Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဇွန်လ ၃ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️မိုးဗြဲမြို့ပေါ်ကို စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်လို့ အရပ်သားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

ရှမ်း-ကရင်နီဒေသအစပ် မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ အရပ်သားတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိတယ်လို့ မိုးဗြဲ PDFက ထုတ်ပြန်ပါတယ်။ ဒီနေ့ မနက်ပိုင်းက မိုးဗြဲမြို့အခြေစိုက် ခမရ(၄၂၂)တပ်က မိုးဗြဲမြို့ပေါ်သို့ တာဝေးပစ်လက်နက်ကြီးများနဲ့ ငါးကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်မှ ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အသက် (၂၂)နှစ်အရွယ် အမျိုးသားတစ်ဦးမှာ နေအိမ်ရှေ့ တံမျက်စည်းလှည်းနေစဥ် ကျည်စထိမှန်ကာ သေဆုံးခဲ့ပါတယ်။ နောက်ပြီး စက်သုံးဆီရောင်းနေတဲ့ ဆီဆိုင်တစ်ဆိုင်မှာလည်း စစ်ကောင်စီရဲ့ လက်နက်ကြီး​ကျရောက်ပေါက်ကွဲကာ မီးလောင်ခဲ့ပါတယ်။ ဆိုင်ကယ်ဆီလာထည့်နေတဲ့ ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆိုင်ကယ်(၂)စီး မီးလောင်သွားခဲ့တယ်လို့ ဖော်ပြပါတယ်။

(ယနေ့ နံနက်ပိုင်းက မိုးဗြဲမြို့ပေါ်သို့ စစ်ကောင်စီ တပ်က ပစ်ခတ်သဖြင့် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ယနေ့ နံနက်ပိုင်းက မိုးဗြဲမြို့ပေါ်သို့ စစ်ကောင်စီ တပ်က ပစ်ခတ်သဖြင့် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

▪️ကြာအင်းဆိပ်ကြီးတိုက်ပွဲ စစ်သားနဲ့ ရဲ ၁၀ ဦးခန့်သေဟု NUG ကာကွယ်ရေး ထုတ်ပြန်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့မှာ မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ စစ်သားနဲ့ ရဲ ၁၀ဦးခန့် သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ထုတ်ပြန်ပါတယ်။ မနေ့ မနက်ပိုင်းက ကြာအင်းဆိပ်ကြီးရဲစခန်းနဲ့ ရုံးများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နဲ့ မဟာမိတ်အဖွဲ့များက တပြိုင်နက် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီရဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်ရဲစခန်း၊ ခလရ (၂၈၄)နဲ့ ထွေအုပ်ရုံး၊ လဝကရုံး၊ ဆက်သွယ်ရေးရုံး၊ အခွန်ရုံး၊ တရားသူကြီးရုံးများကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း ရန်သူ့ဘက်မှ လက်နက်ကြီး (၁၂၀) မမ၊ ရဟတ်ယာဉ်များနဲ့ မြို့ပေါ်နေရာ အနှံ့လိုက်လံရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

(တိုက်ပွဲအတွင်း တွေ့ရသော ရဲဘော်များနှင့် ထိခိုကိပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - NUG-MOD)
(တိုက်ပွဲအတွင်း တွေ့ရသော ရဲဘော်များနှင့် ထိခိုကိပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ – NUG-MOD)

▪️ဖယ်ခုံမှာ နှစ်လအတွင်း စစ်​ကောင်စီတပ်မှ အရာရှိများအပါအဝင် ၆၂ ဦး​သေ

ဖယ်ခုံမြို့နယ်သို့ စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်မှာ နှစ်လအတွင်း အရာရှိ စစ်ကြောင်းမှူးများအပါအဝင် ၆၂ ဦး သေဆုံးတယ်လို့ ဖယ်ခုံ PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။ ဧပြီ ၁ ရက်ကစလို့ ဇွန်လ ၂ ရက်အထိ တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းများက ဖယ်ခုံမြို့ အနောက်ဖက်ခြမ်းရှိ လွယ်ဟွဲ နဲ့ လွယ်လုံရွာသို့ စစ်ကြောင်းတစ်ကြောင်း၊ ခေါင်းအိ နဲ့ စက်တော်ရွာဘက်မှာ စစ်ကြောင်းတစ်ကြောင်း နဲ့ လတူးဘက် စစ်ကြောင်းတစ်ကြောင်း စုစုပေါင်းစစ်ကြောင်း (၃) ကြောင်းနဲ့ ထိုးစစ်ဆင်ခဲ့ပါတယ်။ တိုက်ပွဲအခြေအနေက ဆက်ဖြစ်ဖို့ ရှိနေပြီး လက်ရှိမှာလည်း စစ်ကောင်စီ စစ်ကြောင်းတွေဟာ မူလထိုးစစ်ဆင်ဖို့ စခဲ့တဲ့ နေရာတွေမှာပဲ တပ်တည်ထားဆဲဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

(ဖယ်ခုံမြို့နယ်တိုက်ပွဲများမှ မေ လ ၂၂ ရက်နှင့် ၃၁ ရက်က စစ်ကောင်စီတပ်ထံမှသိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-ဖယ်ခုံPDF)
(ဖယ်ခုံမြို့နယ်တိုက်ပွဲများမှ မေ လ ၂၂ ရက်နှင့် ၃၁ ရက်က စစ်ကောင်စီတပ်ထံမှသိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-ဖယ်ခုံPDF)

▪️KNU ဖာပွန်ခရိုင်မှာ မေလအတွင်း စစ်ကောင်စီတပ်နဲ့ BGF ၁၂၀ ကျော် သေဟု တပ်မဟာ (၅)ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်မှာ မေလတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်နဲ့ ၎င်းရဲ့လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)တပ်မှတပ်ဖွဲ့ဝင် ၁၂၂ ဦးသေဆုံးကာ ၄၈ ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)က သတင်းထုတ်ပြန်ပါတယ်။ မေလအတွင်း KNLA တပ်မဟာ(၅)နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲ ၂၀၀ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြပါတယ်။ စစ်ကောင်စီတပ်နဲ့ BGFဘက်က သေဆုံးသူတွေထဲ တပ်ခွဲမှူး တစ်ဦး၊ ဒုတပ်ခွဲမှူး နှစ်ဦး ၊ တပ်ကြပ်ကြီး သုံးဦးပါဝင်တယ်လို့ ဆိုပါတယ်။

(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU Mutraw News)
(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – KNU Mutraw News)

▪️ချပ်သင်းရွာမှာ တပ်စွဲထား​​တဲ့ စစ်တပ်ကင်းစခန်းများကို ​တော်လှန်​ရေးအင်အားစုများတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ချပ်သင်းကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီစခန်းကင်းစခန်း လေးခုကို မနေ့က ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက တိုက်ခိုက်ခဲ့ရာ စခန်းသုံးခုကို သိမ်းယူနိုင်ခဲ့တယ်လို့ ​တော်လှန်​ရေးအင်အားစုများက​ ပြောပါတယ်။ မနေ့က တစ်နေကုန် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှာများတယ်လို့ ဆိုပါတယ်။ ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦး ကျဆုံးခဲ့တယ်လို့ ကောလင်းမြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ကင်စခန်းသုံးခု သိမ်းယူခံရပြီးနောက် လေကြောင်းမှ ဂျက်ဖိုက်တာနဲ့ လာရောက်တိုက်ခိုက်ခဲ့တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

▪️ရေစကြိုမှာ စစ်ကောင်စီတပ်ကို တစ်ရက်တည်း သုံးကြိမ်မိုင်းဆွဲ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ဇွန်လ ၁ ရက်က စစ်ကောင်စီတပ်ကို သုံးကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၆ ဦးခန့် သေဆုံးနိုင်တယ်လို့ ရေစကြို(ပကဖ)က သတင်းထုတ်ပြန်ပါတယ်။ ဇွန်လ ၁ ရက် မနက်ပိုင်းမှာ ရေစကြိုမြို့နယ်၊ ခလရ (၂၅၈)မှ ထွက်လာတဲ့ အင်အား ၄၀ ခန့်ပါ စစ်ကောင်စီတပ်ကို ကာကွယ်ရေးရဲဘော်များက မိုင်း ၁၈ လုံးတွဲနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၆ ဦးခန့်သေဆုံးပြီး ၈ ဦးထက်မနည်းဒဏ်ရာရသွားတယ်လို့ ပကဖက ဆိုပါတယ်။ မနက်ပိုင်းမှာ နောက်ထပ်တစ်ကြိမ်၊ နေ့ခင်းပိုင်းမှာ တစ်ကြိမ် ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ထိခိုက်မှုရှိတယ်လို့ ဖော်ပြပါတယ်။

(မိုင်းခွဲပြီးနောက် လမ်းပိုင်းပျက်စီးသွားသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - ရေစကြို(ပကဖ))
(မိုင်းခွဲပြီးနောက် လမ်းပိုင်းပျက်စီးသွားသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ – ရေစကြို(ပကဖ))