန်းဖက်က ခုခံမှုဟာ အရမ်းပြင်းထန်နေဆဲဖြစ်ပြီး အထူးသဖြင့် ဘက်ခ်မတ်မြို့ အနောက်ပိုင်း ဧရိယာတွေမှာ တိုက်ပွဲတွေ အရှိန်မြင့်နေဆဲလို့ သူက ဝန်ခံသွားပါတယ်။

Wagner ဦးဆောင်တဲ့ ရုရှားတပ်တွေဟာ ဒွန်းညက်စ်ခ် ဒေသမှာရှိတဲ့ ဆားကျင်းနဲ့ သတ္တုတွင်း လုပ်ငန်းတွေ ပေါများရာ ဘက်ခ်မတ်မြို့ကို သိမ်းယူဖို့ လပေါင်းအတော်များများ ကြိုးစားခဲ့ရပါတယ်။ ဒါပေမဲ့ မြို့စောင့်တပ်တွေရဲ့ ရွပ်ရွပ်ချွံချွံ ခုခံမှုကြောင့် ရုရှားရဲ့ စစ်ဆင်ရေးတွေ ထင်တိုင်း မပေါက်ခဲ့တဲ့အပြင် နှစ်ဖက်စလုံးလည်း အကျအဆုံး အရမ်းများခဲ့ပါတယ်။ ဘက်ခ်မတ်ဟာ ယူကရိန်း ခုခံစစ်ပွဲကြီး တစ်ခုလုံးရဲ့ အထင်ကရ ပုံရိပ်တစ်ခု ဖြစ်လာတဲ့အထိ မြို့စောင့်တပ်တွေက အစွမ်းကုန် ခုခံပြခဲ့ကြပါတယ်။

ဘက်ခ်မတ် မြို့သိမ်းတိုက်ပွဲကို ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ အရင်းနှီးဆုံး မဟာမိတ် တစ်ဦးလည်းဖြစ်တဲ့ ပရီဂေါ့ဇင်းရဲ့ Wagner အဖွဲ့သားတွေက အဓိက ဦးဆောင်ခဲ့တာပါ။ အခုအခါ မြို့ကို ရုရှားက သိမ်းယူလိုက်ပြီလို့ ပရီဂေါ့ဇင်းက ဆိုပေမယ့် ယူကရိန်း အစိုးရကတော့ ဒီကိစ္စကို အတည် မပြုသေးပါဘူး။

ယူကရိန်း ပူးပေါင်းစစ်ဆင်ရေး ဌာနချုပ်ရုံးကလည်း ဘက်ခ်မတ်ဟာ ရန်သူရဲ့ အလုံးအရင်း ထိုးစစ်ဆင်မှုကို ခံနေရတဲ့တိုင် ယူကရိန်း စစ်သားတွေက အစွမ်းကုန် ရဲရဲရင့်ရင့် ခုခံနေကြဆဲလို့ မှတ်ချက် ပေးထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဘက်ခ်မတ်ဟာ ရုရှားတပ်တွေ ပိုမို ချဉ်းကပ် ဝန်းရံလာမှုကို ခံခဲ့ရပြီး ယူကရိန်းရဲ့ အဓိက ထောက်ပံ့ရေး လမ်းကြောင်းတွေကပါ ရုရှား လက်နက်ကြီးတွေ လက်လှမ်းမီတဲ့ အခြေအနေထိ ရောက်လာခဲ့ပါတယ်။

စစ်ရေးသုတေသီတွေက ဘက်ခ်မတ်ဟာ မဟာဗျူဟာ အကွက်အကွင်း သိပ်မကျတဲ့ မြို့လို့ သတ်မှတ်ပေမယ့် ယူကရိန်း စစ်တပ်ကတော့ နိုင်ငံ အရှေ့ပိုင်း နယ်မြေတွေကို ထိန်းချုပ်ထားတဲ့ ရုရှားတပ်တွေဆီက စစ်လက်နက်တွေ အဆီးအတားမရှိ ဝင်ရောက်လာတာကို တားဆီးဖို့ဆိုရင် ဘက်ခ်မတ်ကို ကာကွယ်ဖို့ အထူးအရေးကြီးကြောင်း ပြောကြားထားပါတယ်။