Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာ-ဝမ်ပေါင်ကုမ္ပဏီလုပ်ကွက် လုံခြုံရေးရဲကင်း တိုက်ခိုက်ခံရ၊ ဂိတ်စောင့်ရဲ သုံးဦးသေဟုဆို

ဝမ်ပေါင်ကြေးနီစီမံကိန်းအတွင်း စစ်ကောင်စီတပ်စွဲထားပြီး အနီးဝန်းကျင်ကျေးရွာများအား မကြာခဏဝင်ရောက်ဖျက်ဆီးမီးရှို့မှုများ ပြုလုပ်နေသည်။

(မြန်မာဝမ်ပေါင်ကုမ္ပဏီက စစ်တပ်ပိုင် မြန်မာ့ဦးပိုင်နှင့်ပူးပေါင်း၍ ကြေးနီတူးဖော်နေသော လက်ပံတောင်းတောင်နှင့် ကြေးစင်တောင်တို့ကို ဂြိုဟ်တုမှမြင်တွေ့ရသောပုံ ၊ဓါတ်ပုံ-ejatlas.org)
(မြန်မာဝမ်ပေါင်ကုမ္ပဏီက စစ်တပ်ပိုင် မြန်မာ့ဦးပိုင်နှင့်ပူးပေါင်း၍ ကြေးနီတူးဖော်နေသော လက်ပံတောင်းတောင်နှင့် ကြေးစင်တောင်တို့ကို ဂြိုဟ်တုမှမြင်တွေ့ရသောပုံ ၊ဓါတ်ပုံ-ejatlas.org)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကြေးနီစီမံကိန်းအစောင့် ရဲကင်းဂိတ်ကို အလစ်အငိုက် တိုက်ခိုက်ခဲ့ရာ ဂိတ်စောင့်ရဲ ၃ဦးသေဆုံးကြောင်း ယင်းမာပင်ခရိုင်အမှတ်(၂၈) တပ်ရင်း ဓားမဆိုင်းတပ်မတော်D.M.S.A အထူးတိုက်ခိုက်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

မေလ ၂၅ ရက် ညနေ ၄ နာရီကျော်က ဆားလင်းကြီးမြို့နယ်အတွင်းရှိ တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းအစောင့် ရဲကင်းဂိတ်ကို အလစ်အငိုက် တိုက်ခိုက်ခဲ့ရာ ဂိတ်စောင့်ရဲ သုံးဦးသေဆုံးပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း ဓားမဆိုင်းတပ်မတော်D.M.S.A အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၏ ခေါင်းဆောင် ဗိုလ်စွမ်းက ပြောသည်။

ထို့အပြင် ပြည်သူ့ရဲဘော်များမှာမူ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

“ကျွန်တော်တို့ နှစ်ဖက်ဘယ်ညာ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။”ဟု ယင်းမာပင်ခရိုင်အမှတ်(၂၈) တပ်ရင်း ဓားမဆိုင်းတပ်မတော်D.M.S.A အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်စွမ်းက ပြောသည်။

ရဲဘော်များသည် မော်တော်ယာဥ်ဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ကို ၎င်းတို့ ထုတ်ပြန်သည့်ရုပ်သံမှတ်တမ်းတွင် တွေ့ရသည်။

သို့သော် စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ ကင်းဂိတ်အား ယင်းမာပင်ခရိုင်အမှတ် (၂၈)တပ်ရင်း ဓားမဆိုင်းတပ်မတော်D.M.S.A အထူးတိုက်ခိုက်ရေးတပ်ဖွဲ့က ဦးဆောင်၍ ဓားမဆိုင်းတပ်ခွဲ – ၂ ၊ Naitonal Revolution Army တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

၂၀၂၂ အောက်တိုဘာလ ၁၇ ရက် ညကလည်း မြန်မာ-ဝမ်ပေါင်ကုမ္ပဏီလုပ်ကွက်ဂိတ်တွင် လုံခြုံရေးယူထားသည့် စစ်ကောင်စီ၏ ရဲတပ်သားများအား အမည်မသိလူ တစ်စုကလက်ပစ်ဗုံးဖြင့်တိုက်ခိုက်ခဲ့သေးသည်။

ဝမ်ပေါင်ကြေးနီစီမံကိန်းအတွင်း စစ်ကောင်စီတပ်စွဲထားပြီး အနီးဝန်းကျင်ကျေးရွာများအား မကြာခဏဝင်ရောက်ဖျက်ဆီးမီးရှို့မှုများ ပြုလုပ်နေသည်။