Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ထိုင်းရွေးကောက်ပွဲ အနိုင်ရပါတီ အကြီးအကဲက မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေကို မှတ်ချက်ပေး ပြောကြား

အရင်က ထိုင်းအစိုးရဟာ မြန်မာဖက်က ထွက်ပြေးလာတဲ့ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူတွေကို မြန်မာ စစ်တပ်ဆီ ပြန်လွှဲအပ်ပေးကြောင်း စွပ်စွဲမှုတွေ ကြုံတွေ့ခဲ့ရဖူးပြီး အဲဒီ အခြေအနေတွေနဲ့ ပတ်သက်လို့ အတိုက်အခံ ပါတီဘဝမှာ ကတည်းက MFPက ထိုင်းအစိုးရကို ရှင်းလင်းချက်ပေးဖို့ ဖိအားပေး တောင်းဆိုခဲ့ဖူးပါတယ်။

ထိုင်းရွေးကောက်ပွဲ အနိုင်ရပါတီ အကြီးအကဲက မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေကို မှတ်ချက်ပေး ပြောကြား
ထိုင်းရွေးကောက်ပွဲ အနိုင်ရပါတီ အကြီးအကဲက မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေကို မှတ်ချက်ပေး ပြောကြား

ထိုင်းရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ Move Forward ပါတီ (MFP) ဥက္ကဋ္ဌ ပီတာ လင်ဂျာရိုအန်ရတ်က သူ့ရဲ့ မိန့်ခွန်းမှာ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ တချို့ကို ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။

အသက် ၄၂ နှစ်အရွယ်ရှိပြီး ဟားဗက်တက္ကသိုလ်မှာ ပညာသင်ကြားခဲ့တဲ့ အနောက်တိုင်း ခေတ်ပညာတတ် နိုင်ငံရေးသမားဟာ ရေပန်းအစားဆုံးဖြစ်တဲ့ ဖျူထိုင်း ပါတီ (PTP)ကိုပါ ကျော်တက်ပြီး အခုရွေးကောက်ပွဲမှာ MFP အနိုင်ရအောင် ဦးဆောင်နိုင်ခဲ့ပါတယ်။ သူဟာ ထိုင်းနိုင်ငံမှာ အရိုးစွဲ အမြစ်တွယ်နေတဲ့ ဘုရင်စနစ်နဲ့ စစ်တပ်ဖွဲ့စည်းပုံလို အစဉ်အလာဟောင်းတွေကို အကြီးအကျယ် ပြောင်းလဲပစ်မယ်လို့ ကြွေးကြော်ပြီး မဲဆွယ်ခဲ့သူ ဖြစ်ပါတယ်။

ပီတာက သူဟာ MFP အပါအဝင် အတိုက်အခံ မဟာမိတ် အင်အားစု ၆ ခုကို ညွန့်ပေါင်း အစိုးရအဖြစ် စုစည်းပြီး ဝန်ကြီးချုပ် တာဝန်ယူဖို့ ယုံကြည်မှုအပြည့် ရှိနေကြောင်း ပြောပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်က MFPဟာ မေလ ၁၄ ရက် ရွေးကောက်ပွဲရဲ့ အနိုင်ရ အင်အားစုအဖြစ် အတည်ပြုခဲ့ပြီး ပထမဆုံး မိန့်ခွန်းမှာ ပီတာက သူ့အနေနဲ့ စည်းမျဉ်းအခြေခံ သံတမန် ကျင့်ထုံးတွေကို အလေးထားတဲ့ နိုင်ငံခြားရေး မူဝါဒမျိုး ကျင့်သုံးသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။ ပြီးတော့ စစ်အာဏာရှင် ဘဝကနေ ပြောင်းလာတဲ့ လက်ရှိ ထိုင်းစစ်တပ်ဟာ ရုရှားနဲ့ ဆက်ဆံရေး နွေးထွေးပေမယ့် သူကတော့ ရုရှား-ယူကရိန်း စစ်ပွဲကို ရည်ညွှန်းပြီး အင်အားကြီး နိုင်ငံတစ်ခုက နိုင်ငံငယ် တစ်ခုကို နိုင်လိုမင်းထက် လုပ်တာမျိုးကို လက်မခံနိုင်ဘူးလို့ ပြောသွားပါတယ်။ ဒါ့အပြင် ထိုင်းနဲ့ တခြား အလယ်အလတ် အင်အားမျိုးရှိတဲ့ နိုင်ငံတွေဟာ ဒေသတွင်း တည်ငြိမ်ရေး၊ ကမ္ဘာကြီးရဲ့ လုံခြုံရေးတွေအတွက် အတူလက်တွဲ အာရုံစိုက် ဆောင်ရွက်သွားသင့်ကြောင်းလည်း ပီတာက မှတ်ချက် ပေးခဲ့ပါတယ်။

အိမ်နီးချင်း မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ သူ့ရဲ့ မူဝါဒကို ပြောကြားရာမှာတော့ ထိုင်းနဲ့ မြန်မာကြား လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းကူး စင်္ကြန်တစ်ခု ပေါ်ထွန်းလာရေးကို ဦးစားပေး ခြေလှမ်းအနေနဲ့ စတင်သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။ မြန်မာပြည်သူတွေက ကိုယ့်နိုင်ငံ အကျပ်အတည်းကို ကိုယ်တိုင် ဖြေရှင်းနိုင်တာ သေချာစေဖို့အတွက် လိုအပ်တဲ့ ဖိအားပေးမှု၊ မက်လုံးပေးမှုတွေကို ဖော်ဆောင်နိုင်အောင် ထိုင်းနိုင်ငံကလည်း နိုင်ငံတကာ အသိုက်အဝန်းနဲ့ အတူလုပ်ဆောင်သင့်တယ်လို့ သူက ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ မြန်မာ့အရေး ဖြေရှင်းဖို့ လွန်ခဲ့တဲ့ ၂ နှစ်လောက်မှာ အာဆီယံက အဆိုပြုထားခဲ့ဖူးတဲ့ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံက ပိုမို အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်သင့်တယ်လို့လည်း ပီတာက အသိအမှတ် ပြုခဲ့ပါတယ်။ လက်ရှိ ထိုင်းအစိုးရဟာ အာဏာသိမ်း စစ်တပ်ကနေ ကူးပြောင်းလာတာမျိုး ဖြစ်တဲ့အတွက် လက်ရှိ အာဏာသိမ်းထားတဲ့ မြန်မာစစ်တပ်နဲ့လည်း နွေးထွေးတဲ့ ဆက်ဆံရေးမျိုး ရှိနေပါတယ်။

အရင်က ထိုင်းအစိုးရဟာ မြန်မာဖက်က ထွက်ပြေးလာတဲ့ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူတွေကို မြန်မာ စစ်တပ်ဆီ ပြန်လွှဲအပ်ပေးကြောင်း စွပ်စွဲမှုတွေ ကြုံတွေ့ခဲ့ရဖူးပြီး အဲဒီ အခြေအနေတွေနဲ့ ပတ်သက်လို့ အတိုက်အခံ ပါတီဘဝမှာ ကတည်းက MFPက ထိုင်းအစိုးရကို ရှင်းလင်းချက်ပေးဖို့ ဖိအားပေး တောင်းဆိုခဲ့ဖူးပါတယ်။