Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တော်လှန်ရေးအဖွဲ့များ၏ တိုက်ခိုက်မှုကို ဂျမ်ဘာများသုံး၍ တားစီးရန် စစ်ကောင်စီ ကြိုးပမ်းနေ၍ နည်းပညာများ မျှဝေရန် ချောက်ပြောက်ကျားတပ် တိုက်တွန်း

ဒေသအသီးသီးတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် PDF များ၏ ဒရုန်းအသုံးပြု တိုက်ခိုက်မှုများ၊ မိုင်းဆွဲတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်များ အထိနာလျက်ရှိသည်။

(စစ်ကောင်စီ ကပစ-၂၁မှ တပ်ကြပ်ကြီး အောင်သူတင့်ထံမှ သိမ်းဆည်းရရှိ​သော ပစ္စည်းများ။ဓါတ်ပုံ-CGF)
(စစ်ကောင်စီ ကပစ-၂၁မှ တပ်ကြပ်ကြီး အောင်သူတင့်ထံမှ သိမ်းဆည်းရရှိ​သော ပစ္စည်းများ။ဓါတ်ပုံ-CGF)

ဒရုန်းအသုံးပြု တိုက်ခိုက်ခြင်း၊ အဝေးထိန်းစနစ်ဖြင့် မိုင်းခွဲတိုက်ခိုက်ခြင်း အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများကို တားဆီးရန် စစ်ကောင်စီတပ်က ဆက်သွယ်ရေးလှိုင်းများ ဖြတ်တောက်သည့် ဂျမ်ဘာများ အသုံးပြု ဆောင်ရွက်နေ၍ ဂျမ်ဘာများကို ကျော်လွှားနိုင်သည့် နည်းပညာများကို တော်လှန်ရေးအဖွဲ့အချင်းချင်း မျှဝေပေးရန် ချောက်ပြောက်ကျားတပ်ဖွဲ့(CGF) ကတိုက်တွန်းလိုက်သည်။

ဇွန်လ ၂ရက်က ဆိပ်ဖြူမြို့နယ်ရှိ အမှတ်(၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၁)မှ အဝယ်တော် တပ်ကြပ်ကြီးအောင်သူတင့်အား ချောက်မြို့နယ်ပြောက်ကျားတပ်ဖွဲ့ ၊ ချောက်ပ.က.ဖ နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့တို့မှ ပစ်ခတ်ရှင်းလင်းခဲ့ရာ ၎င်းထံမှ သိမ်းဆည်းရရှိသည့် ပစ္စည်းများအနက် အမှတ် ၁၀၁ ဆက်သွယ်ရေးတပ်ရင်း ပြင်ဦးလွင် မှပေးပို့သောတပ်တွင်းလျှိုဝှက်စာပါဝင်သည်။

၄င်းစာထဲတွင် ဖောက်ခွဲဖျက်စီးရာမှာအသုံးပြုသည့် ဖောက်ခွဲရေး ရီမု (Tramfmitter) နှင့် စပ်ဆက်ရေး ပစ္စည်းများကိုလေ့လာစမ်းသစ်ပြီး လှိုင်းလုံးများ အသုံးပြုကာ အဝေးထိန်းဖြင့် ဖောက်ခွဲဖျက်ဆီးနိုင်ကြောင်း၊ တော်လှန်ရေးရဲဘော်များ ထံမှသိမ်းစည်းရမိသော ဖောက်ခွဲရေး ပစ္စည်းများကို စစ်​ကောင်စီ​၏ ဆက်သွယ်ရေးတပ်ဖွဲ့များမှ ထုတ်လုပ်သော ဂျမ်ဘာ များဖြင့် တားဆီး ကာကွယ်နိုင်ကြောင်း ဖော်ပြထားပြီး ဂျမ်ဘာ အမျိုးအစား ၆မျိုး စာ၌ ပါရှိသည်ဟုဆိုသည်။

PDF များမှ အသုံးပြုနေသော ဖောက်ခွဲရေးစနစ်များအား သိရှိနားလည်စေရန်နှင့် ဖောက်ခွဲ့ရေး ရီမု နှင့် စပ်ဆက် ပစ္စည်းများအား ဆက်သွယ်ရေးညွှန်ကြားမှုရုံးမှ ထုတ်လုပ်သော ဂျမ်ဘာ များဖြင့်တားဆီး ဖျက်စီးနိုင်ကြောင်း တာဝန်ရှိသူအဆင့်ဆင့်မှ ရှင်းလင်းသွားရန်အကြောင်းကြားသည့် စာဖြစ်သည်ဟုသိရသည်။

“ကျနော်တို့ C.G.F ချောက်မြို့နယ်ပြောက်ကျားတပ်ဖွဲ့ ချောက်ပ.က.ဖ အဖွဲ့တို့မှ အဓိကထား၍ တော်လှန်ရေးရဲဘော်များကို ပြောကြားလိုတာကတော့ စစ်မိတစ္ဆာ တို့၏ ထုတ်လုပ်သော ဂျမ်ဘာများကို ကျော်လွှားနိုင်သော ဖောက်ခွဲရေးပစ္စည်းများကို နည်းပညာများစုဆောင်းကာ ကြိုးစားထုတ်လုပ်ပေးကြရန်နှင့် မြို့တွင်းလုပ်ဆောင်မည့် ပ.က.ဖ များ UGများ အနေဖြင့် စစ်မိတစ္ဆာ တိူ့၏ ဂျမ်ဘာများကို သတိထားကာ မစ်ရှင်များ ဖော်ဆောင်သွားနိုင်ရန်အတွက်လဲ အသိပေးလိုပါတယ်။ဂျမ်ဘာ ကျော် လွှားနိုင်သောနည်းစနစ်များရရှိပါကလည်း ကာကွယ်ရေးရဲဘော်အချင်းချင်းသို့ မျှဝေ ပေးပါရန်လဲ တောင်းဆိုပါတယ်” ဟု ချောက် ပြောက်ကျားတပ်ဖွဲ့ ဒုခေါင်းဆောင် ဗိုလ်ပေတ က ပြောသည်။

ဒေသအသီးသီးတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် PDF များ၏ ဒရုန်းအသုံးပြု တိုက်ခိုက်မှုများ၊ မိုင်းဆွဲတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်များ အထိနာလျက်ရှိသည်။

ချင်းပြည်နယ်တွင်လည်း လတ်တလော တိုက်ခိုက်နေသည့် ဟားခါးမြို့နယ် တိုက်ပွဲနှင့် ယခင် ကလေးမှ ဟားခါးသို့လာသည့် သံချပ်ကာယာဉ် ၂စီးပါ စစ်ကောင်စီထောက်ပို့ ယာဉ်တန်း တစ်ခုလုံး ထိခိုက်ပျက်စီးသွားစေရန် တိုက်ခိုက်သည့် တိုက်ပွဲများ၌လည်း ချင်းပူးပေါင်းတပ်ဖွဲ့သည် ဒရုန်းအသုံးပြု တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ လက်နက်ခဲယမ်းရိက္ခာလာရောက်ပို့ဆောင်သည့် စစ်ကောင်စီ ရဟတ်ယာဉ်ကိုပင် ချင်းပူးပေါင်းတပ်က ဒရုန်းအသုံးပြုတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်က ဂျမ်ဘာများအသုံးပြုပြီး တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကို တားဆီးရန် ဆောင်ရွက်လာခြင်းနှင့်ပတ်သက်ပြီး ကျော်လွှားနိုင်သည့် နည်းစနစ်များ ရှိ၊မရှိ ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီအားမေးမြန်းရာ ၎င်းတို့ အနေဖြင့် လေ့လာနေဆဲဖြစ်သည်ဟု ဖြေကြားသည်။

ချောက်မြို့ပြပျောက်ကြားရေးတပ်ဖွဲ့ (CGF)၊ ချောက် ပကဖ နှင့် မဟာမိတ်များက ဆိတ်ဖြူမြို့နယ်မှ ချောက်မြို့ကို ဈေးဝယ်လာသည့် စစ်ကောင်စီ ကပစ-၂၁မှ တပ်ကြပ်ကြီး အောင်သူတင့်ကို ဇွန် ၂ ရက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ၎င်းသည် စစ်ကောင်စီ ဗိုလ်ကြီး ရန်နိုင်၏ တပည့်အရင်းဖြစ်ပြီး ၎င်းထံမှ ဘဏ်စာအုပ်များ၊ ချက်လက်မှတ်များ၊ ATMကတ်၊ လျှို့ဝှက်စာများနှင့် ငွေသိန်း ၄၀ ခန့်ကို သိမ်းဆည်းရမိခဲ့သည်ဟု အထက်ပါအဖွဲ့များကထုတ်ပြန်ထားသည်။

​ချောက်မြို့ပြပျောက်ကြားရေးတပ်ဖွဲ့ သည် ယခုစစ်ဆင်​ရေးအပါအဝင် စစ်ဆင်​ရေး​ပေါင်း ၁၄ ခု​ဆောင်ရွက်ခဲ့ပြီးဖြစ်​ကြောင်းအဖွဲ့မှ တာဝန်ရှိသူက​ပြောသည်။