စစ်ကောင်စီက သူတို့ကိုယ်တိုင်ပဲ ပစ်သေးတယ်။ အဲ့ဒါကို သူတို့ပစ်တာမဟုတ်ဘူး။ တော်လှန်ရေးအဖွဲ့တွေ လာပစ်တယ်ဆိုပြီး ဝါဒလိုက်ဖြန့်နေတယ်” – ဒေသခံ
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်ရဲစခန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်၍ သိမ်ဇရပ်မြို့ ရွာလေးကွက်သစ်မှ အမျိုးသမီးတစ်ဦး ထိမှန် သေဆုံးပြီး လေးဦးဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က သတင်းထုတ်ပြန်သည်။
KNU တပ်မဟာ(၁)နယ်မြေဖြစ်သည့် အဆိုပါဒေသသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်း ပစ်ခတ်မှုများ မကြာခဏလုပ်ဆောင်လျက်ရှိရာ ဇွန်လ ၁၆ရက် ညပိုင်းတွင် သိမ်ဇရပ်ရဲစခန်းရှိ စစ်ကောင်စီ လက်ပါးစေများက လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယင်းသို့ ပစ်ခတ်မှုကြောင့် နေအိမ် နှစ်လုံး၏ ခြံဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ အရပ်သားများ ထိခိုက်ခဲ့ခြင်းဖြစ်သည်။
ဒဏ်ရာရသူ လေးဦးတွင် (၅)နှစ်အရွယ်ကလေးငယ်တစ်ဦး မျက်နှာနှင့် တင်ပါးဒဏ်ရာရရှိခဲ့ပြီး ကလေးငယ်၏ မိခင် အသက် (၃၈)နှစ်အရွယ် အမျိုးသမီးတစ်ဦး မျက်နှာနှင့်ဝမ်းဗိုက်ထိမှန်ကာ နေရာတွင် သေဆုံးခဲ့ရသည်ဟု ဆိုသည်။ ထို့ပြင် ကလေးငယ်၏ ဖခင်လည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် ဇနီးမောင်နှံ နှစ်ဦးလည်း လက်နက်ကြီး ကျည်စထိမှန်ဒဏ်ရာရခဲ့သည်။
“ကျွန်တော်တို့ပြည်သူတွေက ကိုယ့်အိမ်မှာကိုယ်နေတာတောင် မလုံခြုံတော့ဘူး စစ်ကောင်စီက သူတို့ ကိုယ်တိုင်ပဲ ပစ်သေးတယ် အဲ့ဒါကိုသူတို့ပစ်တာမဟုတ်ဘူး တော်လှန်ရေး အဖွဲ့တွေလာပစ်တယ်ဆိုပြီး ဝါဒလိုက်ဖြန့်နေတယ် ဒီလိုလုပ်ရပ်က အရမ်းအောက်တန်း ကျတဲ့လုပ်ရပ် ဖြစ်တယ်”ဟု ဒေသခံတစ်ဦး၏ ပြောကြားချက်ကိုလည်း KNUက ထုတ်ပြန်သည်။
သိမ်ဇရပ်ရဲစခန်းအတွင်းမှ ပစ်ခတ်ခဲ့သော (၆၀) မမ ငါးလုံးမှာ လေးလုံးသာ ကျရောက်ပေါက်ကွဲပြီး ကျန်တစ်လုံးမှာ သိမ်ဇရပ် အကွက် (၅)တွင် ကျရောက်ခဲ့ကြောင်း၊ ဇွန်လ ၁၇ရက်နံနက်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်မှ လာရောက် ကောက်ယူခဲ့ကြောင်း ဒေသခံများကို ကိုးကားဖော်ပြသည်။
ယခုဖြစ်စဉ်မှာ အာဏာသိမ်းစစ်ကောင်စီမှ ဝါဒဖြန့်ရန်ရည်ရွယ်ချက်ဖြင့် လူနေထိုင်ရာ ရပ်ကွက်များ၊ ကျေးရွာများ အတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းသာဖြစ်ပြီး တစ်နည်းအားဖြင့် အရပ်သားပြည်သူများကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း KNUက ထုတ်ပြန်သည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျိုက်ထိုမြို့နယ်အတွင်း၌ ထိခိုက်သေဆုံးခဲ့ရသည့် အရပ်သား ၂၀ဦးခန့်ရှိလာကြောင်းလည်း ဖော်ပြထားသည်။