Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပြုန်းတီးအင်အား တရိပ်ရိပ် တိုးလာတဲ့ဒဏ်ကို အာဏာသိမ်းစစ်တပ် အပြင်းအထန် ခံစားနေရ

Nikkei Asia သတင်းဌာနရဲ့ ဆောင်းပါး တခုမှာတော့ အမေရိကန် ငြိမ်းချမ်းရေး သုတေသန ဌာနရဲ့ ဧည့်ပညာရှင် တဦးဖြစ်သူ ဦးရဲမျိုးဟိန်းရဲ့ တွေ့ရှိချက်တွေကို ကိုးကားပြီး မြန်မာစစ်တပ်ဟာ လက်ရှိအချိန်မှာ တပ်သားအရေအတွက် ခေါင်းပါး ပြတ်လပ်မှုကို အပြင်းအထန် ရင်ဆိုင်နေရပြီလို့ ဖော်ပြထားခဲ့ပါတယ်။

ပြုန်းတီးအင်အား တရိပ်ရိပ် တိုးလာတဲ့ဒဏ်ကို အာဏာသိမ်းစစ်တပ် အပြင်းအထန် ခံစားနေရ
ပြုန်းတီးအင်အား တရိပ်ရိပ် တိုးလာတဲ့ဒဏ်ကို အာဏာသိမ်းစစ်တပ် အပြင်းအထန် ခံစားနေရ

အတိုက်အခံ ဒီမိုကရေစီ နိုင်ငံရေး အင်အားစုတွေကို ဖိနှိပ်ဖို့ ကြိုးစားရင်း၊ တော်လှန်ရေး အင်အားစုတွေနဲ့ အပြိုင်အဆိုင် စစ်ခင်းတိုက်ခိုက်ရင်း စစ်ကောင်စီရဲ့ အင်အားဟာ တတိတိ ပြုန်းတီးလာနေကြောင်း လေ့လာသူတွေက သုံးသပ်ပါတယ်။

Nikkei Asia သတင်းဌာနရဲ့ ဆောင်းပါး တခုမှာတော့ အမေရိကန် ငြိမ်းချမ်းရေး သုတေသန ဌာနရဲ့ ဧည့်ပညာရှင် တဦးဖြစ်သူ ဦးရဲမျိုးဟိန်းရဲ့ တွေ့ရှိချက်တွေကို ကိုးကားပြီး မြန်မာစစ်တပ်ဟာ လက်ရှိအချိန်မှာ တပ်သားအရေအတွက် ခေါင်းပါး ပြတ်လပ်မှုကို အပြင်းအထန် ရင်ဆိုင်နေရပြီလို့ ဖော်ပြထားခဲ့ပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း စစ်မြေပြင်မှာ တပ်ဖွဲ့ဝင် အရေအတွက် ၁၃၀၀၀၀ လောက် သေဆုံးတဲ့ အခြေအနေအပြင် နောက်ထပ် ၈၀၀၀ လောက်ကလည်း ထွက်ပြေးတာ၊ တော်လှန်ရေး အင်အားစုတွေဆီ အလင်းဝင်သွားတာမျိုးတွေ ကြုံရတာကြောင့် လူအင်အား ၂၁၀၀၀ လောက် အနည်းဆုံး ပြုန်းတီးခဲ့ပြီးပြီလို့ ဆိုပါတယ်။

အရင်တုန်းက လေ့လာသူတွေက မြန်မာစစ်တပ်ရဲ့ အင်အားကို ၃၀၀၀၀၀ နဲ့ ၄၀၀၀၀၀ ကြားလောက်ထိ ရှိလိမ့်မယ်လို့ ခန့်မှန်းခဲ့ကြပြီး အဲဒီ ကိန်းဂဏန်းတွေဟာ လက်တွေ့ အခြေအနေထက် လွန်လွန်ကျူးကျူး ချဲ့ကား သုံးသပ်ထားတာ ဖြစ်မယ်လို့ Nikkei Asiaက ဆိုပါတယ်။

ဦးရဲမျိုးဟိန်းရဲ့ သုံးသပ်ချက်အရ မြန်မာစစ်တပ်ရဲ့ တိုက်ပွဲဝင်နိုင်စွမ်းရှိတဲ့ တပ်အင်အား ၇၀၀၀၀ လောက်ကို ရေတပ်နဲ့ လေတပ် အမှုထမ်းတွေ၊ အရန်တပ်တွေပါ ထည့်ပေါင်းရင်တောင် အင်အား ၁၅၀၀၀၀ လောက်သာ ရှိနိုင်တယ်လို့ သိရပါတယ်။

တကယ်တော့ အာဏာမသိမ်းခင် ကတည်းက စစ်တပ်ရဲ့ တပ်ရင်း၊ တပ်မအလိုက် လူအင်အားတွေက ဖွဲ့စည်းပုံအတိုင်း ပြည့်မီအောင် မရှိခဲ့တာကြောင့်လည်း ခုခံစစ် အားကောင်းလာပြီး ပြုန်းတီးအင်အား များလာတဲ့ အချိန်မှာ ပိုပြီး အခက်ကြုံလာရတာ ဖြစ်ပါတယ်။

ဘန်ကောက်မှာ အခြေစိုက်ပြီး မြန်မာ့ လုံခြုံရေးကဏ္ဍကို စောင့်ကြည့် လေ့လာနေသူ အန်သိုနီ ဒေးဗစ်ကတော့ ခြေလျင်တပ် အင်အားကို ၁၀၀၀၀၀ နဲ့ ၁၂၀၀၀၀ ကြားလောက် ရှိမယ်လို့ ခန့်မှန်းပါတယ်။ အရင်တုန်းက မြန်မာစစ်တပ်ရဲ့ အင်အားကို အလွန်အကျွံ ပိုမို တွက်ဆမိခဲ့ကြတယ်ဆိုတဲ့ အချက်ကိုတော့ သူကိုယ်တိုင်လည်း ခြွင်းချက်မရှိ သဘောတူတယ်လို့ ဒေးဗစ်က ပြောပါတယ်။

မြေပြင်မှာ တိုက်ပွဲဝင်နိုင်တဲ့ စစ်အင်အား လျော့ပါးလာမှု ပြဿနာကို ဖြေရှင်းဖို့အတွက် စစ်ကောင်စီဟာ လေကြောင်း တိုက်ခိုက်မှုတွေကို ပိုပြီး အရှိန်မြှင့်လာခဲ့ပါတယ်။ ဧပြီလတုန်းက စစ်ကိုင်းတိုင်းမှာရှိတဲ့ ကျေးရွာတစ်ခုကို စစ်ကောင်စီ လေတပ်ရဲ့ ဗုံးကြဲမှုကြောင့် ကလေးတွေ အပါအဝင် ပြည်သူ ၁၆၀ ကျော် သေဆုံးခဲ့ဖူးပါတယ်။

စစ်ကောင်စီ အနေနဲ့ တတိတိ ပြုန်းတီးနေတဲ့ တပ်အင်အားကို ပြန်အစားထိုးဖို့ လူသစ်တွေ မစုဆောင်းနိုင်ခြင်းကလည်း ခေါင်းခဲစရာ ဖြစ်နေပါတယ်။ တစ်ချိန်တည်းမှာပဲ တော်လှန်ရေး အစောပိုင်း ကာလတွေတုန်းက လက်လုပ် သေနတ်တွေ၊ အမဲလိုက် တူမီး သေနတ်တွေနဲ့ အစပြုခဲ့တဲ့ ဒီမိုကရေစီရေး လက်နက်ကိုင် လှုပ်ရှားမှုတွေကလည်း အခုအခါမှာ ခေတ်မီလက်နက်တွေ ပိုမိုတပ်ဆင်လာနိုင်တာကြောင့် အာဏာသိမ်း စစ်တပ်ကို ပိုပြီး ထိုးနှက်လာနိုင်နေပါတယ်။

အာဏာသိမ်း စစ်တပ်ရဲ့ ဖမ်းဆီး အကျဉ်းချမှုကို ခံထားရတဲ့ နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အကြမ်းမဖက် အာဏာဖီဆန်ရေး ဝါဒကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ခဲ့ပေမယ့်လည်း လက်ရှိ အခြေအနေမှာတော့ လူငယ်မျိုးဆက်သစ်တွေ အပါအဝင် တော်လှန်ရေး အင်အားစု အတော်များများဟာ စစ်တပ်ကို ဖြိုချဖို့အတွက် လက်နက်ကိုင် လမ်းစဉ်ကသာ တစ်ခုတည်းသော ရွေးချယ်မှုအဖြစ် ယုံကြည်လာနေပြီ ဖြစ်ပါတယ်။