Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (မေလ ၁၃ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ဆိုင်ကလုန်းမုန်တိုင်းမိုခါ အရေးပေါ်တုံ့ပြန်ရေး ကန်ဒေါ်လာ တစ်သန်း မတည်

ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) အရေးပေါ်တုံ့ပြန်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာကူညီရေးနှင့် ဘေးအန္တရာယ်တုံ့ပြန်ရေးကော်မရှင်အစည်းအဝေးကို ဒီနေ့ ကျင်းပခဲ့ရာ အရေးပေါ်တုံ့ပြန်ရေးအတွက် အမေရိကန်ဒေါ်လာ တစ်သန်း မ,တည်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အစည်းအဝေးက အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ (EOCC) ဖွဲ့စည်းမှုကို အတည်ပြုခဲ့ပြီး စစ်ကိုင်းနဲ့ မကွေးတိုင်းတို့မှာ မုန်တိုင်းဒဏ်တုံ့ပြန်ရေးအတွက် အရေးပေါ်ရန်ပုံငွေအဖြစ် အခွန်ကောက်ခံရရှိငွေရဲ့ ၁၀ ရာခိုင်နှုန်းသုံးစွဲဖို့လည်း ဆုံးဖြတ်ပါတယ်။ မိုခါဆိုင်းကလုန်းမုန်တိုင်းဒဏ်အဆိုးဆုံးခံရနိုင်​တဲ့ စစ်​တွေ၊ ကျောက်ဖြူ၊ မြေပုံ၊ ပေါက်​တော၊ ပုဏ္ဏကျွန်း၊ ရသေ့​တောင်၊ အမ်းစ​တဲ့ ​ဒေသမှ ပြည်သူများအ​နေနဲ့ ​ဘေးလွတ်ရာသို့ အမြန်ဆုံး​ပြောင်း​ရွေ့ကြဖို့ NUG က သတိ​ပေးပါတယ်။

(မိုခါမုန်တိုင်းကို ယ​နေ့ ဂြိုဟ်တုမှ​တွေ့ရစဥ်။ဓါတ်ပုံ-JTWC)
(မိုခါမုန်တိုင်းကို ယ​နေ့ ဂြိုဟ်တုမှ​တွေ့ရစဥ်။ဓါတ်ပုံ-JTWC)

▪️လူပေါင်း လေးသိန်းကျော်အတွက် စားနပ်ရိက္ခာ တစ်လစာ WFP ပြင်ဆင်ထား

မုန်တိုင်းကျမယ်လို့ခန့်မှန်းထားတဲ့ ရခိုင်ပြည်နယ်နဲ့အနီးအနားဒေသတွေက လူဦးရေ လေးသိန်းကျော်အတွက် တစ်လကြာတဲ့အထိ လုံလောက်တဲ့ စားနပ်ရိက္ခာတွေကို စီစဉ်ထားပြီးဖြစ်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီး(WFP)က ဒီနေ့ထုတ်ပြန်အသိပေးပါတယ်။ စားနပ်ရိက္ခာအပြင် အရေးပေါ်ကယ်ဆယ်ရေး ပစ္စည်းကိရိယာတွေကိုလည်း ကြိုတင်နေရာချထားပြီးဖြစ်တယ်လို့ WFP က ဆိုပါတယ်။ မုန်တိုင်းမကျမီ အသင့်ပြင်ဆင်ထားနိုင်ဖို့နဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာအသုံးပြုနိုင်ဖို့အတွက် ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးစနစ်တွေကိုလည်း တပ်ဆင်နေတယ်လို့ WFP က အသိပေးပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ အလွန့်အလွန်အင်အားကောင်းလာနေပြီး ဒီနေ့မနက်ပိုင်း စစ်တွေမြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် ၃၄၀ ခန့်မှာ ရောက်ရှိနေပြီလို့ အိန္ဒိယနဲ့မြန်မာ မိုးဇလက ထုတ်ပြန်ထားကြပါတယ်။

မုန်တိုင်းကြောင့် လူပေါင်း လေးသိန်းကျော်အတွက် စားနပ်ရိက္ခာ တစ်လစာ WFP ပြင်ဆင်ထား
မုန်တိုင်းကြောင့် လူပေါင်း လေးသိန်းကျော်အတွက် စားနပ်ရိက္ခာ တစ်လစာ WFP ပြင်ဆင်ထား

▪️စစ်ကိုင်း၊ မ​ကွေး၊ ချင်းမှ စစ်​ရှောင်ပြည်သူများ မုန်တိုင်း​အန္တရာယ်ထက် စစ်တပ်​အန္တရာယ်ကိုပိုစိုးရိမ်​နေရ

မိုခါဆိုင်ကလုန်းမုန်တိုင်းသက်​ရောက်မှုဟာ စစ်​ဘေး​ရှောင်အများစုရှိ​နေ​တဲ့ စစ်ကိုင်း၊ မကွေးနဲ့ ချင်းပြည်နယ်များလည်း ကြုံရမှာဖြစ်ပေမယ့် အဲဒီဒေသက ပြည်သူတွေဟာ မုန်တိုင်းအန္တရာယ်ထက် စစ်ကောင်စီတပ်ရဲ့ အန္တရာယ်ကို ပိုမိုစိုးရိမ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်များက ပြောပါတယ်။ ထီးချိုင့်၊ ယင်းမာပင်၊ ကန့်ဘလူ၊ ဆော၊ ပုလဲ၊ ရွှေဘို စတဲ့ဒေသများမှ ဒေသခံများ၊ ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူများ၊ အုပ်ချုပ်​ရေးတာဝန်ရှိသူများသို့ ဆက်သွယ်​မေးမြန်းရာ မုန်တိုင်းအတွက် ပြင်ဆင်ခြင်းထက် စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ စစ်ကြောင်းထိုးမှုအတွက် စိုးရိမ်ထိတ်လန့်နေကာ ပြင်ဆင်နေကြရတယ်လို့ ဆိုပါတယ်။ စစ်ကိုင်းတိုင်းမှာ မိုခါဆိုင်ကလုန်းမုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ဖို့ လိုအပ်နေချိန်မှာ ကနီနဲ့ယင်းမာပင်နယ်စပ်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး‌နေပြီး နှစ်ရက်အတွင်း အရပ်သားပြည်သူ ငါးဦးကို သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။

(စစ်ကောင်စီတပ် စစ်ကြောင်းထိုး မီးရှိဖျက်ဆီးမှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ခင်ဦးနယ် ပြည်သူများအား ၂၀၂၃ မေလ ၈ရက်က တွေ့ရစဥ်။ ဓာတ်ပုံ- ခင်ဦးမြိုနယ် သတင်းမှန်ပြန်ကြားရေး)
(စစ်ကောင်စီတပ် စစ်ကြောင်းထိုး မီးရှိဖျက်ဆီးမှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ခင်ဦးနယ် ပြည်သူများအား ၂၀၂၃ မေလ ၈ရက်က တွေ့ရစဥ်။ ဓာတ်ပုံ- ခင်ဦးမြိုနယ် သတင်းမှန်ပြန်ကြားရေး)

▪️မုန်တိုင်းအန္တရာယ်ကင်းရေးကြိုပြင်ဖို့ PDF တပ်ရင်းတပ်ဖွဲ့များသို့ ညွှန်ကြားထားဟုဆို

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့ အခြေစိုက်စခန်းများနဲ့ တပ်ဖွဲ့ဝင်များ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးမှု မရှိစေရေး၊ ပြည်သူလူထုကို မုန်တိုင်းအန္တရာယ်မှဘေးကင်းလုံခြုံစေရေးတို့အတွက် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများကို ကွပ်ကဲမှုအဆင့်ဆင့် ကြပ်မတ်ကာ သက်ဆိုင်တဲ့ အဖွဲ့အစည်းများနဲ့ ပူးပေါင်းကာ အမြန်ဆုံးဆောင်ရွက်သွားဖို့ ညွှန်ကြားထားတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ အသိပေးပါတယ်။ အဲဒီညွှန်ကြားချက်ကို မုန်တိုင်းသတင်းရပြီးနောက် မေလ ၆ ရက်ကတည်းက ညွှန်ကြားခဲ့တာလို့ ဆိုပါတယ်။ မုန်တိုင်းဒဏ်ကြောင့် ဖြစ်လာနိုင်တဲ့အခြေအနေအရပ်ရပ်ကို အလေးထားစောင့်ကြည့်နေတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။

▪️မြန်မာ့အရေး အာဆီယံခေါင်းဆောင်များ မကိုင်တွယ်နိုင်တာကြောင့် ပြင်ပအကူအညီ ဖိတ်ခေါ်ရတော့မယ်လို့ NUG ထုတ်ပြန်

မြန်မာ့အရေးကို အာဆီယံခေါင်းဆောင်များ ပူးပေါင်းကိုင်တွယ်နိုင်ခြင်းမရှိသည်မှာ သိသာထင်ရှားပြီး ပြင်ပမှ ကူညီဆောင်ရွက်ပေးမှုများကို ဖိတ်ခေါ်ရတော့မယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက သဘောထားထုတ်ပြန်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားဝန်ကြီးဌာနဟာ ၄၂ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးပွဲအပြီး ထုတ်ပြန်ခဲ့တဲ့ အာဆီယံဥက္ကဌရဲ့ ထုတ်ပြန်ချက်ကို စိတ်ပျက်မိကြောင်း ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးပွဲရလဒ်ဟာ မြန်မာနိုင်ငံအပေါ်အရေးယူဖို့ အခွင့်အလမ်းကို ထပ်မံလက်လွှတ်ဆုံးရှုံးလိုက်ရခြင်းပင်ဖြစ်ပြီး တိုးတက်ဖြစ်ထွန်းမှုများမဆောင်ရွက်နိုင်ဖြစ်ခဲ့ရတယ်လို့ NUG က ဆိုပါတယ်။ စစ်အာဏာရှင်တို့ရဲ့ ရည်ရွယ်ချက်ရှိရှိ ရန်စတဲ့လုပ်ရပ်များရှိနေပေမယ့် အာဆီယံဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်အသစ်ဟာ ‘မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများနှင့် အကြမ်းဖက် မှုများတိုးမြင့်လာခြင်း’ အတွက် စိုးရိမ်ကြောင်းမျှသာဖော်ပြရုံဖြစ်ပြီး အရင်အာဆီယံဆုံးဖြတ်ချက်များကို ထပ်လောင်းပြောကြားခြင်းမျှသာဖြစ်တယ်လို့ နိုင်ငံခြားရေးက ဖော်ပြပါတယ်။

(အင်ဒိုနီးရှား အာဆီယံထိပ်သီးအစည်းအ​ဝေးတက်​ရောက်ခဲ့​သော အာဆီယံ​အစိုးရ​ခေါင်း​ဆောင်များ။ဓါတ်ပုံ-CNN)
(အင်ဒိုနီးရှား အာဆီယံထိပ်သီးအစည်းအ​ဝေးတက်​ရောက်ခဲ့​သော အာဆီယံ​အစိုးရ​ခေါင်း​ဆောင်များ။ဓါတ်ပုံ-CNN)

▪️ထားဝယ်သို့လာတဲ့ စစ်ကားနှစ်စီးကို မိုင်းဆွဲတိုက်ခိုက်၊ တစ်စီးပျက်စီးပြီး ငါးဦးထိခိုက်

တနင်္သာရီတိုင်း၊ မြိတ်ဘက်မှ ထားဝယ်မြို့ဘက်လာတဲ့ စစ်ကောင်စီ​ရဲ့ ယာဉ်နှစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တစ်စီးပျက်စီးပြီး ငါးဦးထက်မနည်းထိခိုက်မှုရှိနိုင်တယ်လို့ မြိတ်ခရိုင် PDF တပ်ရင်း (၁) Palaw People’s Defence Force တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ မြိတ်ခရိုင် တပ်ရင်း (၁) တပ်နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က မေလ ၁၁ ရက် မနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အပြင် (၄ဝ)မမနဲ့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ငါးဦးထက်မနည်းထိခိုက်မှုရှိတယ်လို့ ဆိုပါတယ်။ ကားတစ်စီးမှာ ဆက်လက်မောင်းနှင်နိုင်ခြင်းမရှိတော့ဘဲ ထိုးရပ်သွားတယ်လို့ မြိတ်ခရိုင် တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

▪️ဒီးမော့ဆိုမြို့နယ်မှာ KNDF နယ်မြေရှင်းလင်းစဉ် သင်္ဂြိုလ်ထားတဲ့ စစ်ကောင်စီတပ်သားရုပ်အလောင်းများတွေ့

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ နယ်မြေရှင်းလင်းစဉ် သင်္ဂြိုလ်ထားတဲ့ ရုပ်အလောင်းများတွေ့ရှိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ မနေ့က ဒီးမော့ဆို အရှေ့ဘက်ခြမ်းတစ်နေရာကို နယ်မြေရှင်းလင်းစဥ် စစ်ကောင်စီရုပ်အလောင်းသုံးခုထက်မနည်း တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ လက်ရှိ ကရင်နီဒေသတွင်း စစ်ရေးအရအင်အားထပ်မံဖြည့်တင်းပြီး တစ်ကျော့ပြန် စစ်ကြောင်းထိုးဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီတပ်ဟာ တောင်မဲသင်းရွာမှတဆင့် ဖယ်ခုံမြို့ဘက်ခြမ်းရှိ တောင်စလုံးနဲ့ မြောက်စလုံးရွာတို့ကို နယ်မြေစိုးမိုးနိုင်ရေးကြိုးပမ်းနေပါတယ်။

(KNDF ရဲဘော်များနယ်မြေရှင်းလင်းရေးလုပ်ဆောင်နေစဉ်။ဓာတ်ပုံ - KNDF)
(KNDF ရဲဘော်များနယ်မြေရှင်းလင်းရေးလုပ်ဆောင်နေစဉ်။ဓာတ်ပုံ – KNDF)