Connect with us
close

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“(စစ်ကောင်စီနဲ့) နိုင်ငံရေးဆွေးနွေးဖို့ မရှိဘူးဆိုတာ အတိအလင်းကျနော်တို့ ပြောလို့ရတယ်”

စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်ကြားက ကွန်ဂရက်ကို အောင်မြင်စွာ ကျင်းပနိုင်မှု၊ ကွန်ဂရက်ကာလအတွင်း ဆွေးနွေးခဲ့တဲ့အကြောင်းအရာနဲ့KNU ရဲ့ ရှေ့ဆက်ဆောင်ရွက်မယ့် စစ်ရေး နိုင်ငံရေးအခြေအနေတွေကို KNU ဗဟိုအမြဲတမ်းကော်မတီဝင်တစ်ဦးဖြစ်သလို အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူဖြစ်လာတဲ့ ပဒိုစောကလယ်စေးကို People’s Spring က ဆက်သွယ်မေးမြန်းထားတာကိုဖော်ပြလိုက်ပါတယ်။

(KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေး)
(KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေး)

▪︎KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးနဲ့မေးမြန်းခန်း

စစ်အာဏာသိမ်းပြီးနောက် ပြည်သူလူထုဘက်ကရပ်တည်ပြီး စစ်အာဏာရှင်တိုက်ဖျက်ရေး တိုက်ပွဲဝင်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) ရဲ့ ခေါင်းဆောင်များ ပြန်လည် ရွေးကောက်တင်မြှောက်တဲ့ညီလာခံကို ၂၀၂၃ ဧပြီ ၂၄ရက်ကနေ မေလ ၄ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။ ၁၇ကြိမ်မြောက် KNU ညီလာခံကနေ ဗဟိုကော်မတီဝင် ၄၅ဦး၊ ဥက္ကဋ္ဌ အပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၁၁ဦးနဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး အပါအဝင် ဌာနဆိုင်ရာ တာဝန်ခံတွေကို ရွေးကောက်တင်မြောက်ခဲ့ပြီးဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်ကြားက ကွန်ဂရက်ကို အောင်မြင်စွာ ကျင်းပနိုင်မှု၊ ကွန်ဂရက်ကာလအတွင်း ဆွေးနွေးခဲ့တဲ့အကြောင်းအရာနဲ့KNU ရဲ့ ရှေ့ဆက်ဆောင်ရွက်မယ့် စစ်ရေး နိုင်ငံရေးအခြေအနေတွေကို KNU ဗဟိုအမြဲတမ်းကော်မတီဝင်တစ်ဦးဖြစ်သလို အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူဖြစ်လာတဲ့ ပဒိုစောကလယ်စေးကို People’s Spring က ဆက်သွယ်မေးမြန်းထားတာကိုဖော်ပြလိုက်ပါတယ်။

​သက်ဝေ/People’s Spring

​မေး-KNUရဲ့ ၁၇ ကြိမ်မြောက်ညီလာခံကျင်းပခဲ့မှုအခြေအနေကိုအကျဥ်းရှုံ့ပြီးရှင်းပြပေးပါလား။

​ဖြေ-ကွန်ဂရက်ကျင်းပတာကဧပြီလ ၂၄ရက်စကျင်းပတာ မေလ ၄ရက်နေ့အထိပေါ့။ ၁၀ရက်ကြာလောက်ကျင်းပခဲ့တာပေါ့။ ပြီးတော့ ကွန်ဂရက် ကျင်းပတာက စတိတ်မန့်ထဲမှာ ပြောထားတဲ့အတိုင်းပေါ့ လုံခြုံရေးအခြေအနေအရသော်လည်းကောင်း ခရီးသွားလာရေးအရသော်လည်းကောင်းကျနော်တို့က အွန်လိုင်းမှာ ကျင်းပခဲ့တာဖြစ်တယ်။

အခက်အခဲကတော့ အွန်လိုင်းမှာ လုပ်ရတာဖြစ်တဲ့အတွက် နည်းပညာပိုင်းဆိုင်ရာ အားနည်းချက်တွေ၊ နောက် ကျနော်တို့က လူခွဲပြီး လုပ်ရတဲ့အပေါ် နေရာအခက်အခဲလေးတွေ၊ နောက်ပြီး ရာသီဥတု ပူပြင်းတော့ ပူလောင်မှုဒဏ်လေးတွေ အဲဒါလေးတွေရှိနေပါတယ်။ နောက်တစ်ခုက ကွန်ဂရက်ကျင်းပတိုင်း အခက်အခဲ တစ်ခုဖြစ်တာကရွေးချယ်တင်မြှောက်ရေးကိစ္စပဲဖြစ်ပါတယ်။ ရွေးချယ်တင်မြှောက်တဲ့နေရာမှာတော့ အခက်အခဲက ဒီလိုပါ လိုင်းပေါ်မှာ နည်းပညာ အခက်အခဲဖြစ်တဲ့အတွက် ကြန့်ကြာတဲ့အပိုင်းတွေတော့ ကြုံတွေ့ခဲ့ရတာပေါ့။ နောက်တစ်ခုက ဆွေးနွေးတဲ့နေရာမှာ အသံကြည်လင်မှု မပြတ်သားမှုတွေရှိနေတဲ့ အပေါ်မှာလည်း အခက်အခဲတွေရှိနေတာပေါ့။ အဲဒါတွေလောက်ပါပဲ။

​မေး-ကွန်ဂရက် ကိုယ်စားလှယ် တက်ရောက်မှု အနေအထားက ဘယ်လိုရှိပါသလဲ။သတင်းအချို့မှာက KNU တပ်မဟာ(၂)နဲ့ (၅)က မဲမပေးတာ အရွေးမခံတာမျိုးရှိတော့ ဒီအခြေအနေအပေါ်ရှင်းပြပေးပါလား။

​ဖြေ-အဲဒီ ဖြစ်ခဲ့တဲ့အတိုင်းပဲ ကျနော်တို့ တပ်မဟာ(၅)နဲ့ တပ်မဟာ(၂)ကတော့ ပါဝင်တက်ရောက်ခြင်းတော့ မရှိဘူး။ သို့သော်ငြားလည်း ကွန်ဂရက်ရဲ့ ဆုံးဖြတ်ချက်အားလုံးကို လိုက်နာပါတယ်ဆိုတာကိုတော့ အတိအလင်း ပြောဆိုဆွေးနွေးပြီး အသိပေးတာတော့ အဲဒီမှာတော့ ဖြစ်ခဲ့တာပေါ့။ အခြာတော့မရှိပါဘူး။ သူတို့ရဲ့ မပါဝင်နိုင်တဲ့ အခြေအနေတစ်ခုပဲရှိပါတယ်။

​မေး-သူတို့( KNU တပ်မဟာ ၂ ၊ ၅ )ဘာကြောင့် မပါဝင်နိုင်တာလဲဆိုတာ​​ပြောပြလို့ရပါလား။

​ဖြေ-အကြောင်းတရားကတော့ စတိတ်မန့်ထဲကဒုတိယအစောင်(ရာဇဝတ်မှုများနှင့်ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများအပေါ် KNU၏ သဘောထား)ပေါ့နော် အဲဒီအပေါ်မှာပဲ အခြေခံပါတယ်။ အဲဒါကြောင့်မို့လို့ စတိတ်မန့် ဒုတိယအစောင်မှာက အထင်မှား အမြင်မှား ခံရတဲ့ ကျနော်တို့ ခေါင်းဆောင်တွေ အပေါ်မှာ ရှင်းလင်းပြီးမှပဲ ကွန်ဂရက်ကို ဆက်သွားဖို့ အတွေးအခေါ်အယူအဆပိုင်းအဲဒါကြောင့်ပါပဲ။ကျန်တာတော့ ဘာမှ မဟုတ်ပါဘူး။

​မေး-တရုတ်မြို့သစ်စီမံကိန်းကလောင်းကစားနဲ့ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းကိစ္စတွေနဲ့ ပတ်သက်ပြီး ပြောဆိုချက်တွေ အပေါ် သဘောမကျတာတွေကြောင့်လား။

​ဖြေ-သူတို့အနေနဲ့ ရှင်းရှင်းလင်းလင်း လေး မသိရနိုင်သေးတဲ့အတွက်ဖြစ်ပါတယ်။

​မေး-အဲဒီကိစ္စကို ဘယ်လိုဖြေရှင်းသွားမယ်လို့ သူတို့ကို အသိပေးထားပါသလဲ။

​ဖြေ- ကျနော်တို့ နောက်ဆုံး စတိတ်မန့်ဒုတိယအစောင်မှာ ပါရှိတဲ့အတိုင်းပဲ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးတွေဖွဲ့စည်းပြီးအဲဒါကို ဆက်လက်စုံစမ်းသွားမှာပဲ။ စုံစမ်းမှုမှာ ဖြစ်ပေါ်လာတဲ့ ရရှိတဲ့ အခြေအနေတွေကိုလည်း လိုအပ်ရင်လိုအပ်သလို ထုတ်ပြန်သွားမယ်ဆိုတာ စတိတ်မန့်ထဲမှာ ထည့်သွင်းဖော်ပြထားတာဖြစ်တယ်။ အဲဒါကြောင့် အဲဒီအတိုင်း ဆက်သွားဖို့ ပဲ သူတို့ကို အသိပေးထားတာပေါ့နော်။

​မေး-အခု KNU ခေါင်းဆောင်အပြောင်းအလဲတွေကြောင့် တော်လှန်ရေးအပေါ် သက်ရောက်လာနိုင်ပါသလား။

​ဖြေ-ခေါင်းဆောင်အပြောင်းအလဲကြောင့် တော်လှန်ရေးအပေါ် သက်ရောက်မှုကတော့ ရှိစမြဲပဲ။ ဒါပေမဲ့သူ့ရဲ့သက်ရောက်မှုက အကောင်းဘက်လား အဆိုးဘက်လားဆိုတာ ကျနော်တို့က ခန့်မှန်းလို့မရဘူးပေါ့။

​မေး-ပြီးခဲ့ရက်ပိုင်းမှာ အင်ဒိုနီးရှားက NUG တို့ EROတို့ စစ်ကောင်စီတို့ သက်ဆိုင်သူအားလုံးနဲ့အကြိမ်ပေါင်း ၆၀ လောက် တွေ့ဆုံ​ဆွေး​နွေးခဲ့တယ်လို့ပြောပါတယ်။ KNUနဲ့ ​ရောတွေ့ဆုံ ဆွေးနွေးခဲ့တာတွေရှိပါသလား။

​ဖြေ- အဲဒီဘက်အပိုင်းတော့ ကျနော်တော့ ဘာမှ ပြောလို့မရဘူး။ပြောလို့မရဘူးဆိုတာ ကိုယ့်ရဲ့ပါဝင်မှုကမရှိဘူးလေ။ ပါဝင်မှုမရှိတော့ မသိဘူးဖြစ်နေတာပေါ့။

​မေး-ကွန်ဂရက်ကျင်းပပြီးပြီဆိုတော့ ရှေ့ဆက်ဆောင်ရွက်မယ့် အခြေအနေတွေနဲ့ ပတ်သက်ပြီး ဘာတွေပြောလိုပါသလဲ။

​ဖြေ- ကျနော်တို့ KNU အနေနဲ့က ညီလာခံအပြီးမှာရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ပြီး ကရင်အမျိုးသားအကျိုး၊ တစ်နိုင်ငံလုံးအကျိုးကို တစိုက်မတ်မတ် ဆက်လက်ပြီး မိမိတို့ ယုံကြည်ချက်အတိုင်းကိုပဲ ဆက်လက် ကြိုးစားဆောင်ရွက်သွားဖို့တော့ရှိပါတယ်။

​မေး-KNU အုပ်ချုပ်ရေးဘက်အပြောင်းအလဲတော့ပြီးပြီ။ စစ်ဘက်က စစ်ဦးစီးချုပ်တို့ ၊KNDO တို့ ၊ရဲတပ်ဖွဲ့တို့ စတဲ့လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ခေါင်းဆောင် အပြောင်း အလဲတွေရော ရှိခဲ့ပါသလား။

​ဖြေ-လက်ရှိအခြေအနေအရကတော့ အပြောင်းအလဲမရှိသေးပါဘူး။

​မေး-စစ်ဘက်ခေါင်းဆောင်မှု အပြောင်းအလဲက ကွန်ဂရက်က လုပ်တာလား စစ်ဘက်ကပဲ အပြောင်းအလဲ လုပ်တာလား။

​ဖြေ-ကွန်ဂရက်ကပဲအဓိက အပြောင်းအလဲဖြစ်မှာက ကွန်ဂရက်ထဲမှာလည်းရှိတယ်။ အဲဒါကြောင့် လက်ရှိ ထုတ်ပြန်ထားတဲ့ စာရင်းဇယားအရ စစ်ဘက်ဆိုင်ရာမှာ တာဝန်ထမ်းဆောင်မယ့် ခေါင်းဆောင်တွေကတော့ တပ်မှူးများ ညီလာခံ ထပ်ပြီး ကျင်းပတဲ့အချိန်ကျရင် ဘယ်လိုဖြစ်လာမလဲ မသိဘူး။ လောလောဆယ်အတိအကျကတော့ ဒီလက်ရှိ ခေါင်းဆောင်တွေကပဲ ဆက်လက်ဦးဆောင်နေတာပေါ့။

​မေး-ကွန်ဂရက်ကို အဆင့်သုံးဆင့်ကျင်းပခဲ့တယ်ဆိုတော့ အရင် ကွန်ဂရက်ကျင်းပခဲ့မှုတွေနဲ့ ဘယ်လိုကွာခြားသွားသလဲ။

​ဖြေ- အဆင့်သုံးဆင့်နဲ့ သွားတဲ့နေရာမှာ ပထမအဆင့်နဲ့ ဒုတိယ အဆင့်က လူချင်းတွေ့ပြီးဆွေးနွေးသွားတယ်။ နောက်ဆုံးတတိယ အဆင့်မှာက အခြေအနေ အကြောင်းတရားတွေကြောင့် လိုင်းပေါ်ကနေ ကျင်းပရတာဖြစ်တာပေါ့။ အဲဒါကြောင့်မို့လို့ လူချင်းတွေ့ဆုံဆွေးနွေးတဲ့နေရာမှာတောင် နေရာဒေသအစုံကနေ ပြီးကျင်းပရတာဖြစ်တယ်။အဲဒါကြောင့် ဆွေးနွေးအားကတော့ အရင်လို ဆွေးနွေးအား မကောင်းဘူး အဲဒါတော့ရှိတယ်။ အချိန်လည်း အများကြီးကုန်တာပေါ့။ အချို့က စိတ်ကြိုက်ဆွေးနွေးခွင့်မရတာ တို့တော့ရှိတယ်။ သို့သော်ငြားလည်းအားလုံးရဲ့ သဘောထားကတော့ ဒီလိုအခြေအနေမျိုးမှာဒီအတိုင်းပဲသွားသင့်တယ်ဆိုတာလက်ခံထားပြီးသားဖြစ်တယ်။

​မေး-KNU တပ်မဟာ(၄)မှာလည်း ကွန်ဂရက်မတိုင်ခင်က KTLA(ကော်သူးလေအာမီ)နဲ့ ထိတွေ့မှု ဖြစ်တာရှိသလို အခုလည်းမွန်တပ်ဖွဲ့ အချို့နဲ့ ပြဿနာအချို့ရှိတယ်ဆိုတဲ့အပေါ်ရှင်းပြပေးပါလား။

​ဖြေ- လောလောဆယ် ကျနော်တို့ ဒီဘက်မှာ ဘာသတင်းမှ မရသေးဘူး။ အစီရင်ခံစာတွေ၊ ကြေးနန်းတွေလည်း မရသေးတဲ့အပေါ်မှာ အတိအကျတော့ ဘာမှ ကျနော်တို့ အနေနဲ့ ပြောလို့မရသေးဘူးဖြစ်နေတယ်။

​မေး-စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်ဟာ ကွန်ဂရက် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စိန်ခေါ်မှု ဖြစ်တယ်လို့အရင်တာဝန်ရှိသူအချို့က ပြောထားတာရှိတယ်။ ညီလာခံကျင်းပတဲ့ ကာလအတွင်းမှာရော လေကြောင်းကနေ နှောက်ယှက်တာမျိုးတွေကြုံခဲ့ရပါသလား။

​ဖြေ- ညီလာခံကို နှောက်ယှက်တာလား၊ ဘာကိုနှောက်ယှက်တာလဲဆိုတာ ကျနော်တို့တော့ အတိအကျမသိဘူး။ သို့သော်အဲဒီအချိန်ကာလမှာတော့ လေယာဉ်တွေတော်တော်လေးလာတယ်။ ဒါပေမဲ့ညီလာခံမတိုင်ခင်နဲ့ ညီလာခံပြီးတဲ့နောက်ပိုင်းမှာလည်း အမြဲလာနေတယ်ဆိုတော့ ဒါကလည်း ပြောရခက်တာပေါ့။

​မေး-စစ်​ကောင်စီလေကြောင်းကဘယ်ခရိုင်တပ်မဟာတွေကိုလာတာလဲ။

​ဖြေ-ကျနော်တို့ သိရသလောက်ဆိုရင် တပ်မဟာတိုင်းကို နေ့စဉ်နဲ့အမျှ ကင်းလှည့်တာတစ်မျိုး၊ နောက်တစ်မျိုးက သူတို့ ဂျက်တိုက်လေယာဉ်နဲ့ လှည့်ပတ်ပျံသန်းတာတစ်မျိုးပေါ့။ အဲဒါတွေက တပ်မဟာတိုင်းမှာ နေ့စဉ်လာတာမျိုးရှိတယ်။

​မေး- ၁၆ကြိမ်မြောက် ညီလာခံတုန်းက ဖွဲ့စည်းပုံအရ ကွန်ဂရက်ကို လေးနှစ်တကြိမ်ကျင်းပမယ်။တကယ်လို့ ကျင်းပဖို့ အဆင်မပြေရင် အရေးပေါ်အခြေအနေ ၂နှစ်သတ်မှတ်ပေးထားပြီး အဲဒီကာလအတွင်းမှာ ကျင်းပဖို့ ဆိုတာရှိတာပေါ့။ဒါပေမဲ့ အခု ၁၇ကြိမ်မြောက် ကွန်ဂရက်က သတ်မှတ် ၄နှစ်အတွင်း မကျင်းပနိုင်ခဲ့သလို အရေးပေါ် ကာလ ၂နှစ်အတွင်းလည်း မကျင်းပနိုင်ခဲ့ဘဲ နောက်ကျခဲ့တာပေါ့။ အဲဒီအပေါ်မှာ ဖွဲ့စည်းပုံပြင်တာတွေရှိပါသေးလား။

​ဖြေ- အဲဒီကွန်ဂရက်ကျင်းပဖို့ကာလကိုအပြောင်းအလဲမရှိသေးပါဘူး။ အရေးပေါ် အခြေအနေအရအများဆုံး သတ်တမ်း နှစ်နှစ်တိုးနိုင်တယ်ဆိုတဲ့ အဲဒီပုဒ်မကလည်း မပြောင်းလဲပါဘူး။ဒီအတိုင်း ဆက်ရှိနေဆဲပါ။

​မေး-KNU အနေနဲ့ စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်သူတွေနဲ့အတူ ရပ်တည်တာ၊ အဲဒီဒေသကိုလာတဲ့ လူတွေကို ကူညီကာကွယ်ပေးတာ၊ လူငယ်တွေကို သင်ကြားပေးတာတွေရှိခဲ့တယ်။ အာဏာသိမ်းပြီး​နောက်ပိုင်းစစ်ကောင်စီနဲ့လည်းတိုက်ပွဲတွေ ၈၀၀၀ လောက်ရှိခဲ့တယ်။ အခု ကွန်ဂရက်မှာရော စစ်ရေး၊ အပြင် အခြားစဉ်းစားချက်တွေရှိခဲ့ပါသလား ။ဥပမာ စစ်ကောင်စီနဲ့ ဆွေးနွေးမှုလုပ်ဖို့ ဆိုတာမျိုး စဉ်းစားတာရှိပါသလား။

​ဖြေ-ကျနော်တို့ရဲ့ပြီးခဲ့တဲ့ စတိတ်မန့်တော်တော်များများကို ထုတ်ပြန်ထားတာရှိပါတယ်။ ဒီ(စစ်ကောင်စီနဲ့) နိုင်ငံရေးဆွေးနွေးဖို့ မရှိဘူးဆိုတာ အတိအလင်းကျနော်တို့ ပြောလို့ရတယ်။ ကျနော်တို့ လျှောက်နေတဲ့ လမ်းကိုပဲ ကျနော်တို့ ယုံကြည်ချက်ရှိရှိနဲ့ တစိုက်မတ်မတ် ဆက်ပြီး လျှောက်သွားဖို့ပေါ့။ တစိုက်မတ်မတ် လျှောက်ဖို့ဆိုတာ အာဏာသိမ်းပြီးနောက်ပိုင်း ကျနော်တို့ ဆောင်ရွက်ခဲ့တဲ့ လုပ်ခဲ့တဲ့ စစ်ရေးဆိုင်ရာ နိုင်ငံရေးဆိုင်ရာ ကိစ္စတွေက ဒီအတိုင်းပဲ မပြောင်းမလဲ ဆက်ရှိနေမယ်လို့ အတိအကျ ပြောလို့ရပါတယ်။

​မေး-KNU ရဲ့ ဌာနဆိုင်ရာ ၁၄ခုမှာ နှစ်ခုဖျက်သိမ်းလိုက်တယ် အဲဒီအထဲမှာ မဟာမိတ်ရေးရာဌာန လည်း ပါတယ်လို့ သိရတော့ ဘာကြောင့်ဆိုတာရှင်းပြပေးပါလား။

​​ဖြေ- မဟာမိတ်ရေးရာဆိုတာထက် ကျနော်တို့နောက်ပိုင်းမှာက ပြန်လည်သုံးသပ်တော့ မဟာမိတ်ဆိုတဲ့ စကားလုံးအသုံးအနှုံးက ယနေ့ အချိန်အခါနဲ့ကိုက်ညီမှုကတော့ သိပ်မရှိတော့ဘူးလို့ ကျနော်တို့ ယူဆတယ်။ ဘာကြောင့်လဲဆိုရင် မဟာမိတ်ဆိုတဲ့ အသုံးအနှုန်းက ဒုတိယ ကမ္ဘာစစ်နဲ့ ပထမ ကမ္ဘာစစ်ကာလတုန်းက အသုံးပြုခဲ့တဲ့ စကားလုံးတွေဖြစ်တာပေါ့နော်။ သူ့ရဲ့ ဆောင်ရွက်ချက်နဲ့ မဟာမိတ်တွေရဲ့ ဆောင်ရွက်ချက်တွေက သေအတူ ရှင်အတူဆိုတဲ့ ပုံစံမျိုးနဲ့ မဟာမိတ်ရေးရာ ဆောင်ရွက်ခဲ့ကြတာကိုး။ ဒါပေမဲ့ ယနေ့အချိန်အခါမှာကျတော့ နိုင်ငံရေးအတွေးအခေါ်အရ အခြေအနေ အကြောင်းတရားအမျိုးမျိုးကြောင့် အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေး အခြေအနေက မတူတဲ့အပေါ်မှာ မဟာမိတ်ရယ်လို့ မသုံးတော့ဘဲနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေပဲ လုပ်ဆောင်ဖို့ ကျနော်တို့ ပြန်လည်ဆုံးဖြတ်တဲ့အခါ မဟာမိတ်ရေးရာ မပါရှိခဲ့တာဖြစ်တယ်။ သို့သော်ငြားလည်းပဲ ဘ၀တူ တိုင်းရင်းသားညီနောင် ညီအကို လူတန်းစားမရွေး အဖွဲ့အစည်းမရွေးဆိုတဲ့ အခြေအနေအပေါ်မှာ ပူးပေါင်းဆောင်ရွက်မှုတွေဆက်လက်လုပ်သွားမယ်လို့တော့ ကျနော်တို့ အတိအကျ ပြောလို့ရတယ်။ ဒါကြောင့် စကားလုံးအသုံးအနှုန်းအရ မဟာမိတ်ရယ်လို့သာ ကျနော်တို့ မပြောပေမယ့် အခြားသော တော်လှန်ရေး အဖွဲ့အစည်း အခြားသော ခံစားချက်တူ အဖွဲ့အစည်းတွေနဲ့ အတူပူးပေါင်းပြီး လိုအပ်တဲ့ တူညီတဲ့အရာတွေမှာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကျနော်တို့ အဲဒီလို အစီအစဉ်ရှိတယ်။ အဲဒီလို ခံယူတယ်။ အဲဒါကြောင့်မို့ စကားလုံးပဲ ကွဲသွားတာဖြစ်တယ်။

​မေး-NCA(တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်)နဲ့ ပတ်သက်ပြီး ဘာတွေသဘောထားချမှတ်တာရှိပါသေးလဲ။

​ဖြေ-အဲဒါနဲ့ပတ်သက်ပြီး ကျနော်တို့က ပြောစရာအကြောင်းကိုမရှိတော့ဘူးပေါ့လေ။ ကျနော်တို့ စတိတ်မန့်တွေ အကြိမ်ပေါင်းများစွာ အဲဒါနဲ့ ပတ်သက်ပြီး ထုတ်ပြန်ခဲ့တာရှိပြီးဖြစ်တဲ့အတွက် ထုတ်ပြန်ခဲ့တဲ့အတိုင်းပဲ ဆက်လက်ပြီးရပ်တည်သွားမယ်လို့ ကျနော်ပြောချင်ပါတယ်။

​မေ-KNU တာဝန်ရှိသူတစ်ယောက်အနေနဲ့ လူထုတွေနဲ့ အခြားတော်လှန်ရေးအဖွဲ့အစည်းတွေကို ဘာ​ပြောလိုပါသလဲ။

​ဖြေ-အဲဒါနဲ့ပတ်သက်လို့ အထွေအထူးတော့ ပြောစရာမရှိဘူးနဲ့ထင်တယ်။ အဖွဲ့အစည်းတွေကလည်း မိမိတို့ရဲ့ အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်နဲ့ တစိုက်မတ်မတ် ဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေချည်းပဲဖြစ်တယ်။ တချိန်တည်းမှာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်တဲ့ အဖွဲ့အစည်းတွေ လည်းဖြစ်တဲ့အတွက် အထွေအထူးတော့ ပြောစရာမလိုပါဘူးလို့ အဲဒီလိုပဲထင်တယ်။ တစ်ခုပဲရှိတာက ကိုယ့်ရဲ့ရည်ရွယ်ချက်ရှိတဲ့အတိုင်း တစိုက်မတ်မတ်နဲ့ မိမိရဲ့ဘုံရန်သူကိုပဲ သေသေချာချာတိုက်ခိုက်သွားဖို့ဆိုတာ လိုအပ်တယ်လို့ ပြောချင်တယ်။

​မေး-စစ်ကောင်စီက ပြည်သူလူထုတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေလည်းရှိတော့ နိုင်ငံတဝန်းက ပြည်သူတွေကို ဘာလို သတင်းစကားပေးလိုပါသလဲ။

​ဖြေ- ဒီလိုအချိန်ဒီလို ကာလမျိုးမှာ ကျနော်တို့ တစ်နိုင်ငံလုံး အားလုံးကတော့ အခက်အခဲနဲ့ကြုံတွေ့နေကြရတာပဲဖြစ်တယ်။ စစ်ရေးအခြေအနေကလည်း ဆက်လက်ပိုပြီး ပြင်းထန်လာဖို့ရှိတယ်ဆိုတာကလည်း အထွေအထူး ငြင်းစရာ အကြောင်းမရှိဘူးပေါ့လေ။ အဲဒါကြောင့်မို့ ကျနော်တို့က ပြည်သူလူထုတွေကို ကြုံတွေ့ရမယ့်အရာတွေကို ကျနော်တို့ နိုင်ငံရေးအပြောင်းအလဲအတွက်ဖြစ်ပါစေလို့ပဲ ကျနော်တို့ မျှော်လင့်တာပေါ့။ အပြောင်းအလဲဆိုတာကလည်း ကျနော်တို့ လိုချင်တဲ့ တရားမျှတမှုရှိတဲ့ နိုင်ငံတစ်ခုကို တည်ဆောက်သွားဖို့ အဓိက ပါဝင်ဆောင်ရွက်စေချင်တာပေါ့။ နောက်တစ်ခုက ကျနော်တို့ လူထုတွေ ဒုက္ခရောက်နေတဲ့အချိန်မှာလည်း နိုင်ငံတကာကလည်း လူသားချင်းစာနာထောက်ပံ့မှု အခြေအနေတွေကို အများကြီး ထည့်သွင်းစဉ်းစားပေးဖို့လိုအပ်တယ်လို့ ကျနော်တို့ အဲဒီလို ယုံကြည်တယ်။

ကျေးဇူးတင်ပါတယ်။