Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကုလလုံခြုံရေးကောင်စီအလှည့်ကျဥက္ကဋ္ဌရုရှားတာဝန်ယူချိန် ပဇီကြီးရွာလေကြောင်းတိုက်ခိုက်ခံရမှုအပေါ် အရေးယူတုန့်ပြန်မှု မရရှိခဲ့ဟု NUG နိုင်ငံခြားရေးဝန်ကြီးပြော

ပဇီကြီးရွာလေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဥ်တွင် NUG ရရှိထားသော နောက်ဆုံးစာရင်းများအရ သေဆုံးသူများစာရင်းတွင် အသက် ၅ နှစ်အောက်မှ အသက်ခွဲခြားမရသော လူကြီးပိုင်းအထိ စုစုပေါင်း ၁၆၈ ဦးရှိကြောင်း သိရသည်။

(ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီ အစည်းအ​ဝေးတစ်ခုနှင့် လက်ရှိ လုံခြုံ​ရေး​ကောင်စီအလှည့်ကျ ဥက္ကဌတာဝန်ယူ​နေ​သော ရုရှားနိုင်ငံ၏ကုလသံအမတ်Vasily Nebenzya။ ဓါတ်ပုံ-AP / Gettyimages)
(ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီ အစည်းအ​ဝေးတစ်ခုနှင့် လက်ရှိ လုံခြုံ​ရေး​ကောင်စီအလှည့်ကျ ဥက္ကဌတာဝန်ယူ​နေ​သော ရုရှားနိုင်ငံ၏ကုလသံအမတ်Vasily Nebenzya။ ဓါတ်ပုံ-AP / Gettyimages)

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌအဖြစ် ရုရှား တာ၀န်ယူချိန် ယခုလတွင် ပဇီကြီးရွာလေကြောင်းတိုက်ခိုက်ခံရမှုအပေါ် ထိုက်သင့်သည့်အရေးယူမှု၊ တုန့်ပြန်ဆောင်ရွက်မှု မရရှိခဲ့ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးရွာလေကြောင်းတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ ဗြိတိန်အမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးက တဆင့်လုံခြုံရေးကောင်စီအရေးပေါ်အစည်းအဝေးခေါ်ယူရန် ကြိုးစားခဲ့ရာ အစည်းအဝေးပြုလုပ်နိုင်ခဲ့သော်လည်း ကောင်စီအတွင်း နိုင်ငံတစ်ခုချင်းစီအလိိုက် သဘောထား၊ မှတ်ချက်များ ပေးကြရုံသာ လုပ်ဆောင်နိုင်ခဲ့ကြောင်း ဝန်ကြီးဒေါ်ဇင်မာအောင်က ယနေ့ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“ကျွန်မတို့ဘက်ကတော့ တရားမျှတမှုရရှိဖို့ရယ်၊ နိုင်ငံတကာကနေ အထူးသဖြင့်ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အစည်းအဝေးမှာ ဗီတိုအာဏာရှိနေတဲ့ နိုင်ငံတချို့ရဲ့ဒါဟာ ပြည်တွင်းရေးပဲ ဖြစ်တယ်ဆိုတဲ့ စဥ်းစားချက်ကနေ ကျော်လွန်ပြီးတော့ စဥ်းစားကြဖို့ လိုနေပြီလို့ ကျွန်မတို့အနေနဲ့ မြင်ပါတယ်။ အဲဒီတော့ ဗီတိုအာဏာပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေအပေါ်မှာ နိုင်ငံကြီးတွေအနေနဲ့ ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားတွေ ခံစားနေရတဲ့ ဖိနှိပ်မှုတွေ၊ အကြမ်းဖက်ရက်စက်မှုတွေဟာ တကယ်က မျက်ဝါးထင်ထင်ကို ဘယ်သူမှ လိမ်မရ ပြုမရ ဖုံးကွယ်မရအောင် အားလုံးသိနေပြီးသားဖြစ်နေတာကို သိလျက်နဲ့ ပျက်ကွက်နေတာကိုက အင်မတန်မှ ရှက်စရာလည်းကောင်းတယ်။ ကုလသမဂ္ဂအနေနဲ့ရော လုံခြုံရေးကောင်စီအနေနဲ့ရော။ အထူးအားဖြင့်ဗီတိုအာဏာကို ကိုင်စွဲထားတဲ့ နိုင်ငံတွေ အနေနဲ့ ဒီကိစ္စမှာ ပိိုပြီးတာ၀န်ရှိတယ်လို့ ကျွန်မအနေနဲ့ မြင်မိပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ယခု ဧပြီလ၏ ကုလလုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌမှာ ရုရှားနိုင်ငံဖြစ်ပြီး ပဇီကြီးရွာလေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဥ်ကို အရေးပေါ်အစည်းအဝေးခေါ်ယူကာစစ်တပ်၏ ကျူးလွန်မှုများကို ကောင်စီက ကန့်ကွက်ရှုတ်ချရန်ကြိုးပမ်းမှုကို ဗီတိုအာဏာကိုင်ထားသော ရုရှားနှင့် တရုတ်တို့က သဘောမတူခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်၌ဖော်ပြသည်။

(ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီ အစည်းအ​ဝေးတစ်ခုနှင့် လက်ရှိ လုံခြုံ​ရေး​ကောင်စီအလှည့်ကျ ဥက္ကဌတာဝန်ယူ​နေ​သော ရုရှားနိုင်ငံ၏ကုလသံအမတ်Vasily Nebenzya။ ဓါတ်ပုံ-AP / Gettyimages)
(ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီ အစည်းအ​ဝေးတစ်ခုနှင့် လက်ရှိ လုံခြုံ​ရေး​ကောင်စီအလှည့်ကျ ဥက္ကဌတာဝန်ယူ​နေ​သော ရုရှားနိုင်ငံ၏ကုလသံအမတ်Vasily Nebenzya။ ဓါတ်ပုံ-AP / Gettyimages)

အခြားဗီတိုအာဏာကိုင်ထားသော ဗြိတိန်နှင့် အမေရိကန်တို့ကမူ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကို ပြင်းထန်စွာရှုတ်ချကန့်ကွက်ပြီး ပါဝင်ပတ်သက်သူများကို တာ၀န်ခံမှုရှိစေရေး ဆက်လက်ကြိုးပမ်းလုပ်ဆောင်မည်ဟု ထုတ်ပြန်ထားသည်။

ပြည်သူလူထု၏ လုံခြုံရေး၊ အသက်အိုးအိမ်စည်းစိမ်ကို ပြန်လည်ခြိမ်းခြောက်နေသော အကြမ်းဖက်စစ်ကောင်စီကို ရင်ဆိုင်နေရသည့် ပြည်သူလူထုအတွက် နိုင်ငံတကာအနေဖြင့် စာရွက်စာတမ်း၊ ကြေညာချက်များထက် ကျော်လွန်ရပ်တည်ရန် လိုအပ်နေပြီဆိုသည်ကို ပြီးခဲ့သည့် နှစ်နှစ်အတွင်း ကြိမ်ဖန်များစွာတောင်းဆိုခဲဲ့ပြီးဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။ အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)၊ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) ကဲ့သို့သောနေရာမျိုးများမှ တရားမျှတမှုဖော်ဆောင်ရန် ဆောင်ရွက်နေကြောင်းနှင့် တရားမျှတမှုဖော်ဆောင်သွားရန် NUG က ဖြစ်နိုင်သမျှအခြေအနေကို အစွမ်းကုန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးက အသိပေးသည်။

NUG လူ့အခွင့်အရေးဆိုင်ရာ ဦးအောင်မျိုးမင်းကလည်း ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံများက မြန်မာနိုင်ငံအရေးကို ဆွေးနွေးကြသော်လည်း ယခု ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဥ်တွင် ပြည်သူလူထုက အသက်ပေါင်းများစွာ၊​ သွေးပေါင်းများစွာရင်းနှီိးကာ စစ်တပ်၏ အကြမ်းဖက်မှုကို ရပ်တန့်အောင် နိုင်ငံတကာက လုပ်ဆောင်ရန် ထပ်မံသတိပေးလိုက်ခြင်းဖြစ်ကြောင်း ပြောသည်။

“ပြီးခဲ့တဲ့ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ထဲမှာ မြန်မာနိုင်ငံရဲ့ အခြေအနေ ဆိုးရွားတယ်လို့ ပြောကြားပြီးတော့ လက်ရှိဖြစ်ပွားနေတဲ့ အချက်အလက်တွေက နိုင်ငံတကာရာဇဝတ်မှု ချိုးဖောက်တဲ့ အခြေအနေမျိုး ရောက်နေပြီဆိုတဲဲ့ အကြောင်းအရာပါပါတယ်။ ဒါပေမဲဲ့ ဒီကန့်ဘလူကနေ အသက်ပေါင်းများစွာ၊ သွေးပေါင်းများစွာနဲ့ ပေးပို့လိုက်တဲ့ မက်ဆေ့ချ်ကတော့ ရောက်နေတာမဟုတ်ဘူး။ တကယ့်ကို ဖြစ်နေပါပြီ။ ဒီလောက်နဲ့ မရပ်ဘဲနဲ့ ဆက်ပြီးတော့ ဒါတွေကို တားဆီးဖို့အတွက် လုပ်ဆောင်ပေးဖို့ ထပ်ပြီး သတင်းစကားပေးလိိုက်တာပါ။ ပြည်သူတွေက အသက်နဲ့ရင်းပြီးတော့ ပေးလိုက်တဲဲ့ သတင်းစကားပဲဖြစ်ပါတယ်” ဟု လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးက​ပြောသည်။

ပဇီကြီးရွာလေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဥ်တွင် NUG ရရှိထားသော နောက်ဆုံးစာရင်းများအရ သေဆုံးသူများစာရင်းတွင် အသက် ၅ နှစ်အောက်မှ အသက်ခွဲခြားမရသော လူကြီးပိုင်းအထိ စုစုပေါင်း ၁၆၈ ဦးရှိကြောင်း သိရသည်။