တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့မှ စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့၏ကင်းစခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များကခုခံတိုက်ခိုက်ခြင်းမရှိဘဲ ထွက်ပြေးသွားကြောင်း PDF များကပြောသည်။
စစ်ကောင်စီတပ်နှင့်ပျူစောထီး ပူးပေါင်းတပ်စွဲထားသော သရက်ချောင်းမြို့အထွက်ရှိ ကင်းစခန်းတစ်ခုကို ဇွန်လ ၁၂ရက် နံနက် ၅နာရီခန့်တွင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
” စပစ်ရုံနဲ့တင်ထွက်ပြေးတာ။ ကျွန်တော်တို့လည်း ကျည်မဖြုန်းဘဲ အခြေအနေကို စောင့်ကြည့်နေတုန်း ထွက်ပြေးတာ မြင်ရတာပဲ။ စခန်းကို လွယ်လွယ်လေး သိမ်းလိုက်နိုင်တယ်” ဟု သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကပြောသည်။
![(စစ်တပ်နှင့် ပျူ ပူးပေါင်းစခန်းမှ PDF များသိမ်းဆည်းရရှိသောပစ္စည်းအချို့နှင့်စခန်းကို မီးရှို့စဥ်။ ဓါတ်ပုံ- ဒေါင်းမင်းစစ်ဆင်ရေး)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/06/354031523_600263658839097_3185409291067936999_n.jpg?resize=280%2C600&ssl=1)
အဆိုပါ စစ်ဆင်ရေးကို ထားဝယ်တောင်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ထားဝယ်နဂါးတပ်ခွဲ(၂)၊ သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့နှင့် ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့တို့ပူးပေါင်းပြုလုပ်ဆောင်ခဲ့ခြင်းဟုသိရသည်။
သရက်ချောင်းမြို့မှ စစ်ကောင်စီနှင့်ပျူစောထီး ပူးပေါင်းတပ်စွဲထားသော ကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က အလွယ်တကူသိမ်းယူနိုင်ခဲ့ခြင်းမှာဟုတ်မှန်ကြောင်းတနင်္သာရီစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၊စစ်ဆင်ရေးတာဝန်ခံက People’s Spring သို့ အတည်ပြုသည်။
စစ်ကောင်စီကင်းစခန်းကိုမီးရှို့ဖျက်ဆီးခဲ့ပြီး စကားပြောစက် နှစ်လုံးနှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ကိုလည်း သိမ်းယူဆည်းရရှိခဲ့သည်ဟု သိရသည်။
ယခုအခါ သရက်ချောင်းမြို့နယ်အတွင်း စစ်ရေးတင်းမာနေပြီး ပြည်သူများ စစ်ရေးသတိရှိရန်နှင့်နံနက် ၆နာရီမှည ၉နာရီအတွင်းသာ ခရီးသွားလာကြရန် သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ငတိပေးထားသည်။
![](https://i1.wp.com/ludunwayoo.com/wp-content/uploads/2021/08/banner-logo1-50px.png)