Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဇွန်လ ၁၀ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ကရင်နီပြည်နယ်မှာ စတားလင့် အင်တာနက်စသုံး

ကရင်နီပြည်နယ်မှာ ကမ္ဘာ​ကျော်နည်းပညာသူ​ဌေးကြီး အီလွန်မာ့စ်ရဲ့ စတားလင့်(Starlink)အင်တာနက်ကို စတင်အသုံးပြုနေပြီလို့ စစ်​ဘေး​ရှောင်များကို ကူညီ​ပေး​နေ​တဲ့ Free Burma Ranger (FBR) အဖွဲ့တည်ထောင်သူ David Eubank က ပြောပါတယ်။ Starlink အင်တာနက် ရရှိဖို့ ကူညီဆောင်ရွက်ပေးတဲ့ နည်းပညာသူဌေးကြီး အီလွန်မာစ်နဲ့ ၎င်းရဲ့ ကုမ္ပဏီကို ကျေးဇူးတင်ကြောင်း ပြောဆိုထားပါတယ်။ ကရင်နီဒေသမှာ စတားလင့်ကို အသုံးပြုခွင့်ရတဲ့ အတွက်ကျေးဇူးတင်ပြီး အခုထက်ပိုမို လုပ်ပေးနိုင်ဖို့နဲ့ ဘုရားသခင်ကောင်းချီပေးပါစေလို့ Elon Musk ကို David Eubank က ဆုတောင်းပေးပါတယ်။

▪️သထုံမှာ ပူးပေါင်းတပ်တိုက်ခိုက်မှုကြောင့် အမတ(၄၀၂) အမြောက်တပ်မှ တပ်ရင်းမှူး ဒဏ်ရာရဟု KNLA တပ်မှူးပြော

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် တပ်မဟာ(၁)နယ်မြေအတွင်းရှိ စစ်ကောင်စီရဲ့ အမှတ် (၄၀၂) အမြောက်တပ်မှ စစ်ကောင်စီတပ်ရင်းမှူး ဒဏ်ရာရရှိခဲ့တယ်လို့ နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်မှူးက ဒီနေ့ ပြောပါတယ်။ ဇွန်လ ၇ ရက်က KNLAနဲ့ PDFပူးပေါင်းတပ်ဖွဲ့များက သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ မြေပြင်တပ်ဖွဲ့ဝင်များ၊ ဒရုန်းတပ်ဖွဲ့များပူးပေါင်းတပ်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများ ရှိခဲ့ပြီး ဒဏ်ရာရသူတွေထဲ အမတ(၄၀၂)မှ တပ်ရင်းမှူး ပါဝင်တယ်လို့ ဆိုပါတယ်။ မနေ့ညပိုင်းကလည်း ဝီယော်စခန်းအနီးရှိ လမ်းပိုင်းကို ဖျက်ဆီးခဲ့တယ်လို့ KNLA တပ်မှူးက ပြောပါတယ်။

(ကျိုက်ထိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စိတပ်သားများအား ၂၀၂၂က တွေ့ရစဥ်။ ဓာတ်ပုံ - Thoo Lei News)
(ကျိုက်ထိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စိတပ်သားများအား ၂၀၂၂က တွေ့ရစဥ်။ ဓာတ်ပုံ – Thoo Lei News)

▪️ကျောက်ကြီးမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးပစ်ခတ်လို့ ပြည်သူနှစ်ဦး သေဆုံး

ကျောက်ကြီးမြို့နယ် နတ်သံကွင်းအနီး ကျေးရွာများသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများနဲ့ ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် ပြည်သူနှစ်ဦးလက်နက်ကြီးထိမှန် သေဆုံးခဲ့​ရတယ်လို့ ဒေသခံပြည်သူများကပြောပါတယ်။

(နတ်သံကွင်းမြို့အနီးဝန်းကျင်ရှိ စစ်​ဘေး​ရှောင်ပြည်သူများ။ ဓါတ်ပုံ-KNU)
(နတ်သံကွင်းမြို့အနီးဝန်းကျင်ရှိ စစ်​ဘေး​ရှောင်ပြည်သူများ။ ဓါတ်ပုံ-KNU)

မနေ့ညနေပိုင်းက ကျောက်တံခါးမြို့နယ် အနန်းဘော်အုပ်စုအတွင်းရောက်ရှိနေတဲ့ စစ်ကောင်စီတပ်များက ကျောက်ကြီးမြို့နယ်ဘက်ရှိ နတ်သံကွင်းအနီး ကျေးရွာများသို့ လက်နက်ကြီးများနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့တာပါ။ လက်နက်ကြီးပစ်ခတ်မှုများကြောင့် နတ်သံကွင်းအနီး အုန်းပင်အုပ်စုမှ ဒေသခံပြည်သူတစ်ဦး လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့ရပြီး ဗောဓိကုန်ကျေးရွာဘက်မှ ပြည်သူတစ်ဦးလည်း အသက်ဆုံးရှုံးခဲ့ရကာ ၎င်းတို့နှစ်ဦးရဲ့ ကိုယ်ရေးအချက်အလက်များကို အသေးစိပ် မသိရသေးပါဘူး။

စစ်ကောင်စီတပ်ကို ဒရုန်းအသုံးပြုပြီး တိုက်ခိုက်ဖို့ပြင်ဆင်နေစဉ်(ပုံဟောင်း)
စစ်ကောင်စီတပ်ကို ဒရုန်းအသုံးပြုပြီး တိုက်ခိုက်ဖို့ပြင်ဆင်နေစဉ်(ပုံဟောင်း)

▪️ရှားတောမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို ဒရုန်းစစ်ဆင်ရေးပြုလုပ်

ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို ဒရုန်းစစ်ဆင်ရေးနဲ့ နှစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း-၁၇က ပြောပါတယ်။ မနေ့ မနက်ပိုင်းမှာ KNDF တပ်ရင်း(၁၇)ရဲ့ ဒရုန်းတပ်ဖွဲ့ နဲ့ ဗျူဟာ (၂)ဒရုန်းတပ်ဖွဲ့တို့က အန္တရာယ်ကွေ့ စစ်ကောင်စီစခန်းကို နှစ်ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒရုန်းစစ်ဆင်ရေးများမှာ ပစ်မှတ်တိကျမှုရှိခဲ့ပြီး စစ်ကောင်စီရဲ့ ထိခိုက်သေဆုံးမှုကို အတည်ပြုနေဆဲလို့ အသိပေးပါတယ်။

(ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း - ၁၇မှ ရဲဘော်များအား တိုက်ခိုက်ရန် ပြင်ဆင်နေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - KNDF)
(ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၁၇မှ ရဲဘော်များအား တိုက်ခိုက်ရန် ပြင်ဆင်နေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ – KNDF)

▪️မြင်းမူနယ် တောချောင်းဦးနယ်မြေရဲစခန်းကို မဟာမိတ်များ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ တောချောင်းဦးနယ်မြေရဲစခန်းကို မဟာမိတ်(၁၃)ဖွဲ့ ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီရဲ့ စစ်သားနဲ့ ရဲ ၉ ဦးသေဆုံးတယ်လို့ Youth Revolution AttackForce (YRAF)အဖွဲ့က ပြောပါတယ်။ ဇွန်လ ၆ ရက် နေ့ခင်းက မြင်းမူမြို့နယ်၊ တောချောင်းဦးကျေးရွာ နယ်မြေရဲစခန်းကို ညီနောင်မဟာမိတ် (၁၃)ဖွဲ့က ဝေဟင်၊ မြေပြင်ပူးပေါင်းကာ ဒရုန်းဗုံးသီးများ၊ လက်နက်ငယ်၊ လက်နက်ကြီးများအသုံးပြုကာ စခန်းသိမ်းတိုက်ပွဲဖော်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ စခန်းအတွင်းရှိ ဘန်ကာ (၉)ခုအနက် (၅)ခု ဖြိုချပြီးနောက် စခန်းကို အပြီးသတ် ဝင်ရောက်သိမ်းပိုက်နိုင်တဲ့အခြေအနေ ရောက်ရှိခဲ့ပေမယ့် တံတားဦးလေတပ်မှ MIG-29 Jet Fighterနဲ့ ဗုံးသုံးလုံး ကြဲချကာ လေကြာင်းတိုက်ခိုက်မှုပြုလုပ်ခဲ့လို့ ရဲဘော်များ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။

▪️ညောင်ပင်ကြီးရဲစခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးခံထားရ​​တဲ့ ဗိုလ်နဂါးရဲ့မိတ်​ဆွေများကိုပါ ကယ်ထုတ်နိုင်ခဲ့

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးကျေးရွာ ညောင်ပင်ကြီးရဲစခန်းသိမ်းတိုက်ပွဲအတွင်း စခန်းမှာ ဖမ်းဆီးခံထားရ​​တဲ့ ဗိုလ်နဂါး​ရဲ့ မိတ်​ဆွေတွေကိုပါ ကယ်တင်နိုင်ခဲ့​တယ်လို့ သိရပါတယ်။ ​ညောင်ပင်ကြီးရဲစခန်း တစ်နာရီ​ကျော်ကြာတိုက်ပွဲအတွင်း စစ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး စခန်းတစ်ခုလုံးကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့ကာ စခန်းတွင်းဖမ်းဆီးခံထားရ​​တဲ့ ဗိုလ်နဂါးရဲ့ မိတ်ဆွေတွေကိုပါ ကယ်ထုတ်နိုင်တယ်လို့ ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး(ULF)က ထုတ်ပြန်ပါတယ်။ ဒ့ါအပြင် အဲဒီစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ G-3 လေးလက်၊ MA -1 တစ်လက်၊ ၇၉ တစ်လက် အပါအဝင် လက်နက် ခဲယမ်းအမြောက်အများသိမ်းဆည်းရရှိတယ်လို့ Buffalo PDF တာဝန်ရှိသူက ပြောပါတယ်။

▪️ရခိုင်ပြည်သူများ သည်းခံဖို့ ၊စည်းလုံးဖို့ AA ခေါင်းဆောင်တိုက်တွန်း

ရခိုင်ဒေသ မုန်တိုင်းသင့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ဆောင်မယ့် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ အားလုံးကို ရခိုင်ပြည်နယ်အတွင်း သွားလာခွင့်၊ ကူညီခွင့် စစ်ကောင်စီက ရပ်ဆိုင်းလိုက်ပြီး​နောက် ရက္ခိုင်တပ်​တော် (AA )ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က လူမှုကွန်ရက်မှတဆင့် သည်းခံကြဖို့၊ စည်းလုံးကြဖို့ တိုက်တွန်းခဲ့ပါတယ်။ မနေ့က ရခိုင်ဘာသာနဲ့ ရေးသားထားတဲ့ AA ခေါင်းဆောင်ရဲ့ စာမှာ ဝှေးစေ့ကို ခြင်ကိုက်ခံရတဲ့ အခြေအနေမှာ အင်အားသုံးပါက ပိုဆိုးမယ်လို့ ဖော်ပြထားပါတယ်။ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး(UNOCHA)က​တော့ ရခိုင်ပြည်နယ်အတွင်း ခရီးသွားလာခွင့်ကို စစ်ကောင်စီက ပိတ်ပင်လိုက်တဲ့အတွက် မုန်တိုင်းဒဏ်သင့်ဒေသများသို့ အကူအညီပေးနိုင်ဖို့ အခြေအနေဆိုးရွားသွားပြီလို့ ပြောပါတယ်။

(AA ​ခေါင်​ဆောင်ဗိုလ်ချုပ်ထွန်းမြတ်နိုင် နှင့် ရခိုင်ပြည်နယ်မှ မုန်တိုင်းသင့် ​ဒေသအချို့ ။ဓါတ်ပုံ-AA၊ UNDP)
(AA ​ခေါင်​ဆောင်ဗိုလ်ချုပ်ထွန်းမြတ်နိုင် နှင့် ရခိုင်ပြည်နယ်မှ မုန်တိုင်းသင့် ​ဒေသအချို့ ။ဓါတ်ပုံ-AA၊ UNDP)