Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုန်တိုင်းကြောင့် လူ ၂၀ သေဆုံးခဲ့သည့် ရသေ့တောင် ညောင်ပင်ကြီးရွာ ကယ်ဆယ်ရေးမရောက်သေးဟု ရွာခံပြော

အိမ်ခြေ ၄၁၂အိမ်ရှိသည့် အဆိုပါရွာ၌ မုန်တိုင်းကြောင့် နေအိမ်အားလုံးပျက်စီးခဲ့ပြီး ကယ်ဆယ်ရေး မရောက်သေးဟု ဒေသခံက ယနေ့ညပိုင်း၌ ပြောသည်။

( မိုခါမုန်တိုင်း​ကြောင့် ​ဒေသခံပြည်သူ ၂၀ ဦး​သေဆုံးခဲ့​သောညောင်ပင်ကြီးရွာကို ​မေ ၂၁ ရက်က​တွေ့ရစဥ်။ ဓါတ်ပုံ-Border News Agency )
( မိုခါမုန်တိုင်း​ကြောင့် ​ဒေသခံပြည်သူ ၂၀ ဦး​သေဆုံးခဲ့​သောညောင်ပင်ကြီးရွာကို ​မေ ၂၁ ရက်က​တွေ့ရစဥ်။ ဓါတ်ပုံ-Border News Agency )

▪︎ရွာရေကန်များဆားငန်ရေဝင်၍ရေ အ​ရေး​ပေါ်လိုအပ်​နေ၊အိမ်ခြေ ၄၀၀ ကျော်လုံး ပျက်စီးခဲ့၍ အမိုးအကာများလိုအပ်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ညောင်ပင်ကြီးရွာတွင် မုန်တိုင်းကြောင့် ​ဒေသခံပြည်သူ ၂၀ ဦးသေဆုံးခဲ့ပြီးကလေးငယ်နှင့် အမျိုးသမီးအများစုဖြစ်ကြောင်း ညောင်ပင်ကြီးရွာခံတစ်ဦးက ပြောသည်။

အိမ်ခြေ ၄၁၂အိမ်ရှိသည့် အဆိုပါရွာ၌ မုန်တိုင်းကြောင့် နေအိမ်အားလုံးပျက်စီးခဲ့ပြီး ကယ်ဆယ်ရေး မရောက်သေးဟု ဒေသခံက ယနေ့ညပိုင်း၌ ပြောသည်။

“အခုက ကယ်ဆယ်ရေးလည်းမရောက်သေးဘူး။ ကျနော်တို့မှာလိုတာက အမိုးအကာတွေပါပဲ တာလပတ်တွေပေါ့။ ကျနော်တို့ လိုတာရေပါ။ နောက်တစ်ခုက ဆေးဝါးတွေမရဘူး။ ဒီမှာ ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်။” ဟု ဒေသခံက ပြောသည်။

အဆိုပါ ရွာ၌ မုန်တိုင်းကြောင့် လူ ၂၀ဦး သေဆုံးခဲ့ပြီး ၁၁ဦးမှာ အမျိုးသမီးများဖြစ်ပြီး တစ်ဦးမှာ ပျောက်ဆုံးနေကြောင်း အဆိုပါ ရွာခံက ပြောသည်။ သေဆုံးသူများမှာ အစ္စလာမ်ဘာသာဝင်များဖြစ်သည်ဟု သိရသည်။

မုန်တိုင်း တိုက်ခိုက်စဉ် ဘေးလွတ်ရာသို့ ရှောင်တိမ်းရာ၌ ရေရုတ်တရက်ဝင်ရောက်လာ၍ အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။

Public Service Announcement
Public Service Announcement

“ဗြုန်းခနဲရေဝင်လာတော့ အဲဒီမှာ လူကြီးတွေလည်း မပါဘူးဆိုတော့ လန့်သွားတာပေါ့။ လန့်သွားတဲ့အချိန်မှာ တချို့က လျှောက်လို့မနိုင်လို့ တခါတည်းမြောပါသွားတာ။ အဲဒီမှာ ကျောင်းသား ၂ယောက်ပဲ အသက်ရှင်နေခဲ့တယ်။ ၂၀လုံးသေသွားတာ။ တစ်ယောက်က ပျောက်ဆုံးနေတာ။ ရုပ်အလောင်းက တစ်ရက်တည်း အကုန်လုံးမတွေ့ဘူး။ တစ်ရက်မှာ ၈လောင်းရယ် ၄လောင်းရယ် ၂လောင်းရယ် အဲဒီလိုမျိုးပေါ့ တွေ့ခဲ့တာ။ သုံးလေးရက်ပေါ့။ မနေ့က နောက်ဆုံးတွေ့တာပေါ့။” ဟု ညောင်ပင်ကြီးရွာခံက ပြောသည်။

ရက္ခိုင့်တပ်တော်(AA) တပ်များက မုန်တိုင်းမတိုက်မီ လာရောက်၍ သတိပေးခြင်း မုန်တိုင်းတိုက်ခိုက်စဉ် ကူညီကယ်ဆယ်ပေးခြင်းကြောင့် လူအများအပြား သေဆုံးမည့် အန္တရာယ်မှ ကင်းဝေးခဲ့ရသည်ဟု ဒေသခံက ပြောသည်။

“သူတို့မကယ်ဘူးဆိုရင် အဲဒီထက်အများကြီးသေမှာ။ တစ်ပြုံကြီးသေမှာ။ သူတို့က ရွာမှာလာပြီး ဟောခဲ့တယ်။ ဒီလိုမျိုးမုန်တိုင်းရှိတယ် ဘာညာပေါ့ အခြားရွာတွေ ပြောင်းကြလို့ ပြောခဲ့တယ်။ အဲဒီအချိန်မှာ တချို့လူတွေက ပြောင်းကြတယ်။တချို့က ရွာမှာ ကျန်ခဲ့တယ်။ ရွာမှ ကျန်ခဲ့တဲ့သူတွေ ကိုလည်း သူတို့လာကယ်ပေးတာပေါ့။”ဟု ဒေသခံက ပြောသည်။

လက်ရှိ အဓိက အခက်အခဲမှာ ရေလိုအပ်ချက်ဖြစ်သည်ဟု ​ဒေသခံများက​ပြောသည်။

“ကျနော်တို့ သောက်ရေလုံး၀ အဆင်မပြေဘူး။ ကျနော်တို့ ဆီမှာ သောက်ရေကန် သုံးကန်ရှိတယ်။ အဲဒါ ဆားငန်ရေဝင်သွားတော့ ဘာမှ သောက်လို့မရဘူးဖြစ်နေတယ်။ အိမ်အဆောက်အအုံကျတော့ အကုန်လုံးပါသွားတာ။ လုံး၀ တိုင်တောင်မှ တစ်လုံးမှမရှိဘူး အဲဒီလိုမျိုးအိမ်က ၆၀ကျော်လောက်ရှိတယ်။ နောက်ကျန်တာကကျတော့ အမိုးတွေ အကာတွေ အကုန်လုံးပါသွားတာ။” ဟု ဒေသခံက ပြောသည်။

ရသေ့တောင်မြို့နယ်သည် မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှု များပြားခဲ့သည့် မြို့များထဲတွင် အပါအဝင်ဖြစ်သည်။ မုန်တိုင်းကြောင့် သေဆုံးထိခိုက်မှုများလည်းရှိခဲ့ရာ ဒုံးပိုက်ကျေးရွာ၌လည်း ဓမ္မာရုံပြိုကျ၍ မုန်တိုင်းရှောင်ပြည်သူများ ၁၃ဦးထက်မနည်း သေဆုံးခဲ့သည်။