Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကန့်ဘလူနယ်တွင် ဇွန်လဝက်အတွင်း စစ်ရှောင်ပြည်သူခြောက်ဦး မြွေဆိုးကိုက်ခံရ

ဇွန်လ ၁၄ ရက်နှင့် ၁၅ရက်များက ကိုးတောင်ဘို့တိုက်နယ်အတွင်းရှိ ကျေးရွာနှစ်ရွာမှ စစ်ဘေးရှောင် အသက်(၅၅)နှစ်နှင့်(၃၁)နှစ်အရွယ် အမျိုးသမီးနှစ်ဦး မြွေကိုက်ခံရသည်။

(မြွေကိုက်ခံရသည့် အမျိုးသမီးနှစ်ဦးအား ဆေးဝါးကုသမှုပေးနေစဥ်။ ဓာတ်ပုံ-ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်)
(မြွေကိုက်ခံရသည့် အမျိုးသမီးနှစ်ဦးအား ဆေးဝါးကုသမှုပေးနေစဥ်။ ဓာတ်ပုံ-ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်)

▪️မိုးတွင်းကာလရောက်လာ၍ မြွေဆိုးအန္တရာယ် ပိုမိုကြုံတွေ့နေရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ဇွန်လ ဝက် အတွင်း စစ်ရှောင်ပြည်သူ ခြောက်ဦး မြွေဆိုးကိုက်ခံရပြီး မိုးတွင်းကာလရောက်လာ၍ မြွေဆိုးအန္တရာယ် ပိုမိုကြုံတွေ့လာရကြောင်း ကျွန်းလှ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ပြောသည်။

ဇွန်လ ၁၄ ရက်နှင့် ၁၅ရက်များက ကိုးတောင်ဘို့တိုက်နယ်အတွင်းရှိ ကျေးရွာနှစ်ရွာမှ စစ်ဘေးရှောင် အသက်(၅၅)နှစ်နှင့်(၃၁)နှစ်အရွယ် အမျိုးသမီးနှစ်ဦး မြွေကိုက်ခံရသည်။

နှစ်ဦးလုံးအား မြန်မာမြွေဆိပ်ဖြေဆေး( BPI) ထိုးပေးထားရပြီး ကုသမှုခံယူနေဆဲဖြစ်ကြောင်းမြေပြင်ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် အဖွဲ့များက ပြောသည်။

ဇွန်လဆန်းမှ ၁၅ ရက်အထိ ကန့်ဘလူမြို့နယ်တွင် မြွေကိုက်လူနာ ခြောက်ဦးထိရှိပြီးအချိန်မီ ဆေးကုသမှုခံယူနိုင်ခဲ့၍ အသက်အန္တရာယ် မစိုးရိမ်ရတော့ကြောင်း ကျွန်းလှ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

မိုးတွင်းကာလဖြစ်၍ မြွေဆိုးအန္တရာယ် ပိုမိုကြုံလာရပြီး စစ်‌ရှောင်များ အခက်အခဲများ ကြုံတွေ့နေကြောင်း အထက်ပါအဖွဲ့က ဆိုသည်။

“တချို့က ကျွန်တော်တို့ကတဆင့် စစ်ရှောင်လူထုကို တောစီးဖိနပ်စီးဖို့ တိုက်တွန်းကြပါတယ်။ တကယ့်လက်‌တွေ့ဘဝမှာက ကိုယ့်အိမ်ကိုယ့်ယာတွေကိုစွန့်ပစ်ပြီး အဝတ်နှစ်စုံသုံးစုံနဲ့ တောထဲတဲထိုးပြီး စစ်ရှောင်နေရတဲ့ပြည်သူတွေ၊အဲ့လိုနေတာတောင် အစိုးမရဘူး။ စစ်ကြောင်းထိုးလာပြန်ပြီဆိုရင် အဲ့ဒီယာယီတဲလေးတွေ စွန့်ပြီး ထပ်ပြေးကြရတဲ့ဘဝတွေပါ။ ဒီကြားထဲ မိအို၊ ဖအိုနဲ့ ကလေးသူငယ်တွေပါတဲ့ မိသားစုတွေ ပိုဒုက္ခကြုံကြရပါတယ်။”ကျွန်းလှ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့၏ တာဝန်ခံတစ်ဦးက ပြောသည်။

ကန့်ဘလူခရိုင်အတွင်း စစ်ရှောင်ပြည်သူများ မြွေဆိုးကိုက်ခံရမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး ၂၀၂၁ နှစ်ကုန်ပိုင်းမှ ၂၀၂၃ဇွန်လဒုတိယပတ်အထိ မြွေဆိုးကိုက်ခံရသူ ၇၁ဦးအထိ ရှိသည်။

မြွေဆိုးကိုက်ခံရသူများအနက် အသက်မပြည့် သေးသည့် ကလေးငယ်နှစ်ဦးအပါအဝင် ခြောက်ဦးမှာမူ အသက်ဆုံးရှုံးခဲ့ရကြောင်း ကျန်းမာရေးဝန်ထမ်းများ စုဆောင်းထားသော အချက်အလက်များအရ သိရသည်။

ဇွန်လ ဒုတိယပတ်အတွင်း ကျွန်းလှနှင့် ကန့်ဘလူနယ်တွင် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေ၍ ကျေးရွာ ၁၃ရွာခန့် ထွက်ပြေးတိမ်းရှောင်နေရသည်။